နာမည်ကြီး ရုပ်သံ အစီအစဉ်တခုဖြစ်တဲ့ “My 600lb life” ဆိုတဲံ အစီအစဉ်ဟာ ကမ္ဘာအနှံ့မှာ ရှိတဲ့ အဝလွန်သူတွေကို ဝိတ်ကျအောင် ကူညီပေးနေတဲ့ အစီအစဉ်တခုဖြစ်ပါတယ်။
သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေဟာ ပေါင် ၆၀၀ကျော်ရှိသူ တွေကို ဝိတ်ချတာကို အံ့သြဖွယ်ကြည့်ရှုရတဲ့ အစီအစဉ်ဖြစ်ပြီး လူကြိုက်လည်း အရမ်းများတယ်လို့ သိရပါတယ်။ အဲဒီရုပ်သံအစီအစဉ်မှာ ပါဝင်ပြီး ဝိတ်ချခဲ့သူတွေကို ဖော်ပြပေးချင် ပါတယ်။
(၁) Amber Rachdi
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ Amber Rachdi ဟာ ပေါင်ချိန် ၆၅၈ပေါင်ရှိတဲ့ မိန်းကလေးတယောက်ဖြစ်ပါတယ်။ သူမရဲ့ ဘဝတလျှောက်လုံးမှာ အစားစားခြင်းကိုသာ အဓိကအရာဖြစ်ပြုလုပ်ခဲ့တာကြောင့် တနေ့ထက်တနေ့ ဝလာသူလည်း ဖြစ်ပါတယ်။ ပေါင် ၄၀၀ ကျော်ချိန်မှာတော့ သူမဟာ သူမကိုသူမ စောင့်ရှောက်နိုင်ခြင်းမရှိတော့တာကြောင့် မိဘတွေ အိမ်ကို ပြောင်းနေခဲ့ရပါတယ်။
ပေါင် ၆၀၀ ကျော်တဲ့ အချိန်မှာ သူမဟာ ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ My 600lb Life နဲ့ ကို ဆက်သွယ်ပြီး ဝိတ်ချဖို့ ပြင်ဆင်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုနဲ့ လေ့ကျင့်ခန်းတွေကို ၂နှစ်ကျော် အပြင်းအထန်လုပ်အပြီးမှာတော့ သူမဟာ ပေါင် ၄၀၀ ကျော် ကျခဲ့တယ်လို့ သိရပါတယ်။
(၂) Christina Phillips
သူမဟာ အဆင်မပြေတဲ့ မိဘနှစ်ဦးရဲ့ ရန်ဖြစ်စကားများမှုတွေကြောင့် စိတ်ကျရောဂါကို ခံစားခဲ့ရသူ ဖြစ်ပါတယ်။ ဒါကြောင့် သူမခံစားနေရတာတွေကို ပြေဖျောက်ဖို့ အတွက် အစားအမြဲစားရင်းနဲ့ ဝိတ်တက်လာသူဖြစ်ပါတယ်။ သူမအသက် ၁၂ နှစ်အရွယ်မှာ ၂၈၆ ပေါင်တောင် ရှိနေခဲ့ပြီး အသက် ၂၅နှစ်ကို ရောက်တဲ့ အခါ ပေါင်၆၆၀ ကျော်နေပါပြီ။
သူမဟာ ကိုယ်တိုင်လှုပ်ရှားမှုတွေကို မလုပ်နိုင်တော့ပဲ သူမရဲ့ အမျိုးသားနဲ့မိခင်တို့ကိုသာ မှီခိုနေရသူ ဘဝကို ရောက်ရှိတဲ့ အချိန်မှာတော့ ရုပ်သံအစီအစဉ်ကို ဆက်သွယ်ပြီး ဝိတ်ချဖို့ ပြင်ပါတော့တယ်။ သူမဟာ ၂နှစ်အတွင်းမှာ ၅၂၂ပေါင်ကို ချနိုင်ခဲ့ပြီး အခုဆိုရင် ၁၈၂ ပေါင်သာရှိပါတော့တယ်
(၃) Marla McCants
သူမကတော့ အသက် ၄၃ နှစ်အရွယ်မှာ ၇၉၃ ပေါင်ရှိနေခဲ့တာပါ။ ရည်စားဟောင်းရဲ့ ပြန်ပေးဆွဲခြင်းကို ခံရပြီးနောက်မှာ အစားအလွန်အကျွံစားချင်တဲ့ စိတ်ရောဂါစွဲကပ်လာသူဖြစ်ပါတယ်။ အဝလွန်မှုကို ခံစားရပြီး မလှုပ်မရှားနိုင်ပေမယ့် အိပ်ယာထဲမှာတောင်မှ ချက်ပြုတ်စားသောက်သူဖြစ်ပါတယ်။
My 600lb Life အစီအစဉ်မှာ ပါဝင်အဆီချပြီး ခွဲစိတ်မှု၊လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို ဆင်ခြင်ပြီးနောက်မှာတော့ သူမဟာ ပေါင် ၃၀၀ ကျော်ပဲ ရှိပါတော့တယ်။ လက်ရှိမှာတော့ ဝိတ်ဆက်ချနေပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရခဲ့ပြီ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။
Ref;my600iblife