မကြာခင်မှာ ရိုက်ကူးပုံဖော်တော့မယ့် “သမန်းကျားဝိညာဉ်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရမယ့် “သမန်းကျား” ဇာတ်ရုပ်အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေတယ်လို့ ပိုင်တံခွန်က ပြောပါတယ်။
“အဓိက ဒီဇာတ်ကားထဲမှာ ကျနော်က သမန်းကျားပေါ့နော်။ စိုးရိမ်စိတ် အပြည့်ရှိတယ်။ ဒီဇာတ်ကားက ရိုးရိုးသာမန် ဖန်စီ၊ အချစ်ဇာတ်ကား မဟုတ်ဘူး။ အဓိက အားသာမှာကတော့ Animation ပိုင်းပါ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာကလည်း Animation ကောင်းကောင်း သိပ်မရှိဘူး။ စိန်ခေါ်မှုအား အရမ်းကို များပါတယ်။ အဲဒီအတွက် အရမ်းကို စိုးရိမ်တယ်” လို့ ပိုင်တံခွန်က ပြောပါတယ်။
အဲဒီဇာတ်ကားအတွက် ဇာတ်လမ်းကို သဘောကျပြီး ဇာတ်ကောင်အတွက် လုပ်နိုင် မလုပ်နိုင်အတွက် သူနဲ့ သက်ဆိုင် သွားပြီ ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုတွေကိုလည်း မကြာခင်မှာ စတင် သွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သမန်းကျား ဝိညာဉ်” ဇာတ်ကားကို ပုံဖော်ရိုက်ကူးသွားမယ့် ဒါရိုက်တာသွန်းနေစိုးက “ဒီဇာတ်ကားကို ကျနော် အိပ်မက် မက်တာ ၁၀ နှစ်လောက်ရှိပြီ။ ကျနော်အရင်က “ဒဿကျော်စွာ” ဆိုပြီးတော့ ဝတ္ထုတွေ ထွက်တယ်။ ဒီဝတ္ထုကို ရေးပြီးတော့ ဆင်ဆာ အဆင်မပြေတော့ ဇာတ်လမ်းပြောင်းလိုက်ရတယ်။ အရင်တုန်းကတည်းက အိပ်မက်လေးပေါ့။ ပိုင်တံခွန်နဲ့ ကလည်း ညီအစ်ကို အရင်းတွေလို ဖြစ်နေတော့ သူနဲ့ရိုက်ဖို့ ဖြစ်လာတာပါ။ ဂမ္ဘီရနဲ့ ခေတ်ဆန်တာကို ပေါင်းချင်တဲ့အတွက် လူငယ်တွေထဲက ရွေးလိုက်တာပါ” လို့ ပြောပါတယ်။
“သမန်းကျား ဝိညာဉ်” ဇာတ်လမ်းမှာ အတွဲ ၃ တွဲရှိပြီး အခုစတင်ရိုက်ကူးမယ့် အပိုင်း ၁ ကိုတော့ ဗီဒီယိုအဖြစ်နဲ့ အွန်လိုင်းပေါ်မှတဆင့် ကြည့်ရှုနိုင်မှာဖြစ်ပြီး နောက်ထပ် ၂ပိုင်းကိုတော့ ရုပ်ရှင်ကားကြီးအဖြစ် ဖန်တီးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့က ပွဲမဝင်ခင် အပြင်က ကျင်းပဆိုတဲ့အတိုင်းကို ဒိုင်ယာလော့တွေ သေချာလေ့ကျင့်ရဦးမှာပါ။ ကြိုတင် ပြင်ဆင်မှုတွေပြီးမှ တကယ် ရိုက်ကူးသွားမှာပါ။ တော်တော်ကို စိုးရိမ်ရပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကက ဖန်တီးမှုတွေ အဓိက ဖြစ်နေတယ်။ သရုပ်ဆောင်တာထက်ကို ပိုတာဝန်ကြီးပါတယ်”လို့ ပိုင်တံခွန်က ပြောပါတယ်။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ သွန်းနေစိုး ရိုက်ကူး ပုံဖော်သွားမှာဖြစ်ပြီး လူငယ်ကြိုက် သရုပ်ဆောင်များဖြစ်တဲ့ ပိုင်တံခွန်နဲ့ အိန်ဂျယ်လမုန်တို့က အဓိကပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။