လာမည့် ၂၀၂၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေအောက်ရေသုံးစွဲမှု လျှော့ချနိုင်ရန် ရန်ကုန်မြို့တော်စည်ပင် က Greater Yangon Water Supply Improvement Project အမည်ရှိ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ထိုစီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC ) အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ဆောင်ရွက် လျက်ရှိပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းအဆင့် – ၁ (Phase 1) အရ ရေဂါလန် သန်း ၃၀ ကို လည်း ကောင်း၊ ၂၀၂၄ ခုနှစ်တွင် အဆင့် -၂ (Phase 2) မှ ရေဂါလန် သန်း ၆၀ ကိုလည်းကောင်း ပြည်သူလူထုသို့ ပေးဝေနိုင်မည် ဖြစ်ကြောင်း မြို့တော်စည်ပင် အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
“၂၀၂၅ မှာ မြေအောက်ရေ သုံးစွဲမှုကို အဆုံးစွန်ထိ လျှော့ချချင်တာ။ ရပ်ပစ်လိုက်ဖို့ဆိုတာ အမှန်က အစားမထိုးပေးဘဲနဲ့ ရပ်ဖို့ မလွယ်ဘူး။ ဒါကြောင့် ၂၀၂၅ မှာ မြေအောက်ရေတွင်းတွေ မသုံးဖြစ်လောက်အောင်၊ ပပျောက်သွားဖို့ ရည်မှန်းချက် ရှိတယ်”ဟု ၎င်းက ဆိုသည်။
မြေအောက်ရေ အစား ဆည်ရေ၊ မြစ်ရေများကို သန့်စင်၍ အစားထိုးအသုံးပြုနိုင်ရန် ထိုစီမံကိန်းအတွက် လိုအပ်သည့် နည်းပညာများကို JICA (Japan International Corporation Agency) အဖွဲ့မှ ရေနှင့်ပတ်သက်သည့် ပညာရှင်များက ပူးပေါင်းဆောင်ရွက် ကူညီမည်ဖြစ်ကြောင်း၊ စီမံကိန်းမှ ထွက်ရှိလာသည့် ရေအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) စံနှုန်းကို အခြေခံ၍ ထုတ်လုပ်ဖြန့်ဖြူးမည် ဖြစ်ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက ပြောသည်။
စီမံကိန်း Phase 1 အရ ရရှိလာမည့် ရေဂါလန်သန်း ၃၀ ကို ဒဂုံအရှေ့၊ ဒဂုံမြောက်၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း မြို့နယ်တို့ကို အဓိက ပေးဝေသွားမည်ဖြစ်ပြီး သာကေတနှင့် ဒေါပုံမြို့နယ်တို့ကို တချို့တဝက်ပေးမည် ဖြစ်ကြောင်း၊ Phase 2 အရ ရေဂါလန် သန်း ၆၀ ကို မြို့တွင်း (Down Town) ၆ မြို့နယ်နှင့် ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ အလုံ၊ လှိုင်သာယာ မြို့နယ်တို့ကို ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
“Ground water သုံးခြင်းအားဖြင့် အများလည်း ပြောကြတယ်။ တကယ်လည်း တွေ့ကြုံနေရတယ်၊ နိုင်ငံတကာမှာလည်း မြေကျွံတာ၊ ဒီ Land Subsidence ဖြစ်တာတွေ၊ ရေငန်တွေဝင်တာ ဖြစ်တယ်။ ဒါကြောင့် ရည်မှန်းချက်ထားပြီး လုပ်နေတာ။ ကောင်းတာကတော့ လုံးလုံးလျားလျား လျော့ချနိုင်ဖို့အထိကို ရည်မှန်းတယ်။ ဒါပေမယ့် ရပ်ခိုင်းဖို့တော့ ရည်မှန်းထားတာ မရှိဘူး။ အစားထိုး ပေးသွားမှာပါ”ဟု မြို့တော်စည်ပင် အင်ဂျင်နီယာ ဌာန(ရေနှင့် သန့်ရှင်းမှု) တာဝန်ရှိသူ က ရှင်းပြသည်။
