ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Mister Tourism World 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဥက္ကာမင်းမောင်(ခေါ်) ရဲထူးဝင်းဟာ Winner ဆုအပြင် အခြားသော Title ဆု ၃ ဆုကိုပါ ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
ဥက္ကာမင်းမောင်လို့ မြန်မာပရိသတ်များ သိထားကြတဲ့ Mister ရဲထူးဝင်းက ပြိုင်ပွဲမှာ Winner ဆုအပြင် ရရှိခဲ့တဲ့ အခြားသော Title ဆုတွေကတော့ Social Media Icon ၊ Best In Style & Fashion နဲ့ Best In Tourism Speaker ဆုများပဲဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲသို့ သွားရောက်မယှဉ်ပြိုင်မီ ဥက္ကာမင်းမောင်က “ကျနော် သရုပ်ဆောင်လုပ်ဖူးတာ မှန်ပေမယ့် ဒီလို နိုင်ငံကိုယ်စားပြု မစ္စတာတယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာက ဒါ ပထမဆုံးပါပဲ။ ဒါကြောင့် ကိုယ် မလုပ် နိုင်မှာဆိုးတဲ့အတွက် ဖိစီးမှုတွေ အများကြီးရှိပါတယ်။ ကျနော် ပိုပြီးကြိုးစားပြရမှာပါ”လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
ပြိုင်ပွဲအပြီး Winner ဆုကို ရရှိပြီးတဲ့အချိန်မှာတော့ ဥက္ကာမင်းမောင်က “Mister Tourism World organization ရဲ့ ပေးအပ်မယ့် တာဝန်တွေအရ စပိန်၊ အီတလီ၊ ဥရောပတခွင်၊ ပီရူး၊ အာဂျင်တီးနား၊ တောင်အမေရိက တခွင်၊ ဒူဘိုင်း၊ အာဖရိက၊ အာရှတခွင် Tourism Ambassador အနေနဲ့ ခရီးတွေထွက်ပြီး လူမှုရေးတွေလုပ်ရမယ်.. နောက်နှစ်မှာ ပြိုင်မယ့် နိုင်ငံတွေက ကိုယ်စားပြုရွေးချယ်ပွဲတွေဆီသွားပြီး ဒိုင်လုပ်ပေးရမယ်.. လန်ဒန် က Based ဖြစ်လို့ လန်ဒန် လည်း သွားရမယ်တဲ့.. တာဝန်တွေလည်း တစ်နှစ်ခွဲထမ်းဆောင်ရပါမယ်.. ကျနော့် လက်ရှိ သရုပ်ဆောင်၊ အဆိုတော် အလုပ်လည်း ပေးလုပ်ပါတယ်..ဝင်မစွက်ဖက်ပါဘူးတဲ့.. အချိန်ကိုညှိပြီး သူတို့ ပေးအပ်တဲ့တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရင်ရတယ်တဲ့” လို့ သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဥက္ကာမင်းမောင်ရဲ့ ပြိုင်ပွဲဝင် အမျိုးသားဝတ်စုံ (National Custome) ကို ဒီဇိုင်နာ မျိုးမင်းစိုးက ချုပ်လုပ်ပေးထားတာ ဖြစ်ပြီး ကျောက်ဆည်ဆင်အထိမ်းအမှတ်နဲ့ ဝတ်စုံကို ဝတ်ဆင်ပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဥက္ကာမင်းမောင်က အမျိုးသား Mister ပြိုင်ပွဲတွေထဲမှာ မြန်မာနိုင်ငံအတွက် ၃ ဆုမြောက် Winner ဆုကို ဆွတ်ခူးပေးခဲ့သူဖြစ်ပြီး ရှေ့မှာ Asia New Star Model 2013 Winner ဆုကို ထွန်းကိုကိုနဲ့ Mister Global 2014 Winner ဆုကို မြတ်သူရလွင် (ခ) မာကိုတို့က ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။