စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုဖြေရှင်းရန်အတွက် လူငယ် စီးပွားရေး လုပ်ငန်းရှင်များပါ၀င်သည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတခု ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဦးဖြိုးမင်းသိန်းက သူတက်ရောက်ခဲ့ဖူးသည့် အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ် (ယခင် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင် နယ်မြေ) သို့ ဇူလိုင်လ ၂၇ ရက်နေ့က သွားရောက်ပြီး ကျောင်းသူ ကျောင်းသားများနှင့် ၂ နာရီကြာ တွေ့ဆုံခဲ့ပါသည်။ လူငယ်စီးပွားရေး လုပ်ငန်းရှင်များနှင့် သြဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ဆုံမည်ဟု သူကပြောကြားခဲ့ သော်လည်း မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည်ကို ပြောဆိုခြင်း မပြုခဲ့ပါ။
ကော်မတီကို အောင်မြင်စွာဖွဲ့စည်းနိုင်သည့် အချိန်တွင် ရန်ကုန်တိုင်း အစိုးရက ကြီးကြပ်ကွပ်ကဲသွားမည် ဖြစ်သည်။ ကော် မတီဝင်များသည် စီးပွားရေး ကဏ္ဍတွင် လက်တွေ့ အတွေ့အကြုံနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဗဟုသုတ ရှိရမည်ဟု ဦး ဖြိုးမင်းသိန်း ကပြောသည်။
ယာဉ်ကျောပိတ်ဆို့မှု၊ ကျူးကျော် အရေအတွက်တိုးပွားလာခြင်းနှင့် မီးရထားပို့ဆောင်ရေး ကဏ္ဍအားနည်းမှုများ အပါအဝင် လက်ရှိအချိန်တွင် ရင်ဆိုင်နေရသော ပြဿနာများထဲမှ အချို့ကို ထောက်ပြရင်း ရန်ကုန်တိုင်း အစိုးရအနေဖြင့် ပြဿနာတိုင်းကို ဖြေရှင်းရန် မတတ်နိုင်ကြောင်းလည်း တိုင်းဝန်ကြီးချုပ်က ၀န်ခံ ပြောကြားခဲ့သည်။
“ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ၀န်ကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေ အကုန်လုံးကို ဖြေရှင်းဖို့ အတွက်ကတော့ လူ ၉ ယောက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒီတာဝန်တွေကို ကျနော်တို့က လူငယ်မျိုးဆက်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်တွေ့ကျတဲ့ စီးပွားရေး လုပ်ငန်းအတွေ့အကြံုနဲ့ ဗဟုသုတရှိသူတွေ နဲ့ ဖြစ်ပါတယ်။ ကျနော်တို့က သူတို့ ဘယ်လို တာဝန်ယူနိုင်မလဲဆိုတာပေါ်မှာ မူတည်ပြီးတော့ သူတို့ကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့က နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်သည့် နေရာတခု ဖြစ်သည့် အတွက် စီးပွားရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားနေသည့် အချိန်တွင် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်း၊ လမ်း ပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦးအားနည်းချက်များကြောင့် ကုန်ကျစရိတ် ကြီးမြင့်နေခြင်းတို့ အပေါ် အများစုက ဝေဖန် စောဒက တက်နေကြသည်ဟုလည်း ဆက်ပြောသည်။
လမ်းပန်းဆက်သွယ်ရေးစရိတ်များ မြင့်တက်နေသည့် အတွက် “သယ်ယူပို့ဆောင်ရေး စရိတ်က ကုန်ပစ္စည်းတန်ဘိုးရဲ့ ၃၀ ရာခိုင်နှုန်း လောက်ဖြစ်နေတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်း အစိုးရအနေဖြင့် မူလက ပဲခူးတိုင်းရှိ ဆောက်လုပ်ဆဲ ဟံသာဝတီလေဆိပ်နှင့် သီလဝါ အထူးစီးပွားရေးဇုန်ကို ဆက်သွယ်ပေး မည့် အဝေးပြေးလမ်း (မြို့ပတ်) တခုကို ရန်ကုန်မြို့ပြင်မှ ဖောက်လုပ်သွားရန် ရှိကြောင်း ဆိုသည်။ ယခု အခါတွင် အစိုးရသစ်က ရေလမ်းနှင့် ရထားပို့ဆောင်ရေးတို့ကို အဆင့်မြှင့်တင်ရန်လည်း ကြိုးစားနေသည်။ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးကို ကောင်းမွန်စွာ အသုံးချနိုင်လျှင် ကုန််းလမ်းနှင့် စာပါက ပိုမိုစျေးနှုန်းသက်သာသည့် ရွေးချယ်စရာ တခု ဖြစ်လာနိုင်သည်ဟု ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဆိုသည်။
တိုင်းပြည်၏ စီးပွားရေးကို အရှိန်မြှင့်တင်ရာတွင် ပုဂ္ဂလိက စက်မှုစီမံကိန်းများသည် ကျူးကျော်ပြဿနာ အပါအဝင် စိန် ခေါ်မှု အများအပြားနှင့် ရင်ဆိုင်နေရသည့်တိုင် အထူးစီးပွားရေးဇုန်များက အရေးပါသော အခန်းကဏ္ဍမှ ပါ၀င်နေကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့တွင် အလုပ်အကိုင်ရှာဖွေရန်အတွက် ပြောင်းရွှေ့ရောက်ရှိလာသည့် ကျူး ကျော် သူ အရေအတွက်က တိုးလာနေသည်။ မြန်မာနိုင်ငံမှ အခြားသော ပြည်နယ်၊ တိုင်းများနှင့် နှိုင်းစာလျှင် အခြေခံ အဆောက် အဦး ပိုမိုပြည့်စုံသည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားသည်ဟု အများက ယူဆ ထားကြသည်။ သို့သော်လည်း ရန်ကုန်တွင် နေစရာနေရာ အကန့်အသတ် ရှိသည့်အပြင် စျေးနှုန်းလည်း ကြီးမြင့်သည့် အတွက် အလုပ်သမားအများစုမှာ သူတို့အလုပ်လုပ်သည့် စက်ရုံများအနီးတွင် လက်ဖြစ်နေအိမ်များ ဆောက်လုပ်နေထိုင် ကြရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။
“ဒီအချိန်ဟာ လက်ရှိအခြေအနေတွေကို ပြောင်းလဲရမယ့် အချိန်ဖြစ်ပါတယ်။ ဒီလူတွေကို (ကျူးကျော်) စနစ်တကျ ပြန်လည်နေရာ ချထားပေးနိုင်ဖို့ အတွက်၊ ဒါကို ဖြေရှင်းဖို့ အတွက် ကျနော်တို့က လူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။ လူငယ်စီးပွားရေး လုပ်ငန်းရှင်များ ဖြင့် ဖွဲ့စည်းမည့် ကော်မတီက ပူးပေါင်းဆောင် ရွက်ပေးခြင်း အားဖြင့် လက်ရှိအချိန်တွင် ကျူးကျော်ဘဝနှင့် နေထိုင်နေကြရသူများကို‘‘တန်ဖိုးရှိသည့် လူသားများ ဖြစ်လာစေရန်’’ အမြန်ဆုံး ပြောင်းလဲပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။