အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကို ကုသခံယူမှုအပြီး ဆေးရုံမှ ဆင်းလာပြီဖြစ်သော အမေရိကန် ဆရာဝန် ဒေါက် တာ ကန့် ဘရန့်တလီက အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုးသည် လူထုကျန်းမာရေးကို ခြိမ်းခြောက်မှု မရှိကြောင်း ပြောဆို လိုက် သည်။
ဒေါက်တာ ကန့် ဘရန့်တလီနှင့် သူ၏ လက်ထောက် နန်စီ ရိုက်ဘိုလ်တို့သည် အမေရိကန်ပြည်ထောင်စု Emory University ဆေးရုံတွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီး ယခုအခါ ၎င်းတို့သည် အားနည်းနေသော် လည်း လုံးဝနေကောင်း ကျန်းမာလာပြီ ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဆေးရုံမှ ဒေါက်တာ ဘရုစ် ရစ်ဘနာက အီဘိုလာ ကူးစက်ခံခဲ့ရသူ အမေရိကန် ဆရာဝန်များကို ထိတွေ့ ဆက်ဆံ မှုပြုသည့် ကိစ္စသည် ကြောက်ရွံ့စရာ မရှိကြောင်း အာမခံ ပြောကြားသည်ဟု အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။
အသက် ၃၃ နှစ်ရှိ ဒေါက်တာ ကန့် ဘရန့်တလီနှင့် အသက် ၅၉ နှစ်ရှိ နန်စီ ရိုက်ဘိုလ်တို့သည် အာဖရိကတိုက် အနောက် ပိုင်း လိုက်ဘေးရီးယား နိုင်ငံသို့ သွားရောက်ပြီး အီဘိုလာ ရောဂါပိုး ကူးစက်ခံထားရသူများအား ဆေးကုသမှုပေးစဉ် လွန်ခဲ့သည့် ၃ ပတ်ကျော်က ၎င်းတို့ကိုယ်တိုင် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် ထိုဆရာဝန်နှင့် လက်ထောက် ဖြစ်သူတို့ကို အထူးကြပ်မတ်မှုဖြင့် အမေရိကန် ပြည်ထောင်စုသို့ ပြန်လည်ခေါ်ယူ၍ ဆေးကုသမှု လုပ်ဆောင်ခဲ့ရာမှ ပြန်လည် ကျန်းမာလာခြင်း ဖြစ်သည်။
ဒေါက်တာ ကန့် ဘရန့်တလီက သူ့အနေဖြင့် အံ့သြဖွယ်ကာလတခုကို ဖြတ်ကျော်ခဲ့ရကြောင်း ယနေ့သည် ထူးခြားသော နေ့ တနေ့ဖြစ်ကြောင်း သူ၏ လက်ရေးမူကြေညာချက်ဖြင့် မီဒီယာများကို ပြောဆိုသည်။
“ကျနော် နေကောင်းကျန်းမာပြီး အသက်ရှင်သန်လျက် ရှိတာနဲ့ ကျနော့်မိသားစုနဲ့ ပြန်လည် ဆုံဆည်းရတာ စိတ်လှုပ်ရှားတယ်” ဟု ဒေါက်တာ ဘရန့်တလီက သူ၏ လက်ရေးမူ ကြေညာချက်တွင် ရေးသားထားသည်။
ယခုအခါ ဒေါက်တာ ဘရန့်တလီသည် သူ့ဇနီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် အပြန်အလှန် လက်ဆွဲ နှုတ်ဆက်ခြင်း၊ ပွေ့ဖက် နှုတ် ဆက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
ယခုနှစ်အတွင်း အနောက် အာဖရိကတိုက်တွင် အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး အနည်းဆုံး လူပေါင်း ၁၃၀၀ ကျော်သေဆုံး ခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ အဆိုအရ ယခုလပိုင်း အတွင်း အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂၄၇၃ ဦး ရှိခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၉ ရက် ညပိုင်းက အီဘိုလာ ဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တဦးကို ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ တွေ့ရှိခဲ့ပြီး ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံကြီးတွင် ခေတ္တခေါ်ယူ ထိန်းသိမ်းကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်လျက် ရှိသည်။
သံသယရှိခံရသူသည် သဘောၤသား တဦးဖြစ်ပြီး အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားရာ အနောက် အာဖရိကမှ ပြန်လည် ရောက် ရှိလာသူ ဖြစ်ကြောင်း၊ ၎င်းနှင့် အတူပြန်လာသော သူငယ်ချင်း ၄ ဦးကိုပါ ဝေဘာဂီ ဆေးရုံ၌ ခေါ်ယူထားကြောင်း သိရသည်။
အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက အီဘိုလာ သံသယ ရှိသူကို ပြည်တွင်း ဓာတ်ခွဲစမ်းသပ်မှု အရ ငှက်ဖျား ရောဂါပိုး သာ တွေ့ရှိရသည်ဟု သြဂုတ် ၂၀ ရက်က ထုတ်ပြန်ထားသည်။