ပရိသတ်တွေ ချစ်ခင်ရတဲ့ သရုပ်ဆောင် မင်းသမီး သက်မွန်မြင့်ကတော့ မကြာသေးခင် ရက်ပိုင်းအတွင်းက နေမကောင်းဖြစ်ခဲ့ပြီး နေမကောင်းဖြစ်နေချိန်မှာ သားသမီးတွေအတွက် စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“ဆင်တုပ်ကွေးကတော့ အကုန် မဖြစ်ဘူး၊ လက္ခဏာတွေတော့ အကုန် ဖြစ်သွားတယ်။ တကယ်တမ်း တွေးမိတာက ငါဒီအချိန်မှာ တခုခုဖြစ်သွားရင် ကလေးတွေက ငယ်သေးတယ်၊ အမေ ဆုံးရှူံးသွားမယ်။ အမေ မရှိတဲ့ဘဝကို သူတို့ဖြတ်သန်းရမယ် ဆိုပြီး တွေးမိခဲ့တယ်။ အရင်ကတည်းက အဲဒီအတွေး ရှိတယ်။ အဲဒါကြောင့် သက်မွန် နေမကောင်းဖြစ်မှာ အရမ်းကြောက်တယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။
ဆက်လက်ပြီး သက်မွန်မြင့်က နေမကောင်းဖြစ်နေချိန်မှာ ကလေးတွေကို မချီနိုင်တဲ့အခါ မိခင်တယောက် အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
“ကိုယ်နေမကောင်းတဲ့အချိန် ကလေးတွေကို မချီနိုင်ဘူး၊ လှည့်မကြည့်နိုင်ဘူးဆိုရင် စိတ်မကောင်းဖြစ်ရတယ်။ အဲဒါကြောင့် အရမ်းစိုးရိမ်သွားပြီး ဆေးရုံကို သွားလိုက်တာ။ သက်မွန် ရုတ်တရက် ထလိုက်တဲ့အခါ ရင်ဘတ် အရမ်းအောင့်သွားတယ်။ လေအောင့်တယ်လို့ပဲ ထင်ပြီး လေဆေးသောက်ပြီးတော့ အနေအထိုင် ဆင်ခြင်လိုက်တယ်”
“ညဘက်ကျတော့ ပိုဆိုးလာပြီး လူက လှုပ်လို့ မရတော့ဘူး။ အသက်ရှုလိုက်တိုင်း အောင့်တယ်။ ခြေထောက်ကလည်းနာ၊ လမ်းလျှောက်တိုင်း ရင်ဘတ်က စူးပြီးတော့ အောင့်နေတာနဲ့ ဆေးရုံကို သွားခဲ့ရတယ်။ နည်းနည်းတော့ လန့်သွားတယ်။ ကလေးတွေကလည်း ငယ်သေးတော့ ငါအသက်ရှုများ ရပ်သွားမလားဆိုပြီး စိတ်ပူမိသွားတယ်။ ၄၊ ၅ ရက်လောက်တော့ ခံလိုက်ရတယ်။ ဒါပေမဲ့ သက်သာသွားပါပြီ”လို့ သက်မွန်မြင့်က ပြောပါတယ်။
သမီးငယ်လေးကို ကိုယ်ဝန် လွယ်ထားရကတည်းက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုသတိထားမိလာတယ်လို့ သက်မွန်မြင့်က ဆိုပါတယ်။
“အခုနောက်ပိုင်း ကျန်းမာရေးက အငယ်လေး ကိုယ်ဝန်က စပြီးတော့ တံမြက်စည်း လှည်းလို့လည်း မရတော့ဘူး၊ ဖုန်နဲ့လည်း မတည့်တော့ဘူး။ အရင်တုန်းကဆိုရင် နေ့နေ့ညည ဇာတ်ကားတွေ ရိုက်တယ်၊ ဘာမှမဖြစ်ဘူး။ နားရက် လုံးဝ မရှိလည်း ရိုက်နိုင်တယ်။ အခုကျတော့ ၁ ရက်၊ ၂ ရက်လောက် ရိုက်ရင်တောင် လဲချင်နေပြီ။ ကျန်းမာရေးကို ပိုဂရုစိုက်လာရတယ်”လို့ သက်မွန်မြင့်က ပြောပါတယ်။
ကျန်းမာရေး မကောင်းချိန်မှာ အနားမှာ ဂရုစိုက်ပေးတဲ့ ခင်ပွန်းနဲ့ ပတ်သက်ပြီးတော့လည်း သက်မွန်မြင့်က အခုလိုပဲ ဆိုပါတယ်။
“သူက အရမ်း ဂရုစိုက်ပါတယ်။ သက်မွန် ပိန်ချင်လို့ အစားလျှော့လိုက်တာနဲ့ မရဘူး၊ မိန်းမ စားပဲ။ ပရိသတ်တွေကိုလည်း သူပြောပြထားတယ်။ ငါ့မိန်းမ နေကောင်းဖို့ အရေးကြီးတယ်နော်လို့။ အစားအသောက်ပိုင်းကို သေသေချာချာ ဂရုစိုက်ပေးပါတယ်၊ ဖြစ်ဖြစ်ချင်းတုန်းကလည်း သူ့ကို လိုက်ပို့ခိုင်းရတယ်၊ သူလည်း တော်တော် အိပ်ရေးပျက်သွားတယ်။ သူက မိသားစုကို အရမ်းဂရုစိုက်တဲ့ ယောကျ်ားတယောက်ပါ၊ ခင်ပွန်းကောင်းတယောက်ဖြစ်သလို ဘဝလက်တွဲဖော်ကောင်း တယောက်ပါ”လို့ သက်မွန်မြင့်က ဆိုပါတယ်။
ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ် သရုပ်ဆောင် သက်မွန်မြင့်ကတော့ အကယ်ဒမီ ထူးချွန်ဆု ၂ ဆု ရရှိထားပြီး လက်ရှိမှာလည်း ခင်ပွန်းဖြစ်သူနဲ့အတူ သားတယောက်၊ သမီးတယောက်နဲ့ ပျော်ရွှင်အေးချမ်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
You may also like these stories:
“စီးပွားရေးပိုင်းမှာတော့ လုံးဝ မူကြိုပါ”လို့ သက်မွန်မြင့် ပြော
“ဥပါယ်တံမျဉ်” ကားကို အကယ်ဒမီဆု တဆုတော့ ရစေချင်တဲ့ သရုပ်ဆောင် သက်မွန်မြင့်
သူငယ်ချင်းဖူးစုံကို အိမ်ထောင်မပြုစေချင်သေးတဲ့ သရုပ်ဆောင် သက်မွန်မြင့်