Lifestyle

“Hotel Transylvania 3” ကာတွန်းရုပ်ရှင်အတွက် ဆယ်လီနာ ပြင်ဆင်နေ

ဆယ်လီနာဂိုးမက်ဇ် (Selena Gomez)ဟာ အဆိုဂီတပိုင်းတခုထဲမှာတင် အောင်မြင်တာမဟုတ်ပါဘူး။ သရုပ်ဆောင်ပိုင်းနဲ့ ထုတ်လုပ်သူအပိုင်းမှာပါ အတော်လေးကြိုးစားသူတယောက်ပါ။

မကြာသေးမီက သူမကိုယ်တိုင်ထုတ်လုပ်သူအနေနဲ့ ထွက်ရှိခဲ့တဲ့ “13 Reasons Why” အမည်ရ ဇာတ်လမ်းတွဲနဲ့ သူမကိုယ်တိုင် သီဆိုထားတဲ့ “Bad Liars” အမည်ရသီချင်းတွေဟာ သူမရဲ့ ကြိုးစားမူတွေကြောင့်ဆို မမှားပါဘူး။ သတင်းများအရ သူမကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ အဆိုပါ “13 Reasons Why” ဇာတ်လမ်းတွဲဟာလည်း နောက်ဆက်တွဲအနေနဲ့ ထပ်မံရိုက်ကူးနေပြီလို့လည်း သိရပါတယ်။

အခုလည်း သူမ တချိန်က ပါဝင်ခဲ့ပြီး အသံသရုပ်ဆောင်လုပ်ခဲ့တဲ့ “Hotel Transylvania” ကာတွန်းရုပ်ရှင်ဇာတ်ကားကို တတိယမြောက်ဇာတ်ကားအဖြစ် အသက်သွင်းဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါ ရုပ်ရှင်ကားမှာလည်း ဆယ်လီနာဟာ “Mavis” ဆိုတဲ့ ဇာတ်ကောင်နေရာမှပါဝင်ပြီး အသံသရုပ်ဆောင်မှာပါ။

အဆိုပါ ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ဆယ်လီနာဟာ သူမရဲ့ဆိုရှယ်စာမျက်နှာတခုဖြစ်တဲ့ အင်စတာဂရမ်မှ တဆင့် သူမကိုချစ်တဲ့ ပရိသတ်တွေကို သူမအလုပ်တွေများနေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဝေမျှခဲ့တာပါ။

သရုပ်ဆောင် အဆိုတော် ဆယ်လီနာဂိုးမက်ဇ်

ပုံမှာမြင်တွေ့နေရတဲ့အတိုင်း ဆယ်လီနာဟာ စတူဒီယိုခန်းမတခုမှာ သူမပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ပုံတူပန်းချီကားနဲ့အတူတွဲဖက်ပြီး ဓာတ်ပုံရိုက်ကူးထားတာပါ။

ဒီ ရုပ်ရှင်ကားလေးဟာ သူမပထမဆုံးအသံသွင်းခဲ့တဲ့ ၂၀၁၂ ဆိုတဲ့ အချိန်ကနေ အခုဆိုရင် ၅ နှစ်တိုင်ခဲ့ပါပြီ။ ဒီ ရုပ်ရှင်ကားဖြစ်မြောက်ရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့အဖွဲ့သားတွေကိုလည်း သူမရဲ့ မိသားစုတွေလို ခံစားရကြောင်း၊ သူတို့တွေနဲ့အတူကြီးပြင်းလာကြောင်း၊ သူတို့နဲ့အတူတကွ ပြန်လည်ပြီးဆုံတွေ့ချင်ကြောင်းလို့ ပရိသတ်တွေကို ရင်ဖွင့်ခဲ့ပါသေးတယ်။

အဆိုပါကာတွန်းရုပ်ရှင်ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာမှာစတင်ရုံတင်ပြသခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ “Hotel Transylvania” နဲ့ “Hotel Transylvania 2” ဆိုပြီး ၂ ပိုင်း ထွက်ရှိထားတာပါ။

စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆၀ မီလျံ အကုန်အကျခံ ရိုက်ကူးထားတာဖြစ်တဲ့ အဆိုပါဇာတ်ကား ၂ ခုမှ အမြတ်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၈၀၀ မီလျံကျော် ထိအောင် ပြန်လည်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

လူသားများလာရောက်ခြင်းကို ကန့်သတ်ထားပြီး မကောင်းဆိုးဝါးသတ္တဝါများသာ လာရောက်တည်းခို နေထိုင်လို့ရတဲ့ ဟိုတယ်အကြောင်းကို ဟာသနှောပြီး ဇာတ်အိမ်ဖွဲ့ ရိုက်ကူးမယ့် “Hotel Transylvania 3” ကာတွန်းရုပ်ရှင်မှာ ဆယ်လီနာ ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်တဲ့အကြောင်း ဆယ်လီနာကိုချစ်တဲ့ ပရိသတ်များအတွက် ဖော်ပြလိုက်ပါတယ်။

 

Ref:teenvogue

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

 

Loading