တရုတ်နိုင်ငံကနေ ထုတ်လုပ်ထားတဲ့ ဆာဗာစက်တွေမှာ ထောက်လှမ်းရေးပြုလုပ်နိုင်တဲ့ Chips တွေ ပါဝင်လာကြောင်း ဖော်ပြထားမှုကို ပြန်လည်ဖြုတ်ချပေးရန် Tim Cook က Bloomgberg ကို တောင်းဆိုလိုက်ပါတယ်။
” Apple အကြောင်း သူတို့ (Bloomberg) ရဲ့ သတင်းဆောင်းပါးက မှန်ကန်မှုမရှိပါဘူး” လို့ Tim Cook က Buzzfeed နဲ့ ဖုန်းအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
“ကျင့်ဝတ်နဲ့အညီ အဲဒီသတင်းဆောင်ပါးကို ဖြုတ်ချပေးသင့်ပါတယ်” လို့ Tim Cook က တောင်းဆိုခဲ့ပါတယ်။
ယခုလအစောပိုင်းတုန်းက Bloomberg Businessweek ဟာ တရုတ်နိုင်ငံတွင်း ထုတ်လုပ်ခဲ့တဲ့ ဆာဗာစက်တွေမှာ အလွန်သေးငယ်တဲ့ လုံခြုံရေးအန္တရာယ်ရှိ Chips တွေ ပါဝင်လာတယ်ဆိုပြီး သတင်းဆောင်းပါးတခု ဖော်ပြခဲ့ပါတယ်။
Apple အပါအဝင် အမေရိကန်ကုမ္ပဏီ ၃၀ လောက်ဟာ အဆိုပါဆာဗာတွေကို အသုံးပြုခဲ့တာကြောင့် တရုတ်ဘက်က ဒေတာတွေ ရယူနိုင်ခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ Bloomberg က အခိုင်အမာဆိုခဲ့တာဖြစ်ပါတယ်။
Apple ကတော့ Bloomberg ရဲ့ သတင်းဟာ မဟုတ်မမှန်ကြောင်း တရားဝင် ငြင်းဆိုခဲ့ပြီး၊ အမေရိကန်လွှတ်တော်ကို ပေးပိုခဲ့တဲ့ စာတစောင်မှာလည်း ဒီသတင်းဟာ မမှန်ကန်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် Bloomberg ကတော့ အဆိုပါသတင်းဆောင်းပါးကို တွေ့ဆုံမေးမြန်းမှုပေါင်း ၁၀၀ ကျော်နဲ့ တနှစ်ကျော်ကြာ လေ့လာစုံစမ်းမှုတွေ ပြုလုပ်ပြီးမှ ဖော်ပြခဲ့တာဖြစ်ပြီး၊ သေချာခိုင်လုံမှုရှိကြောင်း ယုံကြည်ချက်အပြည့်ရှိတယ်လို့ ပြောကြားထားပါတယ်။
အရင်က Apple အကြောင်း မဟုတ်မမှန်ဖော်ပြမှုတွေ ရှိခဲ့ပြီး၊ အရမ်းလွဲချော်နေတာတွေရှိတာတောင်မှ Apple ဘက်က ပြန်ဖြုတ်ပေးဖို့ တခါမှ ထုတ်ဖော်မပြောခဲ့ဖူးပါဘူး။ Bloomberg ကို သတင်းဖြုတ်ချပေးဖို့ ယခုပြောကြားချက်ကတော့ Tim Cook နဲ့ Apple ကုမ္ပဏီတို့ရဲ့ မလုပ်စဖူးလုပ်ရပ်တခုဖြစ်ပြီး၊ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
“ကုမ္ပဏီကို မြေလှန်ရှာခဲ့တာပါ။ အီးမေးလ်ရှာဖွေမှုတွေ၊ ဒေတာစင်တာမှတ်တမ်းတွေ၊ ဘဏ္ဍာရေးမှတ်တမ်းတွေကနေ ကုန်ပစ္စည်းတင်ပို့မှုမှတ်တမ်းတွေအထိ ရှာဖွေခဲ့တာဖြစ်ပါတယ်။ နည်းပညာစစ်ဆေးရှာဖွေမှုတွေကို အတွင်းကျကျ လုပ်ခဲ့ပေမယ့် အဲဒီလိုဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ဘူးဆိုတဲ့ အဖြေပဲ အမြဲရခဲ့ပါတယ်။ လုံးဝ မဖြစ်ခဲ့ပါဘူး။ မှန်ကန်မှုမရှိတဲ့ သတင်းပါ” လို့ Mr. Cook က Buzzfeed ကို ပြောကြားခဲ့ပါတယ်။
Apple က ငြင်းသလိုပဲ Bloomberg ရဲ့ ဖော်ပြချက်မှ ပါတဲ့ Amazon ကုမ္ပဏီကလည်း လုံးဝမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါ့အပြင် U.S နဲ့ ကမ္ဘာ့အစိုးရ အေဂျင်စီတွေကလည်း မဟုတ်ဘူးလို့ ဆိုထားကြပါတယ်။
Ref: BBC, Buzzfeed