မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီး ရာထူးမှ နုတ်ထွက်ခွင့်တောင်းခံကြောင်း တောင်ကိုရီးယားမှ လာသော သတင်းများက ဆိုသည်။ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးတခုကြောင့် သမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရသော ပတ်ဂွန်ဟေး၏ အရင်းနှီးဆုံး မိတ်ဆွေ ချွိုင်ဆွန်စေးက သံအမတ် ရာထူး ခန့်ထားရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း ပေါ်ထွက်လာပြီး နောက်တွင် ထိုသို့ နုတ်ထွက်ခွင့် တောင်းဆိုလာခြင်း ဖြစ်သည်။
“သံအမတ်ကြီး ယူးဂျေကျွန်းက ရာထူးမှ နုတ်ထွက်ဖို့ သူ့ရည်ရွယ်ချက်ကို ဧပြီလ ၆ ရက်နေ့မှာ တရားဝင် အကြောင်း ကြားခဲ့ပါတယ်။ ခုလို ဆုံးဖြတ်ရတာက ကိုယ်ရေးကိုယ်တာ အကြောင်းတွေကြောင့်လို့ သူက ပြောပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက တောင်ကိုရီးယား သတင်းဌာန The Korea Herald ကို ပြောသည်။
အသက် ၅၈ နှစ်အရွယ် ယူးဂျေကျွန်းသည် Samsung Electro-Mechanics Co. မှ အမှုဆောင်အရာရှိဟောင်းတဦး ဖြစ်ပြီး သံတမန် အတွေ့အကြုံ မရှိသူတဦး ဖြစ်သည်။ သူ့ကို ၂၀၁၆ ခုနှစ် မတ်လက သံအမတ် ခန့်အပ်လိုက်သည့်အခါ ရာထူးခန့်အပ်ခြင်း၏ နောက်ကွယ်မှ အကြောင်းများကို ထင်ကြေးပေးမှန်းဆမှုများ ပေါ်ထွက်ခဲ့သည်။
ပတ်ဂွန်ဟေးနှင့် ချွိုင်ဆွန်စေးတို့ ပါဝင်ပတ်သက်နေသော အရှုပ်တော်ပုံကို စုံစမ်း စစ်ဆေးမှုတခု ပြုလုပ်သည့် အခါ ယူးဂျေကျွန်းကိုလည်း ဇန်နဝါရီလ နှောင်းပိုင်းတွင် ခေါ်ယူ စစ်မေးမှုများ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးစဉ် အတွင်းတွင် ယူးဂျေကျွန်းက သူနှင့် ချွိုင်ဆွန်စေးတို့ အကြိမ်တော်တော်များများ တွေ့ဆုံခဲ့ကြပြီး ချွိုင်ဆွန်စေး၏ ထောက်ခံပေးမှုကြောင့် သံအမတ်ခန့်အပ်ခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအရ ယူးဂျေကျွန်းကို ခန့်အပ်ရန် ရွေးချယ်ခြင်းမှာ မြန်မာနိုင်ငံမှ ချွိုင်ဆွန်စေး၏ စီးပွားရေးကို ကူညီရန် ဖြစ်သည်ဟုလည်း ပေါ်လာခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နုတ်ထွက်ခွင့် တောင်းခံလာခြင်းကို လက်ခံဖွယ်ရာရှိနေပြီး ယခုလ နှောင်းပိုင်းတွင် တောင်ကိုရီးယား နိုင်ငံသို့ ယူးဂျေကျွန်း ပြန်မည်ဟု သတင်းအရ သိရသည်။