RAV-4 နဲ့ Harrier လို မော်ဒယ်တွေကို တန်ကြေးသင့် ဇိမ်ခံအဖြစ်နဲ့ စီးနင်းနေကြတဲ့ ပြည်တွင်း အနေအထားမှာ နောက်ထပ် မော်ဒယ်သစ် တမျိုးကလည်း ရွေးချယ်နိုင်စရာ ရှိနေပါတယ်။ သူကတော့ မော်ဒယ်နိမ့် အနေနဲ့ ဈေးကွက် အဝင်များတာ မှန်ပေမယ့် ဒီလောက်ကြီး နိမ့်လှတယ်တော့ မဟုတ်ပါဘူး။ တန်ကြေးနည်း Kluger လို မော်ဒယ်ထက်လည်း အပြင်အဆင်၊ အရည်အသွေး သာမယ်၊ မော်ဒယ်လည်းမြင့်မယ်၊ ဈေးတော့ နည်းနည်းပိုမယ်ပေါ့။
ဒါပေမယ့် ဇိမ်ခံ အဖြစ်နဲ့ သုံးနိုင်လောက်အောင် အရည်အသွေး ပြသနိုင်တယ်၊ အရောင် ရွေးချယ်နိုင်မှုလည်းရှိမယ်၊ Kluger တွေရဲ့ အားနည်းချက် တခုဖြစ်တဲ့ တချို့ မော်ဒယ်ခွဲတွေမှာ ဆေးသား အကျမြန်ချင်တဲ့ အားနည်းချက်ကို Vanguard မှာ မတွေ့ရဘူး။ ရုပ်ထွက်က Prado လို ဖန်တီးထားပေမယ့် ကိုယ်ထည် အရွယ်အစားကြောင့် အင်ဂျင်လည်း သေးသွားပြီး စွမ်းဆောင်ရည် သင့်သင့်နဲ့ ဆီစား တော်တော်လေး ချိုသွားတာလည်း တွေ့ရပါတယ်။
အင်ဂျင်ပိုင်းမှာတော့ ၂.၄ လီတာသုံး အင်ဂျင်ကို ထိုင်ထားပါတယ်။ ဒီအင်ဂျင်က မြို့တွင်းသုံးအတွက်ရော ခရီးဝေး မောင်းနှင်မှု အတွက်ပါ အနေတော် ဖြစ်စေပါတယ်။ SUV တစီးအတွက် အကောင်းဆုံး အင်ဂျင် အရွယ်ပါပဲ။ ဒါပေမယ့် ၃.ဝ လီတာသုံးနဲ့ အထက် အင်ဂျင်တပ် မော်ဒယ်တွေရဲ့ စွမ်းဆောင်ရည်လိုမျိုး ခရီးတဆက်တည်း မိုင် ၁၅၀ ကျော် ပုံမှန် မောင်းနှင်နိုင်မှုလောက်ကိုတော့ မမောင်းသင့်ပါဘူး။ ဒါပေမယ့် လူအများစုကလည်း မိုင် ၁၅၀ ကျော် တဆက်တည်း မမောင်းကြဘူးလို့ ထင်ပါတယ်။
မောင်းနှင်သူ ကိုယ်တိုင် အနားယူပြီး မောင်းနှင်ကြတာကြောင့် အင်ဂျင်အရွယ်ကြီးနေလို့ ဆီစားပိုများမှာထက် စာရင် အခုအနေတော် အင်ဂျင်စနစ်က ပိုပြီး သဘောကျစရာပါ။ ဒီအင်ဂျင် အရွယ်က ခရီးတဆက်တည်း မိုင် ၁၂၀ မောင်းနှင်နိုင်မှုကို Air-Con ဖွင့်ပြီး ပုုံမှန်အတိုင်း မောင်းနှင်နိုင်လောက်အောင် ကောင်းပါတယ်။
မောင်းနှင်ပြီး ကီလို နည်းနည်းနဲ့ ရနိုင်တဲ့ တချက်ကလည်း Vanguard ရဲ့ အားသာချက် တစ်ချက်ပါပဲ။ Auto စနစ်က ဂီယာချက် ပြောင်းလဲ မောင်းနှင်ရမှု ငြင်သာတာ တွေ့ရပါတယ်။ နောက်ပြီး Vanguard ကို အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အားကောင်းအောင် ဖန်တီးထားတာ တချက်လည်း တွေ့ရပါတယ်။ ပြည်တွင်းမှာတော့ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၈ စက္ကန့်ကျော်လောက်နဲ့ ရောက်အောင် မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုနှုန်းက တန်းတူ မော်ဒယ်တွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။
Gasoline အင်ဂျင်စနစ် ဖြစ်ပြီး Smart Key နဲ့ ဖန်တီးထားပါတယ်။ အတွင်းခန်းမှာ သားရေ ဦးစားပေး ပုံစံနဲ့ ဖြစ်ပြီး ဇိမ်ခံ အနေနဲ့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ဖက် ထိုင်ခုံတန်းက ပိုပြီး ထိုင်လို့၊ လိုက်ပါလို့ ပိုကောင်းပါတယ်။ TV-DVD လို ဖျော်ဖြေရေး အပိုင်းတွေ ပါရှိပြီး အများစုက Ori တွေပါ။ ဂျပန်စာတွေများတတ်လို့ အသားကျဖို့တော့ နည်းနည်း အချိန်ပေးရပါလိမ့်မယ်။
ဈေးကွက်မှာတော့ ၂၀ဝ၈ ခုနှစ် ဝန်းကျင်ထုတ် Vanguard တွေကို ငွေရောင် အနေအထားနဲ့ ကီလို ၄ သောင်း နီးပါး မောင်းနှင်ပြီးကို သိန်း ၄၈၀ လောက် အခေါ်ရှိပါတယ်။ ဒါပေမယ့် ရန်ကုန်လိုင်စင်ဆိုရင် တန်ကြေးသင့် ဖြစ်လို့ ဈေးမာသွားနိုင်ပြီး နယ်လိုင်စင်ဆိုရင်တော့ သိန်း ၂၀ လောက်ထိအောင် ဈေးဆင်းသွားနိုင်ပါတယ်။
4WD နဲ့ လာပြီး အရောင်ပိုင်းမှာ အဖြူ၊ အနက် မဟုတ်တဲ့ တခြား အရောင်တွေ ဆိုရင် ဈေးက အကျဘက်မှာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ လူကြိုက်များ အရောင်တွေက အဝင်နည်းချင်သလို ရှားချင်ပါတယ်။ အများဆုံးက ငွေရောင်ဖြစ်ပြီး အခြား အရောင်လည်း အနည်းငယ် ဝင်ပါတယ်။ ဒါပေမယ့် နေရောင်ခံမှုနဲ့ အညစ်ခံမှုတွေအရ ငွေရောင်ကလည်း စိတ်ကြိုက်တွေ့စရာပါ။ လိုင်စင် အနေအထားအပေါ် မူတည်ပြီး ဈေးအတက် အကျ ရှိနိုင်ပြီး နယ်လိုင်စင်ကတော့ ဈေးတော်တော်ဟပြီး အကျဘက်မှာ ရှိနေတာပါ။