မန္တလေးတိုင်းဒေသကြီးပိုင် ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို အစိုးရအဖွဲ့က ရေးဆွဲ ပြဋ္ဌာန်းရန် သင့်/မသင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ အဆုံး အဖြတ် ခံယူမည်ဟု ယမန်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား-၂ ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ အမှတ်စဉ် ၁(ဆ)ပါ တိုင်းဒေသကြီး (သို့) ပြည်နယ်ပိုင် ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကြမ်း တရပ် ရေးဆွဲနိုင်ရန် တိုင်းအစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ဇူလိုင်လ ၆ ရက်နေ့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုရှင် ဦးတင်အောင်က “ ဒီဥပဒေကို ပြဋ္ဌန်းတဲ့ ရည်ရွယ်ချက်ကိုက အစိုးရနဲ့ ပြည်သူကြား သံသယ ရှင်းဖို့ပါ။ အဲဒီလို သံသယတွေ ရှင်းဖို့ ဥပဒေ လိုအပ်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ဥပဒေ ပြဋ္ဌန်းဖို့ အဆိုတင်တာပါ။ အကယ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဒီဥပဒေကို မပြသင့်ဘူးလို့ ဆုံးဖြတ်ရင် အဆိုကို ခေတ္တ ဆိုင်းငံ့မယ်” ဟု ပြောသည်။
တိုင်းအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ယင်းဥပဒေသည် ပြည်ထောင်စု လွှတ်တော်က လက်ရှိ ရေးဆွဲ ပြဋ္ဌာန်းမှု မရှိသေးခြင်း၊ မြန်မာနိုင်ငံသည် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်သို့ မရောက်ရှိ သေးခြင်းနှင့် ပြည်ထောင်စု မပြိုကွဲရေးတို့ကို အခြေခံ၍ ဥပဒေရေးဆွဲရန် သင့်၊မသင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထားနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်တို့ကို ရယူပြီးမှသာ ဆောင်ရွက်သင့်သည်ဟု အဆိုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
ယခင်အစိုးရ အဆက်ဆက်က မန္တလေးတိုင်းဒေသကြီးပိုင် မြေများ၊ အဆောက်အအုံများကို ပုဂ္ဂလိကသို့ ရောင်းချခြင်း၊ နှစ်ရှည် ငှားရမ်းခြင်းများ ပြုလုပ်ခဲ့ပြီး ပွင့်လင်းမြင်သာမှု အားနည်းခဲ့ကာ ခြစားမှုများ ရှိခဲ့ကြောင်း လွှတ်တော် ကိုယ်စား လှယ်များက ထောက်ပြခဲ့ကြသည်။
မန္တလေးတိုင်း ဒေသကြီးအနေဖြင့် မြေယာ၊ အဆောက်အအုံ၊ စက်ယန္တရားနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ အစရှိသည်တ့ိုနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုများ ရှိပြီး ဥပမာအားဖြင့် မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဂေါက်ကွင်းနှင့် ဆေးရုံတို့ကို ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းရာတွင် ငှားရမ်းခမှာ လက်ရှိ ပေါက်ဈေးထက် အဆမတန် နည်းနေခြင်း၊ ငှားရမ်းကာလ ကုန်ဆုံးသည့်အခါ ယင်းအဆောက်အအုံကို ပုဂ္ဂလိကက ပိုင်ဆိုင်သွားခြင်း စသည်တို့ ယခင်အစိုးရ လက်ထက်က ရှိခဲ့ကြောင်း လွှတ်တော်မှ သိရသည်။
ငါန်းဇွန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲဆုဝေက “တိုင်းဒေသကြီးပိုင် ပစ္စည်းဖြစ်တဲ့ မြေယာ အရင်း အမြစ်တွေကို ထိန်းသိမ်းမယ့် ဥပဒေတရပ် မရှိလို့ မဖြစ်သင့်တာတွေ၊ ပရမ်းပတာတွေလည်း ဖြစ်ခဲ့ပြီးပါပြီ။ ရသင့်တဲ့ အခွန်ဘဏ္ဍာတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ နောင်အနာဂတ်မှာ ဘယ်အစိုးရပဲ တက်တက် အလေအလွင့် မရှိစေဖို့ ဒီဥပဒေကို ပြဋ္ဌာန်းဖို့ ထောက်ခံပါတယ်” ဟု တိုက်တွန်းခဲ့သည်။
ယင်းအဆိုအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြမည်ဖြစ်ပြီး လက်ရှိ ဆွေးနွေးမှု အခြေအနေ များကို မန္တလေးတိုင်းလွှတ်တော်က မှတ်တမ်းတင်ထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။