နှစ်ပေါင်း ၅၀ ကျော်ပြီးမှ တခါပြန်လည်နိုးထလာတဲ့ အလှမယ်ရေစီးဟာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ပြီး တစထက်တစ အရှိန်မြင့်လာတယ်လို့ ဆိုရပါမယ်။
လက်ရှိအချိန်မှာဆိုရင် ကမ္ဘာ့အကြီးကျယ်ဆုံး အလှမယ်ပြိုင်ပွဲတွေဖြစ်တဲ့ မယ်စကြဝဠာ၊ မယ်ကမ္ဘာ စတဲ့ ပြိုင်ပွဲတွေအထိ နိုင်ငံကိုယ်စားပြု အလှမယ်များစေလွှတ်ယှဉ်ပြိုင်နိုင်ခဲ့ပြီး သိပ်မကြာသေးခင်ကဆိုရင်လည်း Miss Universe 2016 ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထက်ထက်ထွန်းဟာ အကောင်းဆုံး အမျိုးသားဝတ်စုံဆုကိုပါ ဆွတ်ခူးရရှိလာနိုင်ခဲ့ပါပြီ။
ဒီလို ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ကြရာမှာ ဝတ်စုံအမျိုးမျိုး ဝတ်ဆင်ပြီး ယှဉ်ပြိုင် ကြရတာပါ။ မြန်မာ့ယဉ်ကျေးမှုအရ အမြင်တမျိုးဖြစ်စေသော ဘီကီနီလို့ခေါ်တဲ့ ရေကူးဝတ်စုံပြိုင်ပွဲဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
ဘီကီနီဝတ်ဆင်ရခြင်းအပေါ် မော်ဒယ်မိခင်လို့တင်စားခေါ်ဝေါ်နေကြတဲ့ တင်မိုးလွင်နဲ့ အလှမယ်များ ဖြစ်ကြသော Miss Myanmar International 2012 အလှမယ် နန်းခင်ဇေယျာ၊ Miss Myanmar International 2013 အလှမယ် ဂုဏ်ရည်အေးကျော်၊ Miss Myanmar International 2015 အလှမယ် အမရာငြိမ်းတို့ရဲ့ ပြောစကားတွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
မတင်မိုးလွင် (Talents & Models Agency)
ဘီကီနီဝတ်ခြင်းကို နိုင်ငံတကာစင်မြင့်မှာ ဝတ်တာကိုမပြောလိုပေမယ့် ပြည်တွင်းကစင်မြင့်မှာတော့ ယဉ်ကျေးမှုအရ ရော လေးစားမှုအရရော မိသားစုရဲ့နားလည်မှုအရရော ပရိသတ်ရဲ့ရှေ့၊ မိသားစုရဲ့ရှေ့ မဝတ်သင့်ဘူး ဆိုတဲ့ အငြင်း ပွားမှုတွေရှိလာပါတယ်။ ကျမအနေနဲ့လည်း နိုင်ငံတကာစင်မြင့်ထက်မှာတော့ ဝတ်သင့်တယ် ပြည်တွင်းမှာတော့ မဝတ်သင့်ဘူးဆိုတဲ့အတွေးရှိပါတယ်။ ဒါပေမယ့် organizer က ပေးတဲ့တာဝန်တွေကို ထမ်းဆောင်ရတော့ အကောင်းဆုံးဖြစ်စေချင်တဲ့ အချက်တွေကိုတော့ အနီးကပ်အနေနဲ့ သမီးတွေကို ပြောပေးရပါတယ်။ မြန်မာ အမျိုးသမီးအများစုက မိသားစုနဲ့ ပတ်ဝန်းကျင်ကို အလေးထားတဲ့သူတွေဖြစ်တယ်။ အပြောခံရမယ့် ကိစ္စတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ရှားချင်ကြပါတယ်။ ဒါကြောင့် Organization အနေနဲ့ရော ပြိုင်ပွဲတွေလုပ်တဲ့အခါမှာ ဒီအချက်လေးတွေကို စဉ်းစားပြီး ပတ်ဝန်းကျင်ကိုလည်း စဉ်းစားပြီး ရေကူးဝတ်စုံရဲ့ ဒီဇိုင်းလေးကို အဆင်ပြေဆုံးနဲ့ ပြောစရာမရှိအောင် လုပ်ပေးစေချင်ပါတယ်။ မလိုအပ်ဘဲနဲ့ Miss တွေအပေါ် အထင်အမြင်လွဲမှားတာတွေ မဖြစ်စေချင်ပါဘူး။
နန်းခင်ဇေယျာ (Miss Myanmar International 2012)
