အဆိုတော် မြန်မာပြည်သိန်းတန်က ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Paolo ဆေးရုံတွင် နေလောင်ခြင်းကြောင့်ဖြစ်တဲ့ မျက်နှာပေါ်ရှိ အမဲစက်များကို လေဆာဖြင့် ဖျောက်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဘန်ကောက်ကို သွားတာက ကျန်းမာရေးအတွက် သွားတာလည်းမဟုတ်ဘူး။ ဆာဂျရီ သွားလုပ်တာလည်း မဟုတ်ပါဘူး။ နေလောင်လို့ဖြစ်တဲ့ အမဲစက်လေးတွေကို လေဆာနဲ့သွားဖျောက်တာပါ။ မဲ့ခြောက်တွေကို သွားဖျောက်တာပါ။ အသွားအပြန် ၃ ရက်ပါ။ Paolo ဆေးရုံမှာလုပ်တာပါ” လို့ ပြောပါတယ်။
မြန်မာပြည်သိန်းတန်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဇနီးဖြစ်သူက ဆရာဝန်တယောက်ဖြစ်တဲ့အတွက် ပုံမှန်ဂရုစိုက်ပေးလျက်ရှိပြီး ရောဂါအထွေအထူးမရှိပါဘူးလို့ မြန်မာပြည်သိန်းတန်ရဲ့ ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းက ပြောပါတယ်။
ထိုင်းနိုင်ငံကို မေလ ၂၆ ရက်နေ့က သွားရောက်ခဲ့တာလို့လည်း သိရပါတယ်။
လက်ရှိမှာ သူ့ရဲ့အနုပညာလှုပ်ရှားမှုအနေနဲ့ “အန်ကယ်ကတော့ နိုးပါ၊ မအားသေးဘူး” အမည်ရှိ တေးသီချင်း ၁၀ ပုဒ်ပါတဲ့ တကိုယ်တော်တေးစီးရီးကို မေလ ၁၀ ရက်နေ့က ထွက်ရှိထားပြီး လတ်တလောတွင် ကြောငြာရိုက်ကူးမှုများ၊ အင်တာဗျူးနဲ့ သီချင်းဆိုခြင်းများအတွက် ခရီးတွေ ဆက်တိုက်သွားနေရတယ်လို့ သိရပါတယ်။
မြန်မာပြည်သိန်းတန်က Myanmar Idol သီချင်းဆိုပြိုင်ပွဲတွင် သူပြောလေ့ရှိတဲ့ “အန်ကယ်ကတော့ နိုးပါ “ဆိုတဲ့ စကားတခွန်းက လူတိုင်းပါးစပ်ဖျားတွင် ပြောစမှတ်ဖြစ်သွားခဲ့ပြီး နောက်ထပ်ပြိုင်ပွဲများမှာလည်း ဒိုင်အဖြစ်ဆက်လက် ဆောင်ရွက်ပေးဖို့ရန် ကမ်းလှမ်းထားသော်လည်း မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။
သူ့ရဲ့ပရိသတ်ကိုလည်း မြန်မာပြည်သိန်းတန်က “အခုတလောကလည်း ရာသီဥတုကလည်း မိုးတွင်းကို ဝင်လာပြီဆိုတော့ တုပ်ကွေးတို့ တခြားရောဂါတွေ နေထိုင်မကောင်းတာတွေ ဖြစ်တတ်တယ်။ ပရိသတ်ကြီးကလည်း သတိထားနေထိုင်ဖို့ မိမိကျန်းမာရေးအတွက် သွားသတိ၊ စားသတိ၊ လာသတိ သတိမျိုးစုံထားပြီးတော့ နေထိုင်ကြပါလို့ပြောလိုပါတယ်။ အန်ကယ်ကို စတီရီယို တေးလောကကြီးစကတည်းက အခုချိန်ထိ အန်ကယ်တို့ရဲ့ အနုပညာကြိုးစာမှု၊ လှုပ်ရှားမှုကို စောင့်ရှောက်ချီးမြှင့်အားပေးတယ်။ လိုအပ်တာတွေကို ကူညီတယ်။ လိုအပ်တာ တွေကို မေတ္တာနဲ့ ကူညီစောင့်ရှောက်ပေးတဲ့ တေးချစ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ” လို့ စကားလက်ဆောင်ပါးလိုက်ပါတယ်။