ဒါရိုက်တာမိုက်တီးအမှု မစစ်ဆေးဖြစ်သေးဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆို
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို ယနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ တာမွေမြို့နယ်တရားရုံးတွင် ၁၃ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုရဲမှူး လာရောက်ခဲ့ခြင်း မရှိတာကြောင့် မစစ်နိုင်ဘဲ ရုံးချိန်းကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
ဒါရိုက်တာမိုက်တီးကိုတော့ သြဂုတ်လ ၁၆ရက်နေ့မှာ တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် အရှေ့မျဉ်းပြိုင်ကွင်းလမ်း အထက (၃) ရှေ့တွင် မော်တော်ယာဉ်များအား ပိတ်ဆို့ရှာဖွေနေစဉ် သန်းထွန်းဇော်(ခ) မိုက်တီး မောင်းနှင်လာသော မော်တောယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ မီးခိုးရောင် မျက်မှန်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ပြား ၁ထုပ် ၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉ပြားပါ ၁ ဘူး ၊ စုစုပေါင်း ၂၆ပြား အလေးချိန် ၂.၆ ဂရမ်တို့နှင့်အတူ ရှာဖွေသိမ်းဆည်းကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
သြဂုတ်လမှာ ဖမ်းဆီးခံပြီး အမှုရင်ဆိုင်နေရတဲ့ မိုက်တီးကတော့ ရုံးချိန်း ၁၃ကြိမ်ရှိနေပြီဖြစ်ပေမယ့် ယခုအချိန်ထိ မစစ်ဆေးရသေးဘဲ ရုံးချိန်းများသာ ပြန်လည်ချိန်းဆိုခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ဒါရိုက်တာမိုက်တီးအား တာမွေမြို့မရဲစခန်းတွင် မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။
ယနေ့ရုံးချိန်းမှာတော့ ဒါရိုက်တာမိုက်တီးရဲ့ ညီမများဖြစ်တဲ့ သရုပ်ဆောင်ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော် တို့က ဖခင်ဖြစ်သူ ကွယ်လွန်ထားပြီး နာရေးရှိနေပေမယ့် အစ်ကိုဖြစ်သူထံသို့ မပျက်မကွက် လာရောက်ခဲ့ကြပါတယ်။