ညီမသွားပြိုင်တုန်းကဆို ရေကူးဝတ်စုံတွေက ခေတ်မစားသေးပါဘူး။ စူပါမားကတ်တွေမှာရော စင်တာတွေမှာရော ဝယ်လို့တောင်မရသေးပါဘူး။ ရှာရတာတော်တော်လေးအခက်အခဲဖြစ်ခဲ့ပါတယ်။ ဘယ်လိုယူသွားရလဲဆို သူများ ဝတ်ပြီးသားကိုယူသွားခဲ့ရပါတယ်။ အချိန်ကလည်း သိပ်မရတော့ဘူး။ နိုင်ငံခြားလည်း မသွားနိုင်တော့ဘူးဆိုတော့။ အိမ်မှာလည်း မဝတ်ရဲဘူး။ တခါတလေ အတိုလေးဝတ်ရင်တောင် ဘာလို့ဝတ်တာလဲ ဆိုပြီးဆူတယ်။ ဟိုရောက်တော့ မှ ဝတ်ရတယ်။ ဓာတ်ပုံတွေရိုက်ရတယ်။ တခြားနိုင်ငံတွေကတော့ အေးဆေးပါပဲ။ မြန်မာနိုင်ငံမှာတော့ အခုမှ စဝတ်ရမှာဆိုတော့ ပြောစရာတွေဖြစ်မှာဆိုတော့ ကိုယ်ကိုယ်တိုင်တောင် ရေကူးဝတ်စုံ ဝတ်ပြီးတခါမှ မှန်မကြည့်ခဲ့ ဖူးဘူး။ အဲဒီတော့တော်တော်လေးကိုရှက်ပါတယ်။ သူများတွေကကျတော့ ရေကူးဝတ်စုံဝတ်ရင် ဘယ်လို မိတ်ကပ် လိမ်းမလဲပေါ့။ ရေကူးဝတ်စုံ ဝတ်တာက ခန္ဓာကိုယ် ဘယ်လိုကြံ့ခိုင်လဲဆိုတာ တောင့်တင်းနေလဲဆိုတာတွေ Miss တယောက်မှာရှိတဲ့ ကိုယ်ခန္ခာကိုပြတဲ့ ဝတ်စုံပါ။ နိုင်ငံတကာမှာ အဲ့ဒီလို ဝတ်စုံမဝတ်ရင် ခန္ဓာကိုယ်ကို ပြလို့မရဘူး။ ကြံ့ခိုင်မှုကို ပြချင်လို့ဝတ်တာဖြစ်တယ်။ တချို့လူတွေက ဒါ ဝတ်တာကို မကောင်းပြောချင်ကြတယ်။
ဂုဏ်ရည်အေးကျော် (Miss Myanmar International 2013)
ညီမတုန်းကတော့ပျော်ပါတယ်။ ရေကူးဝတ်စုံ ဝတ်နိုင်ဖို့ လေ့ကျင့်လာခဲ့တာဆိုတော့ ဝတ်ရတော့ပျော်ပါတယ်။ ပြိုင်ပွဲဝင်တော့မှ ဒီဝတ်စုံကို ဝတ်ဖူးတာပါ။ ပထမဆုံးရေကူးဝတ်စုံဝတ်ခိုင်းတာက ကိုယ့်အသားအရေကို ဘယ်လို ထိန်းသိမ်းထားလဲ ဆိုတာကိုကြည့်တာပေ့ါ။ အဲဒါကိုတော့ ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်မှုပေါ့။ ခန္ဓာကိုယ်က ကြွက်သားတွေကျစ်လျစ်ဖို့ဆိုတာ တော်ရုံစိတ်ဓာတ်ခိုင်မာမှုနဲ့ မရပါဘူး။ စားချင်တာတွေကို မစားရဘူး။ ရှောင်ခဲ့ရတယ်။ စိန်ခေါ်မှုမျိုးစုံကို ကျော်ဖြတ်ပြီးမှ ရေကူးဝတ်စုံကိုဝတ်ခဲ့ရတာ။ စင်မြင့်ထက်မှာ ချပြခဲ့ရတာ။ လိုအပ်ချက်တခုအနေနဲ့ ထုတ်ပြတဲ့အပေါ်မှာ အကောင်းမြင်မြင် အဆိုးမြင်မြင် လုပ်စရာရှိတာကို လုပ်တယ်လို့ မြင်ပါတယ်။ ဝေဖန်မှုတွေ ပြောဆိုမှုတွေတော့ ရှိခဲ့မှာပါပဲ။
အမရာငြိမ်း(Miss Myanmar International 2015)
အမရာကတော့ ရေကူးဝတ်စုံကို စဝတ်ဖူးတာကတော့ 2013 Miss Universe Myanmar မှာ ပထမဆုံး swim suit အပြတ်လေးတွေ ဝတ်ပြီး စင်ပေါ်ကိုတက်ရတာပါ။ အခုချိန်ထိ အဲ့ဒီခံစားချက်ကို မှတ်မိပါတယ်။ အရမ်းကိုရှက်ပါတယ်။ အဲဒီတုန်းက အခုလောက် အဆင်ပြေတဲ့ အချိုးအစားမဟုတ်ဘူး။ ပြည့်တယ်။ ဒီဝတ်စုံကိုရင်းနှီးတာက Miss Myanmar ပြိုင်ပွဲဝင်တော့မှပါ။ အဲဒီတုန်းကဆို နေရထိုင်ရခက်တယ်။ ဝိတ်ချထားတဲ့အချိန်ဖြစ်တော့ ယုံကြည်ချက် နည်းတယ်။ အခုချိန်ထိလည်း ရေကူးဝတ်စုံနဲ့ ဓာတ်ပုံပြန်မရိုက်ရဲသလို ရေလဲမကူးရဲပါဘူး။