အာဆီယံဒေသတွင်းမှာ အဆင့်မြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီးဖလားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၂၀ ရက် နေ့က စပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ လက်ရွေးစင် အသင်းကြီး တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဆူဇူကီးဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာလည်း ဖြစ်ပါ တယ်။
အိမ်ရှင်အဖြစ် ကျင်းပခွင့် ရခဲ့ပေမယ့် ယခင်ပြိုင်ပွဲများ အတွေ့အကြုံအရ အိမ်ရှင်မြန်မာရဲ့ ဆိုးသွမ်း ပရိတ်သတ်တချို့ ဘောလုံးကွင်းထဲမှာ သောင်းကျန်းမှာ ကိုတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (Myanmar Football Federation – MFF) အနေနဲ့ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်ပူပန်နေပါတယ်။
ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံဟာ၂၀၁၁ ခုနှစ်ကစလို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ပွဲစဉ်တွေမှာ ဆိုးသွမ်း ပရိတ်သတ် တချို့ဟာ ကွင်းထဲကို အရာဝတ္ထုမျိုးစုံနဲ့ ပစ်ပေါက်ခြင်း၊ ကွင်းအတွင်း ဝင်ရောက်ခြင်း၊ ထိုင်ခုံတွေ ချိုးဖဲ့ ဖျက်ဆီးခြင်း စတဲ့ အကြမ်းဖက် သောင်းကျန်းမှုတွေ လုပ်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (Federation of International Football Association – FIFA) နဲ့ အာရှဘောလုံးအဖွဲ့ချုပ် (Asian Football Confederation – AFC) တို့က ငွေဒဏ်တွေ၊ ကွင်းပိတ်ပြစ်ဒဏ်တွေ အကြိမ်ကြိမ် ချမှတ်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်၊ ဇူလိုင် ၂၈ ရက်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ အိုမန်လက်ရွေးစင်အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားခဲ့ရာမှာ အိမ်ရှင်မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနေတဲ့ အချိန်မှာပဲ ပရိတ်သတ်တွေက အရာဝတ္ထုမျိုးစုံနဲ့ ကွင်းထဲကို ပစ်ပေါက်ခဲ့လို့ ဘောလုံးပွဲ ပျက်သွားခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အိုမန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ပေးခဲ့သလို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကိုလည်း ငွေဒဏ်နဲ့အတူ မြန်မာအသင်းကို ကမ္ဘာ့ဖလား အိမ်ကွင်း ကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်တွေပါ ချမှတ်ခဲ့ပါတယ်။
