အလှမယ် မေမြတ်နိုးက အချစ်ရေးကို အသက် ၃၀ကျော်မှ ရွေးချယ်မယ်လို့ ဆိုပြီး ဖြူစင်တဲ့သူကိုသာ ချစ်သူအဖြစ် ရွေးချယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အချစ်ရေးတော့ အသက် ၃၀ကျော်မှရွေးချယ်မယ်။ မြတ်နိုးလိုစိတ်ကို ထားနိုင်မယ့်သူ။ လူအားလုံးကို မေတ္တာထားနိုင်မယ့် သူ။ ပျော်ရွှင်စွာနေတတ်မယ့် သူ။ ဖြူစင်မယ့် သူ။ အဓိကတော့ ဒါတွေကို ကြည့်ပြီး ချစ်သူရွေးချယ်မယ်။ ပိုက်ဆံရှိတာ ရုပ်ချောတာတွေတော့ သိပ်ဂရုမစိုက်ဘူး” လို့ပြောပါတယ်။
မေမြတ်နိုးက ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင်လည်း လိုက်ဖက်မယ့် အဝတ်အစားဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်လေ့ရှိပြီး မလိုက်ဖက်တဲ့ဖက်ရှင်တွေလည်း တခါတလေ ဝတ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ထိန်းသိမ်းဖို့ အားကစားလုပ်နေတယ်လို့ ဆိုပါတယ်။
ဟောလိဝုဒ်မင်းသားနဲ့ အတူ ဇာတ်ကားအတူ တွဲဖက်ရိုက်ကူးထားတဲ့ မေမြတ်နိုးက ဒီဇာတ်ကားနဲ့ ပတ်သက်လို့ လည်း အခုလိုပါတယ်။
“ဟောလိဝုဒ်ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်နေရာက ပါဝင်ထားလဲဆိုတာတော့ ပြောပြလို့မရသေးပါဘူး။ အက်ရှင် ကားလေးပါပဲ။ ဟောလိဝုဒ်သရုပ်ဆောင်ရမှာဆိုတော့ ဖက်ရှင်ပိုင်းကို ဇာတ်ကောင်နဲ့ လိုက်မယ့် ဖက်ရှင် ကို သူတို့ဆီက Stylist နဲ့ စီစဉ်ထားပါတယ်။ အတွေ့အကြုံ့တွေတော့ အများကြီးရပါတယ်။ လတ်တလောတော့ canal+ နဲ့ စီးရီးတွဲရိုက်ဖို့ရှိတယ်။ ကြော်ငြာတွေရိုက်နေတယ်” လို့ မေမြတ်နိုးက ဆိုပါတယ်။
ဆိုရှယ်မီဒီယာများအသုံးနည်းနေတဲ့ မေမြတ်နိုးက ဒီအပေါ်မှာလည်း အခုလိုဆိုပါတယ်။
“လူလူချင်း မေတ္တာထားကြပါလို့ မေတ္တာထားတာ အခုနောက်ပိုင်းအရမ်းနည်းပါးနေတယ်။ ကိုယ်တိုင်လည်း social media ကိုနောကိပိုင်း သိပ်မသုံးဖြစ်ဘူး။ မြတ်နိုးမှာလိုအပ်ချက်တွေရှိတယ်။ ကိုယ်တိုင်တော့ အကောင်းဆုံးကြိုးစားတယ်။ အမှားတွေ သိပ်မဖြစ်အောင်လေ့လာတယ်” လို့ ဆိုပါတယ်။
မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေကလည်း မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မှာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်း သာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။