တရုတ်အသုံးပြုသူထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံးနဲ့ နာမည်အကြီးဆုံး အငှားယာဉ် ဝန်ဆောင်မှု App ဖြစ်တဲ့ Didi ကို ဖုန်းထဲကနေ အပြီးတိုင်ဖျက်ပစ်သွားဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက Didi ရဲ့ ခရီးစဉ်မျှစီးဝန်ဆောင်မှုဖြစ်တဲ့ Hitch အသုံးပြုသူ အသက် ၂၀ အရွယ် အမျိုးသမီးဟာ ယာဉ်မောင်းရဲ့ အဓမ္မကျင့်၊ သတ်ဖြတ်မှုခံခဲ့ရအပြီးမှာ တရုတ်အသုံးပြုသူ ထောင်ပေါင်းများစွာဟာ Didi app ကို ဖုန်းထဲ ကနေ ဖျက်ပစ်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ Didi အနေနဲ့လည်း Hitch ဝန်ဆောင်မှုကို လက်ရှိမှာ ရပ်ဆိုင်းထား လိုက်ရပါပြီ။
အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ အမှုမှာ တရားခံဖြစ်သူ ယာဉ်မောင်း Zhong ဟာ ကားနံပါတ်ပြား လဲပြီး အသတ်ခံရသူ အမျိုးသမီးကို တင်ဆောင်သွားခဲ့တာဖြစ်တယ်လို့ South China Morning Post က ဖော်ပြထားပါတယ်။
အသတ်ခံရသူဟာ အခင်း မဖြစ်ပွားခင်မှာ သူမရဲ့ မိတ်ဆွေတဦးထံကို အကူအညီ လှမ်းတောင်းတဲ့ မက်ဆေ့ တစောင် ပို့ခဲ့ပေမယ့်လည်း အန္တရာယ်က ပြေးမလွတ်နိုင်ခဲ့ပါဘူး။ Zhong ကိုတော့ အခင်းဖြစ်ပွားပြီးနောက် ၁၄ နာရီအကြာမှာ ဒေသခံအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် Zhong ဟာ ယခုအမှုမဖြစ်ပွားမီ တရက်အလိုကလည်း အမျိုးသမီးခရီးသည်တယောက်ကို လူပြတ်တဲ့နေရာ ခေါ်သွားပြီး၊ နောက်ကနေ လိုက်ခဲ့မှုကြောင့် အတိုင်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် Didi ဘက်က အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့တာကြောင့် Zhong ဟာ နောက်တရက်မှာ လူသတ်မှု ထပ်မံကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
Didi ကုမ္ပဏီကတော့ ယခုဖြစ်ရပ် ဖြစ်ပွားပြီးမှာ Hitch အထွေထွေမန်နေဂျာနဲ့ အသုံးပြုသူ ဝန်ဆောင်မှုဌာနရဲ့ ဒု-အကြီးအကဲတို့ကို အလုပ်ကနေ ဖြုတ်ခဲ့ပြီး၊ Hitch ကိုလည်း ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အရင်ခရီးသည်ရဲ့ တိုင်ကြားမှုကို အလျင်အမြန် အရေးယူခြင်း မရှိနိုင်ခဲ့တဲ့အပေါ်လည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း Didi ဒရိုင်ဘာတဦးဟာ အသက် ၂၁ နှစ်အရွယ် ခရီးသည် အမျိုးသမီးတဦးကို Henan ပြည်နယ်မှာ အဓမ္မပြုကျင့်၊ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို ခရီးသည် ၂ ဦး သေဆုံးခဲ့ရမှုအပြီးမှာတော့ Didi app ကို တရုတ်နိုင်ငံတွင်းမှာ ဆန့်ကျင် ဝေဖန်မှုတွေ မြင့်တက် လျက်ရှိပါတယ်။ တရုတ်မင်းသမီးဖြစ်သူ Wang Xiaochen ကလည်း သူမရဲ့ Weibo အကောင့်မှာ Didi app ကို ဖုန်းထဲက ဖျက်ပစ်ခဲ့တဲ့ Screenshots တွေကိုတင်ခဲ့ပြီး၊ အဆိုပါပို့စ်ကို like ပြုလုပ်သူပေါင်း ၂၈၅,၀၀၀ နဲ့ comment ပေါင်း ၄၀,၀၀၀ ရရှိခဲ့ပါတယ်။
Wang Xiaochen ရဲ့ ပို့စ်မှာ comment ပေးသူ အများစုဟာ သူတို့လည်း App ကို ဖျက်ပစ်ပြီးကြောင်း screenshot တွေ ပြခဲ့ကြတယ်လို့ သိရပါတယ်။
Ref: Bloomberg, The Verge