သတင်း

တရားလိုပြသက်သေ ရဲမှူး အမှန်ထွက်ဆိုခြင်း မရှိဟု Reuters သတင်းထောက်နှစ်ဦး ပြော

Want create site? Find Free WordPress Themes and plugins.

ရိုက်တာ (Reuters) သတင်းထောက်နှစ်ဦး အား ဖမ်းဆီးထားမှုတွင် တရားလိုပြ သက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့သည့် မင်္ဂလာဒုံမြို့နယ် ရဲမှူးဟောင်း၏ ထွက်ဆိုချက်များမှာ လက်တွေ့နှင့် ကွဲလွဲချက်များရှိနေပြီး အမှန်ထွက်ဆိုခဲ့ခြင်း မရှိကြောင်း ဖမ်းဆီး ခံသတင်းထောက်နှစ်ဦးက ယနေ့ရုံးချိန်းအပြီးတွင်  ဝေဖန်ပြော ကြားလိုက်သည်။

ရုံးချိန်းတွင် တရားလိုပြ သက်သေ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးမင်းသန့် ကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သတင်းထောက် နှစ်ဦး၏ အာမခံလျှောက်ထားမှုကိုလည်း တရားစွဲဆိုထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ၃(၁)(ဂ) မှာအာမခံ ပေးနိုင်သည့် ပုဒ်မမဟုတ်ဟုဆိုကာ တရားသူကြီးက ပယ်ချလိုက်သည်။

Reuters သတင်းထောက် ကိုဝလုံး က “ကျနော်တို့ကို တကယ်လာဖမ်းဆီးတာနဲ့ ဒီမှာထွက်ဆိုတာ လုံးဝကိုဆန့်ကျင်မှု ရှိတယ်လို့ ခံစားရတယ်။ ဒီနေ့လာတဲ့ ရဲအရာရှိကို ကျနော်တို့ မတွေ့ဖူးပါဘူး။ ဖမ်းတုန်းက ယူနီဖောင်းတွေ ဝတ်ထားတာမရှိဘူး၊ အခု ယူနီဖောင်း ဝတ်ထားတယ် ဆိုပြီးထွက်ဆိုသွားတယ်။ ကျမ်းသစ္စာကျိန်ဆိုပြီးမှ အမှန်တိုင်း ထွက်ဆိုခဲ့တာ မရှိဘူး” ဟု ပြောသည်။

အမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

သက်သေ ထွက်ဆိုခဲ့သည့် မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးမင်းသန့်သည် သတင်းထောက်နှစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့ ပြောင်းရွေ့ခြင်း ခံထားရကြောင်း သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင် က ပြောသည်။

ရဲမှူး၏ ထွက်ဆိုချက်များနှင့် ပတ်သက်ပြီး ဖမ်းဆီးခံ သတင်းထောက် ကိုမိုးအောင် က “တကယ်ဖြစ်ခဲ့တာတွေနဲ့ ထွက်ဆိုချက်တွေနဲ့ ကွဲလွဲနေတာကို တွေ့ရပါတယ်။ ကျမ်းထဲမှာပါတာတွေ မစူးပါစေနဲ့ပဲပြောချင်ပါတယ်” ဟု ပြောသည်။

မောင်တောဖြစ်စဉ်တွင် အစိုးရထုတ်ပြန်ချက်များနှင့် သတင်းများမှ ဖော်ပြခဲ့သည့် လူ၊ လက်နက်၊ ထိခိုက်ကျရှုံးမှု စာရင်းများအား သက်သေခံ တင်ပြရာတွင် တရားလိုသက်သေရဲမှူးမှ ၎င်းအချက် အလက်များသည် အများပြည်သူ သိရှိပြီးသား ဖြစ်သကဲ့သို့ ကိုဝလုံးနှင့် ကိုမိုးအောင်တို့ထံမှ သိမ်းဆည်းရမိထားသည့် စာရွက်စာတမ်းပါ အချက် အလက်များနှင့်လည်း အတူတူပင်ဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးသန်းဇော်အောင် က ပြောသည်။

ရှေ့နေ ဦးသန်းဇော်အောင် က “မောင်တော ဖြစ်စဉ်အားလုံးကို သတင်းမီဒီယာတွေ၊ သံတမန်တွေ အားလုံးကို ရှင်းပြပြီးပြီး၊ လူ၊ လက်နက်၊ ကျရှုံးစာရင်းတွေကော အသေးစိတ်ရှင်းပြပြီးသား ကိစ္စတွေဖြစ်တယ်။ ဒါတွေဟာ အများပြည်သူ သိရှိပြီးသား ကိစ္စတွေဖြစ်လို့ လျှို့ဝှက်ချက် တခုဖြစ်တယ်လို့ ကျနော်မယူဆဘူး” ဟု ပြောသည်။

တရားခွင်အတွင်း စစ်ဆေးချက်များ အရသတင်းထောက် နှစ်ဦးအား ဖမ်းဆီးခဲ့သည့် နေရာများကို ရဲတပ်ဖွဲ့မှ တရားရုံးသို့ တင်ပြရာမှာလည်း ကွဲလွဲမှုများ ရှိနေသည့်အပြင် အခင်းဖြစ်ပွားခဲ့သည့် ညပိုင်းက ယာဉ်စစ်တာဝန်ချထားသည် ဆိုသည့် ထွက်ဆိုချက်နှင့် ပတ်သက်၍လည်း တရားရုံးသို့ ခိုင်မာသည့် သက်သေခံချက်များ တင်ပြနိုင် ခြင်းမရှိသည့်အတွက် သတင်းထောက် နှစ်ဦးအား ဖမ်းဆီးရန် ကြိုတင်စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု ယူဆကြောင်း ၎င်းကထပ်မံပြောကြားသည်။

ဖမ်းဆီးခံသတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ) မိုးအောင်တို့အနေဖြင့်  မောင်တောတွင် တာဝန်ထမ်းဆောင် ခဲ့သည့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် နှစ်ဦးနင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက သွားရောက် တွေ့ဆုံပြီး အပြန်တွင် ရခိုင်အရေး လုံခြုံရေး စာရွက် စာတမ်းများ လက်ဝယ်  တွေ့ရှိသည်ဟုဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading