မန္တလေးမြို့လယ် မီးပွိုင့်များတွင် ကလေးငယ်များကို တောင်းရမ်းရန် စေခိုင်းသူ ၆ ဦးကို ကလေးသူငယ် ဥပဒေဖြင့် တရားရုံးအသီးသီးက ပထမဆုံးအကြိမ် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
မန္တလေးမြို့လယ် မီးပွိုင့်များတွင် တောင်းရမ်း စားသောက်သူ ၅၅ဦးကို သြဂုတ် ၁၁ရက် မှ၁၅ရက် အတွင်း ဖမ်းဆီး မိခဲ့ရာ ကလေး၃၇ဦးပါဝင်ပြီး ကလေးသူငယ်များကို တောင်းရမ်းခိုင်းစေသည့် ၆ ဦးအား ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (ဂ)အရ ထောင် ဒဏ် ၆လနှင့် ကိုယ်တိုင်တောင်းရမ်းသူ၂ဦးကို ထောင်ဒဏ် ၁၅ ရက်စီ ပြစ်ဒဏ် အသီးသီး ချမှတ် ခဲ့သည် ဟု သိရသည်။
“ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့ အလုပ်အကိုင်တွေ စေခိုင်းတဲ့သူတွေကို ဥပဒေအရ အရေးယူတာပါ။ ကလေး တွေကိုတော့ အရေးယူလို့မရတဲ့အတွက် မိဘတွေကိုခေါ်ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးပါတယ်။ ဒါပေမဲ့ နောက်တခါ ဖမ်းမိရင်တော့ ကလေးမိဘတွေကိုပါ အရေးယူတော့မှာပါ” ဟု ကလေးသူငယ်များ စောင့်ရှောက်ရေးနှင့် တောင်းရမ်း စားသောက်သူ ပပျောက်ရေးဆောင်ရွက်နေသည့် မန်းစည်ပင်ကော်မတီမှ သန့်ရှင်းရေးဌာနခွဲမှုး ဦးစိုးတင့်အောင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ၏ ၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေတွင် ပုဒ်မ ၆၆(ဂ)အရ ကိုယ်ကျိုးစီးပွားအတွက် ကလေးသူငယ်အား တောင်းရမ်းခိုင်းခြင်း၊ မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ် တောင်းရမ်းစားသောက်နေသည်ကို တားဆီးရန် ပျက် ကွက်ခြင်းနှင့် မိမိတောင်းရမ်းစားသောက်ရာတွင် ကလေးသူငယ်ကို တနည်းနည်းဖြင့် အသုံးပြုခြင်းနှင့် စပ်လျဉ်းသော အပြုအမှုများအတွက် ထိုသူကို ထောင်ဒဏ် ၂နှစ် သို့မဟုတ် ငွေဒဏ် ၁သောင်းကျပ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးချ မှတ် ရမည်ဟု ဖော်ပြထားသည်။
ဖမ်းဆီးမိသည့် ၆၀ ဦးအနက် ကလေးများလည်း ပါဝင်ကာ ၎င်းတို့အနက် ၃၀ ဦးအား လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့အပ် ခဲ့ပြီး ကျန်ကလေးများကို မိဘများ၏ ခံဝန်ကတိဖြင့် ပြန်လွှတ် ပေးခဲ့သည်ဟု ဆိုသည်။
“ကလေးတွေကို ကြည့်ပြီး သနားတဲ့သူတွေက ပိုက်ဆံထည့်ကြတော့ တချို့မိဘတွေက ဒါကို စီးပွားရေး တရပ်အနေနဲ့ မီးပွိုင့်တွေမှာ လုပ်ခိုင်းတယ်။ ဒါတွေကို ပပျောက်အောင် ရေရှည်စီမံချက်နဲ့ လုပ်ဖို့ လိုသလို စည်ပင်တခုတည်း မဟုတ် ဘဲ သက်ဆိုင်တဲ့ဌာနတွေ ပူးပေါင်းလုပ်ဖို့ လိုအပ်ပါတယ်” ဟု ဦးစိုးတင့်အောင်က ပြောသည်။
မန္တလေးမြို့တွင်းလမ်းမကြီးများဖြစ်သော ၂၆လမ်း၊ ၇၈လမ်း၊ ၃၅လမ်း၊ လမ်း၈၀၊ ၆၂ လမ်းနှင့် ဘူတာကြီးတို့တွင် ကလေးငယ်များ အဖွဲ့လိုက် တောင်းရမ်းတတ်ပြီး ယာဉ်အသွားအလာများသည့် လမ်းများဖြစ်သောကြောင့် ၎င်းတို့သာမက လမ်းသွားလမ်းလာများပါ ယာဉ်အန္တရာယ်ရှိနိုင် သည်ဟုဆိုသည်။
မန္တလေးအခြေစိုက် One to One ပြည်သူ့ကူညီရေးအဖွဲ့တည်ထောင်သူ ကိုဝမ်းက “ကလေးတွေ တင်မဟုတ်ဘူး သက်ကြီးရွယ်အိုတွေကိုပါ တောင်းရမ်းခိုင်းတဲ့ ဂိုဏ်းပုံစံမျိုးရှိတယ်လို့လည်း ကြားဖူးတော့ အခုလိုခိုင်းတဲ့သူတွေကို ဥပဒေနဲ့ ထိထိရောက်ရောက်အရေးယူတဲ့ကိစ္စက ကောင်းပါတယ်။ ပြီးတော့ ခိုင်းခံရတဲ့ကလေးတွေရဲ့ အနာဂတ် အတွက် လူမှုဝန်ထမ်းက ပညာသင်ကြား ပေးတာမျိုး၊ အသက်မွေးဝမ်းကျောင်း ပညာသင်ပေးတာမျိုးကိုလည်း ဖိဖိ စီးစီးလုပ်ပေးဖို့လိုအပ်ပါမယ်” ဟု ဧရာဝတီကို ပြောသည်။