ဟောလိဝုဒ်မင်းသမီး Jennifer Aniston က ဇာတ်လမ်းတွဲတွေ ပြန်ရိုက်တော့မှာဖြစ်ပြီး အဲဒီလို ရိုက်ကူးရေးအတွက် အနုပညာကြေးများများ ရရှိထားတယ်လို့ ဆိုပါတယ်။ အသက် ၄၉ နှစ်အရွယ် မင်းသမီးဟာ Apple TV ကနေ တင်ဆက်မှာဖြစ်ပြီး လောလောဆယ်အထိ နာမည်မပေးရသေးတဲ့ စီးရီးတပိုင်းကို ဒေါ်လာ ၁ ဒဿမ ၁ သန်း ရရှိမှာဖြစ်တယ်လို့ Variety မီဒီယာက ဆိုပါတယ်။
သူနဲ့အတူ တွဲဖက်သရုပ်ဆောင်မယ့် မင်းသမီး Reese Witherspoon ကလည်း တူညီတဲ့ အနုပညာကြေး ရရှိထားပြီး သူတို့နှစ်ဦးလုံးဟာ စီးရီးအတွက် အမှုဆောင် ထုတ်လုပ်ရေးမှူးအဖြစ် ဆောင်ရွက်ကြမှာလည်း ဖြစ်တယ်လို့ နှစ်ဦးလုံးရဲ့ ကုမ္ပဏီတွေက ဆိုပါတယ်။ အဲဒီအတွက်လည်း ထပ်ဆောင်းအနုပညာကြေး ရရှိဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နံနက်ခင်းမှာ ထုတ်လွှင့်မယ့် Dramedy အစီအစဉ်အတွက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို လော့စ်အင်ဂျလိစ်မြို့မှာ အခုသီတင်းပတ်မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလောလောဆယ် အထိတော့ အပိုင်း ၁၀ ပိုင်းစီ ပါဝင်မယ့် Season ၂ ခုကို ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ မင်းသမီး Aniston ရဲ့ပထမဆုံး ရုပ်သံစီးရီး Friends ဟာ ၂၀၀၄ ခုနှစ်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီ့စီးရီးရဲ့ နောက်ဆုံး Season ၂ ခုမှာ အပိုင်းတခုကို ဒေါ်လာ ၁ သန်းစီ အနုပညာကြေးရခဲ့တဲ့အတွက် Aniston, Courteney Cox နဲ့ Lisa Kudrow တို့ကို အနုပညာကြေး အမြင့်ဆုံးရတဲ့ မင်းသမီးတွေ ဖြစ်လာစေခဲ့ပါတယ်။
Forbes မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အနုပညာကြေးအမြင့်ဆုံး မင်းသမီးဖြစ်ခဲ့တဲ့ မင်းသမီး Aniston ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထုတ် InStyle မဂ္ဂဇင်းမှာတော့ Friends ဇာတ်လမ်းတွဲဟာ သူလုပ်ဖူးခဲ့သမျှတွေထဲမှာ အကြီးမားဆုံးအလုပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အဲဒီရုပ်သံ ဇာတ်လမ်းတွဲ ပြီးဆုံးခဲ့ပြီးတဲ့နောက် သူတို့ စီးရီးတွေ ဘယ်တော့ပြန်လည် ရိုက်ကူးမှာလဲ ဆိုပြီး မေးမြန်းတာတွေ ရှိတဲ့အကြောင်း၊ Courteney၊ Lisa တို့နဲ့အတူ ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါသေးတယ်။
Ref: etcanada