အိမ်ကွင်း အပိတ်ခံရတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ထိုင်းနိုင်ငံက ရာဇမင်္ဂလာ ကွင်းကို ငှားရမ်းပြီးတော့ အိမ်ကွင်း အဖြစ်နဲ့ ပွဲစဉ် ၃ ပွဲ ကန်ခဲ့ရပြီး ခြေစစ်ပွဲ တစ်ပွဲကို ဒေါ်လာ ၁ သိန်းခွဲခန့် (မြန်မာငွေကျပ်သိန်း ၁၈၀၀ ကျော်) လောက် အကုန်အကျခံ ယှဉ်ပြိုင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။
ပွဲစဉ် ၃ ပွဲစာ ဆိုရင် မြန်မာငွေ ကျပ်သိန်း ၅၀၀၀ ကျော် ကုန်ကျခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းမှာ ကွင်းငှားကန်ချိန်မှာ တပွဲစာ အတွက်သုံးရတဲ့ မြန်မာငွေကျပ်သိန်း ၁၈၀၀ ဆိုတာဟာ မြန်မာနေရှင်နယ်လိဂ်က အသင်းငယ် တသင်း အတွက် ၁ နှစ်စာ အသုံးစရိတ်နဲ့ ညီမျှပါတယ်။
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲမှာလည်း အိမ်ရှင် မြန်မာအသင်းက အင်ဒိုနီးရှားကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်က ထွက်ခဲ့ရလို့ မြန်မာ ပရိတ်သတ် တချို့ ကွင်းထဲမှာရော၊ ကွင်းအပြင်မှာပါ သောင်းကျန်းခဲ့ကြတဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် ယူ ၁၉ အာရှဖလား ပြိုင်ပွဲမှာလည်း မြန်မာအသင်းက ယူအေအီးအသင်းကို နိုင်ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ခဲ့လို့ ပရိတ်သတ်တွေ ကွင်းထဲကို ဝင်ရောက် အောင်ပွဲခံတဲ့ အတွက် အာရှဘောလုံး အဖွဲ့ချုပ်က မြန်မာဘောလုံးအဖွဲ့ချုပ်ကို ငွေဒဏ်နဲ့ ပွဲစဉ် ၁ ပွဲ ကွင်းပိတ် ပြစ်ဒဏ် ချမှတ်ခဲ့ပြန်ပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလကရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာယူ ၁၉ အာရှဖလား ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ ခဲ့ရာမှာလည်း မြန်မာနဲ့ ဟောင်ကောင်အသင်း ပွဲစဉ်မှာ ပရိတ်သတ်တစ်ဦး ကွင်းအတွင်း ဝင်ရောက်ခဲ့လို့ အာရှဘောလုံး အဖွဲ့ချုပ်က မြန်မာအသင်းကို ပွဲစဉ် ၁ ပွဲ ပရိတ်သတ်မပါဘဲ ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီ ပြစ်ဒဏ်ကြောင့် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာရှဖလား ခြေစစ်ပွဲ တတိယအဆင့် ကန်ချိန်မှာ မြန်မာ ဘောလုံးအသင်းဟာ ပရိတ်သတ်မပါဘဲ ပွဲစဉ် ၁ ပွဲကို ကွင်းပိတ် ကစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂ နှစ်အတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ အခုလိုမျိုး ပရိတ်သတ် သောင်းကျန်းတာတွေ ထပ်ဖြစ်ခဲ့ရင် လက်ရှိ ချမှတ်ထားတဲ့ ကွင်းပိတ်ပြစ်ဒဏ်ကို ပိုပြီးတိုးမြှင့်သွားမယ်လို့ အာရှဘောလုံး အဖွဲ့ချုပ်က မြန်မာဘောလုံးအဖွဲ့ချုပ်ကို သတိပေးထားပါတယ်။