ထိုစီမံကိန်းကို ၂၀၀၄-၂၀၀၅ ခုနှစ် ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်း၏ Phase 1 တွင် အမေရိကန် ဒေါ်လာ ၂၃၉ သန်း ကုန်ကျ သုံးစွဲမည်ဖြစ်ပြီး ကုန်ကျစရိတ်ကို YCDC ၏ ဘတ်ဂျက်နှင့် ဂျပန်နိုင်ငံ အစိုးရ၏ ချေးငွေဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် Phase 2 တွင် ဒေါ်လာ ၆၁၈ သန်း သုံးစွဲကုန်ကျမည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ချေးငွေ တခုတည်းဖြင့် လုပ်ဆောင် မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
မြေအောက်ရေ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်ပြီး ယခင်က မြေအောက်ရေသုံးစွဲမှုကို အိုးအိမ်ရုံး မြို့ပြစီမံကိန်းနှင့် ရေ အရင်း အမြစ်ဌာနတို့က သေချာစိစစ် ခွင့်ပြုမှုကို ကိုင်တွယ်ခဲ့ပြီး နောက်ပိုင်းတွင် တိုက်တာဆောက်လုပ်မှု များပြားလာခြင်း၊ လူဦးရေ သိပ်သည်း ထူထပ်မှု များပြားလာခြင်းတို့ကြောင့် ထိန်းသိမ်းမှု မရှိတော့ဘဲ လိုအပ်ချက်ကို အလျင်မီစေရန် ဖြည့် ဆည်း ရသောကြောင့် ဆားငန်ရေ စိမ့်ဝင်လာခြင်း၊ ရပ်ကွက်များရှိ မူလရေတွင်းဟောင်းများတွင် ရေပြတ်လပ်ခြင်းပါ ကြုံတွေ့လာရသဖြင့် မြေအောက်ရေ သုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချသင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) ဒု ဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင် က ပြောဆိုသည်။
ဒေါ်မိုးမိုးလွင်က “ဘန်ကောက်မှာ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်တည်းက မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကြောင့် မြေနိမ့်ဝင်တာကို အများကြီး သတိပေး ဆော်သြလာခဲ့ကြတယ်။ ဘယ်လောက်တောင် နိမ့်ကျလာသလဲဆို မြေပြင် အမြင့် ကို ကိုးကားတဲ့ Bench mark ရေပြင်ညီအမှတ်တွေပါ တစ်ပါတည်း နိမ့်ကျကုန်တာ၊ ဘယ်လောက် ကျသွားတယ်ဆိုတာကို မခန့်မှန်းနိုင်ဘူး။ ရန်ကုန်ကို အဲဒီအခြေမရောက်ခင် မြန်မြန် ထိန်းချုပ်နိုင်မှ ဖြစ်မှာပါ” ဟု ပြောသည်။
အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က လက်ရှိတွင် ရန်ကုန်မြို့၌ တနေ့လျှင် ရေဂါလန် ၂၀၁ သန်းကို ပေးဝေနေရပြီး ၁၆ သန်းကို အဝီစိတွင်းမှ လည်းကောင်း၊ ၁၈၅ သန်းကို ရေလှောင်ကန်ကြီးများမှ လည်းကောင်း ပေးဝေနေကြောင်း၊ ၂၀၂၄ ခုနှစ် ၌ ထိုစီမံကိန်း ပြီးစီးသွားပါက ရေဂါလန်ပေါင်း ၂၉၁ သန်း ပေးဝေသွားနိုင်မည်ဖြစ်ပြီး အဝီစိတွင်းရေ ၁၆ သန်းကို လျှော့ချသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တာဝန်ရှိသူက ပြောဆိုသည်။
ရေအရင်းမြစ် အသစ်များမှ ရေပိုရရှိရန် ဆောင်ရွက်နေချိန်တွင် ရေဆုံးရှုံးမှု ကာကွယ်သည့် လုပ်ငန်းများကို တပြိုင်တည်း ဆောင်ရွက်နေပြီး မြို့နယ်အလိုက် လေ့လာမှုများ ပြုလုပ်နေသကဲ့သို့ ရှေ့ပြေးစီမံချက် (Pilot Project) အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်နေသည့် မြို့နယ်များပါရှိကြောင်း YCDC တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ၏ စီမံခန့်ခွဲမှုအောက်၌ လည်ပတ်နေသည့် အဝီစိတွင်းပေါင်း ၄၉၉ တွင်းရှိပြီး စီမံကိန်းအသစ်မှ ရေရရှိလာချိန်တွင် အဝီစိတွင်း များစွာ ရပ်ဆိုင်းသွားမည်ဟုလည်း သိရသည်။