ဒီတခါမှာတော့ IMDB rating (6.0) ရရှိထားတဲ့ ဘောလိဝုဒ် ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘောလိဝုဒ် ဇာတ်ကားကောင်းတွေများစွာထဲကမှ ထူးထူးခြားခြား သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားကောင်းတကား လည်းဖြစ်ပါတယ်။
ဒါရိုက်တာ Mukul Abhyankar က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကား ဖြစ်ပြီး မင်းသမီး Tabu၊ မင်းသား Manoj Bajpayee နဲ့ Annu Kapoor တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ ပင်လယ်ကမ်းခြေက အပန်းဖြေဟိုတယ်တခုကို Sushant (ဆူရှန်) တယောက် အလုပ် ကိစ္စကြောင့် ခရီးထွက်လာတာဖြစ်ပြီး မိန်းမဖြစ်သူ Aparna (အပနား) နဲ့ သမီးဖြစ်သူ Titli (တစ်လီ) ကတော့ အလည်အပတ်အနေနဲ့ လိုက်ပါလာကြတာပဲ ဖြစ်ပါတယ်။ ၃ နှစ်အရွယ် သမီးဖြစ်သူ Titli ကတော့ အပန်းဖြေခရီး မထွက်ခင် ရက်အတန်ကြာလောက်တည်းက အပြင်းဖျားနေတာ ဖြစ်ပြီး ဟိုတယ်ကိုရောက်ပြီး နောက်တနေ့ မနက်မှာပဲ ဖျားနေတဲ့ Titli တယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။
ဟိုတယ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ Titli ကို ရှာဖွေခဲ့ပေမယ့် အကြောင်း မထူးတာကြောင့် နယ်မြေရဲစခန်းက ရဲတွေ အကူအညီနဲ့ ဟိုတယ်အနှံ့ ရှာဖွေပါတော့တယ်။ ကလေးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရတာကြောင့် စုံထောက် ဖြစ်သူက သံသယ စဝင်လာပြီး ဖခင်ဖြစ်သူ Sushant နဲ့ မိခင်ဖြစ်သူ Aparna တို့ကို ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူ Titli နဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တဲ့အခါ နှစ်ယောက်စလုံးရဲ့အဖြေတွေဟာ တူညီမှု မရှိတာကြောင့် ဒီကလေး ပျောက်ဆုံးမှုဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားဆိုတာ သံသယဝင်စရာ ဖြစ်လာပါတော့တယ်။
သံသယတွေနဲ့ အခြေအနေတွေဟာ တဖြည်းဖြည်း တင်းမာလာပြီး Titli ဟာ တကယ်ပျောက်ဆုံးနေတာလား၊ ပျောက်ဆုံး နေတယ်လို့ မိဘတွေကိုယ်တိုင်က တိုင်ချက်ဖွင့်ထားတဲ့ ၃ နှစ်အရွယ် ကလေးမလေးTitli ကို ပြန်ရှာတွေ့မှာလား ဆိုတာ ကိုတော့ ဒီဇာတ်လမ်းကို ဆက်လက် ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖို ဇာတ်ကားတကား ဖြစ်တာကြောင့် ဇာတ်လမ်းအစကနေ အဆုံးအထိကို သို့လော သို့လော မေးခွန်းတွေနဲ့ စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂ နာရီအတွင်း ဇာတ်လမ်း ဇာတ်ကွက်တွေကို မလွတ်တမ်း ကြည့်ရှုမှသာ ဇာတ်ရည်လည်မယ့် ဇာတ်ကားမျိုးလည်း ဖြစ်တာကြောင့် Thriller (သည်းထိတ်ရင်ဖို) ရုပ်ရှင် ဇာတ်ကားကောင်းကိုမှ ကြည့်ရှုချင်သူတွေအတွက် ညွှန်းဆိုပေးလိုက်ပါတယ်။