ဒါကြောင့် မကြာမီ ကျင်းပတော့မယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ အိမ်ရှင် မြန်မာပရိတ်သတ်တွေရဲ့ အပြုအမူဟာ နောင်အနာဂါတ် ကာလမှာ နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး အတွက်ရော၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အတွက်ပါ အလွန် အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
လုံခြုံရေး အစီအမံများ
“အာရှဘောလုံး အဖွဲ့ချုပ်က ကျနော်တို့ကို စောင့်ကြည့်နေပါတယ်။ ၂ နှစ်အတွင်း အိမ်ကွင်းမှာ ပရိတ်သတ် သောင်းကျန်းတာမျိုးတွေ ထပ်ဖြစ်ခဲ့ရင် လက်ရှိ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို တိုးမြှင့်သွားမယ်လို့ သတိပေး ထားပါတယ်။ ဒါကြောင့် ဆူဇူကီးဖလားပြိုင်ပွဲဟာ လုံး၀ အမှားခံလို့ မရပါဘူး။ မြန်မာပရိတ်သတ်တွေ အနေနဲ့ ကွင်းလုံးပြည့် လာရောက် အားပေးဖို့နဲ့ အားပေးရာမှာလည်း ယဉ်ကျေးစွာနဲ့ အကောင်းဆုံး အားပေးဖို့ မေတ္တာရပ်ခံပါတယ်” လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။
ဆူဇူကီးဖလား ပြိုင်ပွဲမှာ ပရိတ်သတ်တွေ ယဉ်ကျေးစွာ အားပေးကြဖို့ အနုပညာရှင်တွေ၊ ပြည်သူချစ်တဲ့ ဘောလုံး သမားတွေ အသုံးပြုပြီး ဘောလုံးအဖွဲ့ချုပ် အနေနဲ့ စည်းရုံးလှုံ့ဆော် နေသလို တဖက်ကလည်း လုံခြုံရေး တင်းကြပ်မှုတွေ လုပ်ဆောင်ထားကြောင်း သိရပါတယ်။
ပြိုင်ပွဲကျင်းပမယ့် နိုဝင်ဘာ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ သုဝဏ္ဏကွင်းမှာ ရဲတပ်ဖွဲ့ အင်အား ၁၅၀၀ နဲ့ ပြင်ပ လုံခြုံရေး အင်အား ၅၀၀ အသုံးပြုသွားမှာ ဖြစ်ပြီး မျှော်မှန်းမရတဲ့ အခြေအနေများ အတွက် လူနာတင်ကား၊ မီးသတ်ကားနဲ့ ရဲအချုပ်ကားတွေ ထားရှိသွားမယ် လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
ဘောလုံးကွင်း ပတ်ပတ်လည်နဲ့ ပွဲကြည့်စင်ပေါ်တွေမှာ CCTV အလုံး ၅၀ တပ်ဆင်ထားပြီး အဲဒီ CCTV တွေက တဆင့် ပရိတ်သတ်ကို စောင့်ကြည့်သွားမှာ ဖြစ်ကာ ကွင်းထဲကို အရာဝတ္ထုများနဲ့ ပစ်ပေါက်တာ၊ ကွင်းထဲက ထိုင်ခုံတွေ ပစ္စည်းတွေ ဖျက်ဆီးတာ၊ လက်မှတ်မှောင်ခို ရောင်းတာတွေ လုပ်ရင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ချက်ချင်းအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပြီး အရင်တုန်းကလို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
ကွင်းအတွင်း မူးယစ်သောက်စားသူတွေ ဝင်မလာစေဖို့ အတွက် ဂိတ်ပေါက်တွေမှာ အရက်မူး၊ မမူးစစ်ဆေးတဲ့ Alcohol Tester များနဲ့ စစ်ဆေးပြီး Alcohol သတ်မှတ်ချက်ထက် ကျော်လွန်နေသူတွေကို ဘောလုံးပွဲကြည့်ခွင့် ပိတ်ပင်သွားမှာ ဖြစ်ကြောင်း၊ ကွင်းထဲကို ထီး၊ မီးခြစ်၊ ရေဗူး၊ ထမင်းချိုင့် အစရှိတဲ့ မာကျောတဲ့ပစ္စည်းတွေကို သယ်ဆောင်ခွင့် ပိတ်ပင်သွားမှာ ဖြစ်ပြီး ကွင်းထဲမှာ ဘင်ခရာတီးမယ် ဆိုရင်လည်း ဘောလုံးအဖွဲ့ချုပ်ကို ကြိုတင် အကြောင်းကြားဖို့ လိုအပ်ပြီး အကြောင်းမကြားထားရင် ဘင်ခရာတွေ ဝင်ခွင့်ပြုမှာ မဟုတ်ကြောင်း ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထား ပါတယ်။
