ရှမ်းရိုးမတောင်တန်းတွေကြားက သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ နမ့်ငိုရေတံခွန်ဟာ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စုအတွင်းမှာ တည်ရှိတဲ့ ရေတံခွန်ဖြစ်ပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်ထဲက လူသိများတဲ့ ပိတ်ချင်းမြောင်ရေတံခွန်ကနေ ၁၀ မိုင်ခန့်အကွာမှာ တည်ရှိပြီး ရှမ်းပြည်မြောက်ပိုင်းဆိုပေမယ့် ပြင်ဦးလွင်ကနေလာရင် ပိုနီးပါတယ်။

ပိတ်ချင်းမြောင်ရေတံခွန်ရှိတဲ့ ဝက်ဝံရွာကနေ မန္တလေး- လားရှိုးလမ်းအတိုင်း ၆ မိုင်ခန့်အကွာမှာရှိတဲ့ ဘန့်ဘွေးရွာကနေ တဆင့် ရှမ်းရိုးမတောင်တန်းကြီးတွေဆီ ၃ မိုင်ကျော်လောက် အတွင်းကို ဝင်ရပါတယ်။ ဆင်းရွှေလီ (ငွေရည်ပုလဲ) သကြားစက် တည်ထားပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် အနီးအနားရှိကျေးရွာများမှ ဒေသခံများသိရှိလာပြီး ဒေသအတွင်း နေထိုင်ကြသူအများစုသာ သွားရောက်လည်ပတ်စရာနေရာတခု အဖြစ်သာ အသုံးပြုနေကြတာပါ။
ဘန့်ဘွေးရွာကနေ ရှမ်းရိုးမတောင်တန်းကြီးတွေဆီ ဦးတည်ပြီး ဖောက်ထားတဲ့ ကတ္တရာလမ်းအတိုင်း ၃ မိုင်လောက် မောင်းနှင်လာပြီးရင် ဆင်းရွှေလီ(ငွေရည်ပုလဲ) သကြားစက်ကို မြင်တွေ့ရပါလိမ့်မယ်။ နမ့်ငိုရေတံခွန်ဟာ အဲဒီသကြားစက်နဲ့ ရှမ်းရိုးမတောင်တန်းကြားမှာ တည်ရှိတာဖြစ်ပြီး သကြားစက်ကျော်ရင်တော့ ကတ္တရာလမ်းဆုံးသွားပါပြီ။

ရေတံခွန်နဲ့ သကြားစက်ကြားမှာတော့ ဗြုံးကျောက်ကြမ်းများခင်းထားတဲ့ တမိုင်ခန့်ရှိတဲ့လမ်းအတိုင်း ခရီးနှင်လိုက်ရင် ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ တည်ဆောက်ထားတဲ့ ရေလှောင်ကန်နဲ့ သံပိုက်လုံးတွေရှိတဲ့နေရာကနေ စတင်ပြီး ခြေလျင်ခရီးနှင်ရပါတယ်။
ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တည်ဆောက်ထားတဲ့ သံပိုက်လိုင်းကြီးအတိုင်း မိုင်ဝက်ခန့်ဆင်းသွားပြီးရင်တော့ ရေတံခွန်က ကြားရတဲ့ရေစီးသံတွေနဲ့ ရှမ်းရိုးမတောင်တန်းကြီးရဲ့အလှကို တမျှော်တခေါ် ခံစားရမှာဖြစ်ပါတယ်။ နမ့်ငိုရေတံခွန်ဟာ တောင်အဆင့်ဆင့်ကနေ ကျဆင်းလာတာဖြစ်လို့ ရေတံခွန်သွားရာ တောင်ဆင်းလမ်းတလျှောက် ရေတံခွန်တွေကို မြင်တွေ့ရမှာပါ။ ရေတံခွန်ရဲ့ အောက်ဆုံးအဆင့်မှာတော့ ချောင်းကိုဖြတ်ကူးလို့ရတဲ့ ကြိုးတံတားငယ်လေးတခုရှိပြီး လာရောက်လည်ပတ်သူတွေ ရေကူး၊ ဓာတ်ပုံရိုက်ပြီး အနားယူကြပါတယ်။

နမ့်ငိုရေတံခွန်ဟာ အနီးစခန်း ဓာတ်တော်ချိုင့်ရေတံခွန်လိုပဲ တောင်အောက်ကိုဆင်းပြီးမှ မြင်တွေ့ရမယ့် ရေတံခွန်မျိုးပါ။ ဓာတ်တော်ချိုင့်ရေတံခွန်နဲ့ ကွာခြားချက်ကတော့ ရေတံခွန်ကိုဆင်းတဲ့လမ်းတလျှောက်မှာ စတင် ဆင်းလျှောက်ကတည်းက တောင်တန်းတွေကြား အဆင့်ဆင့်ကျလာတဲ့ ရေတံခွန်တွေရဲ့ အလှအပတွေ ခံစားရမှာဖြစ်ပါတယ်။ တောင်ဆင်းလမ်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ မတ်စောက်တာကြောင့် အတက်အဆင်းမှာ အနည်းငယ်ပင်ပန်းနိုင်ပေမယ့် ဗြုံးအုတ်တွေနဲ့ လှေကားထစ်လုပ်ထားပေးလို့ အန္တရာယ်တော့ မရှိပါဘူး။
လွယ်လွယ်ကူကူမြင်တွေ့နိုင်တဲ့ ရေတံခွန်မျိုး မဟုတ်တော့ သွားရောက်လည်ပတ်သူ နည်းပါးတာကို တွေ့ရပါတယ်။ သွားရောက်လည်ပတ်လိုသူတွေအနေနဲ့ ရေတံခွန်အနီးတဝိုက် ဈေးဆိုင်တွေမရှိတာကြောင့် မိမိတို့ ရိက္ခာကို ကြိုတင်စီစဉ်သွားဖို့ လိုအပ်သလို Off Road ကား မဟုတ်ရင်တော့ ရေတံခွန်တောင်ထိပ်အထိ ကားကိုယူမသွားပဲ သကြားစက်အကျော်မှာ ကားထားခဲ့ဖို့ လိုအပ်မှာပါ။
သဘာဝဆန်တဲ့ နေရာတွေကို အပန်းဖြေခရီးထွက်ချင်တဲ့သူတွေအတွက် အဆင်ပြေပြီး စိတ်ကြည်နူးမှုကို အပြည့်အဝရစေမယ့် နေရာတခုကို လည်ပတ်ချင်တယ်ဆိုရင်တော့ နမ့်ငိုရေတံခွန်က ရွေးချယ်သင့်တဲ့နေရာ တခု ဖြစ်နေမှာပါ။