ကျနော်တို့ရဲ့ကားတွေမှာ တပ်ဆင်အသုံးပြုနေတဲ့ တာယာတွေရဲ့သက်တမ်း ဘယ်လောက်ရှိပါသလဲ။ အချိန်နဲ့ တိုင်းတာမှုလည်း ရှိသလို အသုံးပြုမှုအပေါ်မှာ တိုင်းတာမှုပုံစံ နှစ်မျိုးရှိပါတယ်။
တာယာတလုံးရဲ့အရည်အသွေးကို စစ်ဆေးရာမှာတော့ အဓိကအချက် ၃ ချက်ကို စစ်ဆေးပါတယ်။ ပထမ တာယာပွန်း စားမှုနှုန်း ဘယ်လောက်ထိအောင် ခံနိုင်မယ်၊ ဒုတိယ တာယာကုတ်အား ဘယ်လောက်ထိအောင် စွမ်းနိုင်မယ်ဆိုတာနဲ့ နောက်ဆုံးတချက်က အပူချိန် ခံနိုင်ရည် ဘယ်လောက်ထိအောင် ထိန်းထားပေးနိုင်မယ်ဆိုတာတွေကို စစ်ဆေးပါတယ်။
ပြီးရင်တော့ သတ်မှတ်ချက်တခုနဲ့အတူ ဈေးကွက်ထဲကို ရောက်လာပါတော့တယ်။ အဲဒီလို စစ်ဆေးချက်တွေအရ တာယာသားပေါ်မှာ သတ်မှတ်ချက် စာတန်းတွေ ပါလာပါတယ်။ ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ တာယာအမျိုးအစားကို တပ်ဆင်အသုံးပြု ရမှာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ တာယာတလုံးရဲ့ သက်တမ်းကို အချိန်နဲ့ တွက်မယ်ဆိုရင် ၆ နှစ်အဖြစ် သတ်မှတ်ပါတယ်။ ဒါဟာ တပ်ဆင်အသုံး ပြုနေသည် ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ၆ နှစ်ကျော်သွားပြီဆိုရင်တော့ အသစ်စက်စက် တာယာပဲဖြစ် နေပါစေ၊ ဆက်လက် တပ်ဆင်သုံးစွဲဖို့ မသင့်တော့ပါဘူး။
ဒီတော့ တာယာတလုံးကို ဘယ်လိုပဲဖြစ်ဖြစ် ၆ နှစ် သုံးရမှာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ၆ နှစ်သက်တမ်းဟာ အမြင့်ဆုံး သုံးနှုန်းမယ့် ကာလဆိုတာရယ်၊ အဲဒီကာလထက် ကျော်သွားရင် တာယာအသစ် ဖြစ်သည့်တိုင်အောင် သုံးလို့ မရတော့ပါဘူး။
ဒါဆို လက်ရှိ တပ်ဆင် အသုံးပြုနေတဲ့ တာယာတွေကရော ဘယ်လောက်ကြာ သုံးနိုင်မှာပါလဲ။ ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ အရည်အသွေး၊ မိမိ အသုံးပြုမှုအပေါ် မူတည်ပြီးတော့ သုံးနိုင်မှာပါ။
တာယာ အမြန်ဆုံး ပွင့်ထွက်စေတဲ့ အကြောင်းရင်းက သတ်မှတ်မြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်းကြောင့် မဟုတ်ပါဘူး။ ဝန်တင်ဆောင်မှု ပိုများလို့ပါ။ နောက်ပြီး လေပေါင်ချိန် မမှန်လို့ပါ။
လေပေါင်ချိန် မှန်ဖို့ ခရီးဝေး မောင်းနှင်မှုတိုင်းမှာ မိုင် ၁၀၀ မောင်းနှင်ပြီးတိုင်း စစ်ဆေးသင့်ပါတယ်။ မြို့တွင်းသုံး အိမ်စီး မော်ဒယ်တွေက ၂ ပတ်ကို ၁ ကြိမ် စစ်ဆေးသင့်ပါတယ်။
လေပေါင်ချိန် များနေရင် တာယာ အလယ်ပန်းသား အစားမြန်စေပြီး လေပေါင်ချိန် လျော့နေရင်တော့ ဘေးပန်းသား အစား မြန်ပါတယ်။
တာယာပန်းသား မရှိတော့ရင်တော့ တာယာက ဆက်လက် အသုံးပြုဖို့ မဖြစ်နိုင်တော့သလို မောင်းနှင်နေရင်း ပွင့်ထွက်ဖို့ ဖြစ်နိုင်ခြေ ပိုများစေပါတယ်။