“အဖွဲ့ချုပ်က အခုလို စည်းကမ်း တင်းကြပ်လိုက်တာ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ တချို့ပရိတ်သတ်တွေက မြန်မာအသင်း မနိုင်တာနဲ့ ရမ်းကားတဲ့ ပုံစံတွေ ဖြစ်နေတာက အရမ်းရုပ်ဆိုးလွန်းတယ်။ အဲ့လို ရမ်းကားတဲ့ ပရိတ်သတ် တချို့ကြောင့် ကျနော်တို့လို အမှန်တကယ် အားပေးတဲ့ မြန်မာပရိတ်သတ်တွေလည်း နာမည်ပျက်ရတယ်။ တိုင်းပြည်လည်း သိက္ခာကျတယ်။ အဲတော့ ရမ်းကားတဲ့ လူတွေကို ထိထိရောက်ရောက် အရေးယူတာ အကောင်းဆုံးပဲ” လို့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က ကိုခိုင်စိုးက ပြောပါတယ်။
ဆူဇူကီးဖလားသမိုင်း
ဆူဇူကီးဖလား သမိုင်းကြောင်းကို ပြောရရင်တော့ အာဆီယံ ဘောလုံး အဖွဲ့ချုပ် (ASEAN Football Federation – AFF) က ဦးစီးပြီး ၁၉၉၆ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ စတင် ကျင်းပစဉ်က အဓိက ကမကထပြု ထောက်ပံ့ပေးခဲ့တဲ့ တိုက်ဂါးဘီယာ နာမည်ကို အစွဲပြုလို့ တိုက်ဂါးဖလားနာမည်နဲ့ ၁၉၉၆ ကနေ ၂၀၀၄ ခုနှစ်အထိ ပြုလုပ်ခဲ့ပါတယ်။ နောက်တော့ ၂၀၀၇ ခုနှစ်မှာ အာဆီယံဘောလုံးအဖွဲ့ချုပ် ဖလား နာမည်နဲ့ ကျင်းပခဲ့တာဖြစ်ပြီး၂၀၀၈ ခုနှစ်ကစလို့ ဂျပန်ကားကုမ္ပဏီ ဆူဇူကီးကနေ အဓိကပံ့ပိုးခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇူကီးဖလား နာမည်နဲ့ ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။
ဆူဇူကီးဖလားမှာ အအောင်မြင်ဆုံး အသင်းတွေကတော့ ထိုင်းနဲ့ စင်္ကာပူတို့ ဖြစ်ပြီး ၄ ကြိမ်စီ ဗိုလ်စွဲထားပါတယ်။ အိမ်ရှင် မြန်မာ့ လက်ရွေးစင် အသင်းအနေနဲ့တော့ ၂၀၀၄ ခုနှစ်က စတုတ္ထနေရာရခဲ့ဖူးတာက လွဲရင် ဘာအောင်မြင်မှုမှ မရရှိသေးပါဘူး။
မြန်မာအသင်း ပါဝင်နေတဲ့ အုပ်စု (ခ) မှာ အရှေ့တောင်အာရှရဲ့ ထိပ်သီးအသင်း ဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ ခြေစစ်ပွဲ အောင်မြင်လာတဲ့ ကမ္ဘောဒီယား လက်ရွေးစင်အသင်းတို့ ပါဝင်နေပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာ ၂၀ ရက်မှာ အဖွင့်ပွဲ အဖြစ် ဗီယက်နမ် အသင်း၊ ၂၃ ရက်မှာ ကမ္ဘောဒီယားအသင်းနဲ့ ၂၆ ရက်နေ့မှာတော့ မလေးရှား လက်ရွေးစင်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ် အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ဆူဇူကီးဖလားမှာ အောင်မြင်မှုရစေဖို့ အတွက်ဂျာမနီ၊ နယ်သာလန်နဲ့ ဆိုက်ပရပ် စတဲ့ ဥရောပနိုင်ငံတွေကို ၁ လကြာ စေလွှတ်ပြီး လေ့ကျင့်မှုတွေ လုပ်စေခဲ့သလို အဲဒီနိုင်ငံ တွေက ဥရောပကလပ် အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားပြီး ပြင်ဆင်ထားပါတယ်။ မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီကတော့ မြန်မာအသင်းဟာ အနည်းဆုံး ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်မယ် လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။
“မြန်မာအသင်းက ကစားအား ရှိပါတယ်။ တကယ် စုစုစည်းစည်းနဲ့ ညှစ်ကစားရင် ခြေစွမ်းကောင်းတယ်။ တကိုယ်ကောင်းဆန် ကစားနေကြရင်တော့ အလုပ်မဖြစ်ဘူး ပေါ့။ ပြီးတော့ Finishing (အဆုံးသတ်) ပိုင်း ပြင်ဖို့ လိုနေတယ်။ အဖွင့်ပွဲမှာ ဗီယက်နမ်ကို သရေနဲ့ အနိုင် ကစားထားရင် နောက်ပွဲတွေ အခြေအနေ ကောင်းပါနိုင်တယ်။ ဆီမီးဖိုင်နယ် အထိတော့ တက်ရောက်မယ်လို့ မျှော်လင့် ထားပါတယ်” လို့ မြန်မာ့ဘောလုံးရွှေခေတ် လက်ရွေးစင် ကစားသမားဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။
မြန်မာ့လက်ရွေးစင် အသင်းဟာ ဥရောပမှာ လေ့ကျင့် ပြင်ဆင်ထားတာ၊ နည်းပြဖြစ်သူ ဂျာမနီလူမျိုး ဂတ်ဆီဇီကလည်း မြန်မာလူငယ် ယူ ၁၉ အသင်းကို ကမ္ဘာ့ဖလားကို ပို့ဆောင်ပေးထားသူ ဖြစ်တဲ့ အတွက် မြန်မာပရိတ်သတ်တွေ အနေနဲ့ အသင်းအပေါ် မျှော်လင့်ထားကြပေမယ့် ဥရောပခရီးစဉ်က ပြန်ရောက်ပြီး နောက်ပိုင်း ခြေစမ်းကစားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ပွဲမှာ ဂိုးမရှိသရေ၊ အိုမန်အသင်းနဲ့ပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ မြန်မာအသင်းက ရှုံးနိမ့်ထားလို့ ပရိတ်သတ်မျှော်လင့်သလောက် မြန်မာ့ လက်ရွေးစင်အသင်းက စွမ်းဆောင် မပြနိုင်သေးဘူး ဖြစ်နေပါတယ်။
“ခြေစမ်းပွဲတွေမှာ အနိုင် မရပေမယ့် ပြိုင်ပွဲကျရင်တော့ မြန်မာအသင်း ခြေစွမ်းကို အကောင်းဆုံးမြင်ရမယ် လို့ ထင်ပါတယ်။ ကျနော်ကတော့ မြန်မာအသင်းကို ဗိုလ်စွဲစေချင်တာ အမှန်ပဲ။ ဘာလို့ဆိုတော့ မြန်မာ့လက်ရွေးစင် အသင်းကြီးက တကယ့်ပြိုင်ပွဲကြီးတွေမှာ ဆုဖလားနဲ့ ဝေးနေတာ ကြာပြီလေ” လို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် က ကိုလှိုင်ဦးက ပြောပါတယ်။
ဒီနေရာမှာ ဆက်စပ်နေတဲ့ အကြောင်းအရာတခုက မြန်မာပရိတ်သတ်တွေ သောင်းကျန်းခဲ့တဲ့ ပွဲစဉ်တွေ ပြန်ကြည့် လိုက်ရင် မြန်မာအသင်းအပေါ် မျှော်လင့်ချက်ကြီးကြီးထား အားပေးခဲ့ပြီး ဖြစ်မလာတဲ့ အချိန်မှာ ပေါက်ကွဲကြတာတွေ များပါတယ်။ ဆူဇူကီးဖလားမှာလည်း မြန်မာ့လက်ရွေးစင်အသင်းအပေါ် ပရိတ်သတ်တွေ တအားမျှော်လင့်ထားပြီး ကာမှ ဖြစ်မလာလို့ ပေါက်ကွဲပြီး သောင်းကျန်းမှာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အဓိက စိုးရိမ်နေတာ ဖြစ်ပါတယ်။
“ကိုယ့်အသင်း မနိုင်တာနဲ့ ပေါက်ကွဲတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဘယ်သူ မဆို လူသားတွေဖြစ်လို့ အမှား မကင်းကြ ပါဘူး။ ပွဲအတွင်းမှာဆို ဒိုင်တွေ ဆုံးဖြတ်တာ နာခံဖို့ အရေးကြီးပါတယ်။ ကိုယ့်အသင်း မနစ်နာဖို့ အရေးကြီးတယ်။ ဒိုင်ဆုံးဖြတ်တာ မကြိုက်လို့ ကစားသမားက ဖြစ်ဖြစ် ပရိတ်သတ်က ဖြစ်ဖြစ် ကျူးလွန်မိရင် ပွဲပိတ်ခံရ၊ ဒဏ်ငွေဆောင်ရ နဲ့ ကိုယ့်အသင်း နစ်နာပါတယ်။ နိုင်ငံလည်း သိက္ခာကျတယ်လေ။ ဒါကြောင့် ပရိတ်သတ်အနေနဲ့ ယဉ်ယဉ်ကျေးကျေး အားပေးစေချင်ပါတယ်” လို့ မြန်မာ့လက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးက ပြောပါတယ်။
မြန်မာပြည်တွင်းက ဘောလုံးပရိတ်သတ်တွေ အတွက် မြန်မာ ဘောလုံးအသင်းကို အားပေးဖို့ အတွက် စံပြအနေနဲ့ နမူနာယူစရာ တစ်ခုရှိနေ ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းမှာ စင်္ကာပူရောက် မြန်မာတွေဟာ မြန်မာယူ ၂၃ အသင်းကို အကောင်းဆုံး အားပေးခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲမှာ စင်္ကာပူရောက် မြန်မာဘောလုံး ပရိတ်သတ်တွေဟာ မြန်မာအသင်း ခြေစွမ်းပြပြီး အနိုင်ရချိန်မှာလည်း အကောင်းဆုံး အားပေးခဲ့သလို ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေချိန်မှာလည်း စိတ်ဓာတ်မကျဘဲ နိုင်ငံတော် သီချင်းဆိုရင်း အားပေးခဲ့ကြပါတယ်။ ပွဲပြီးလို့ ချန်ပီယံထိုင်း အသင်းဆုယူချိန်မှာ မြန်မာပရိတ်သတ်တွေဟာ လက်ခုပ်တီးလို့ ထိုင်းအသင်းကို ဂုဏ်ပြုခဲ့ပြီး စည်းကမ်းတကျနဲ့ ကိုယ့်အမှိုက် ကိုယ်ကောက်ပြီး အိမ်ပြန်ခဲ့ကြတဲ့ အတွက် အိမ်ရှင် စင်္ကာပူနိုင်ငံက မီဒီယာတွေကပါ မြန်မာပရိတ်သတ်တွေကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
မကြာမီ ကျင်းပတော့မယ့် ဆူဇူကီးပြိုင်ပွဲမှာ စင်္ကာပူရောက် မြန်မာတွေ အားပေးခဲ့တဲ့ ပုံစံနဲ့ အလားသဏ္ဌာန်တူတဲ့ အားပေးမှုမျိုး မြန်မာနိုင်ငံက သုဝဏ္ဏအားကစားကွင်းထဲမှာ ပေါ်ပေါက်ခဲ့မယ် ဆိုရင် ယခင်က ဘောလုံးနဲ့ ပတ်သတ်ရင် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အိမ်ရှင်မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာ ဖြစ်လာမှာ ဖြစ်သလို မြန်မာပရိတ်သတ်တွေ ဆိုးသွမ်းတယ် ဆိုတဲ့ အရိပ်မည်းကြီး အောက်ကနေ ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။
သို့မှသာ အနာဂါတ်ကာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို လက်ခံကျင်းပဖို့ အခွင့်အရေး လည်း ပိုမို လင်းလက်တောက်ပလာမှာ ဖြစ်ပါတယ်။