သတင်း

ပန်းချီ ဦးအေးမြင့် (မြန်မာမှု) အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူ

Want create site? Find Free WordPress Themes and plugins.

ပန်းချီဆရာ ဦးအေးမြင့် (မြန်မာမှု) ၏ အသက် ၈၈ နှစ်ပြည့် မွေးနေ့နှင့် အထိမ်းအမှတ် ကျောက်စာတိုင် ဖွင့်ပွဲကို အမရပူရမြို့နယ် တောင်သမန်အင်း ဦးပိန်တံတား အနောက်ထိပ် တောင်လေးလုံး ကျောင်းတိုက်ဝင်း အတွင်းရှိ သေဌေးဘုရား ရင်ပြင်တော်တွင် ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။

ဦးဝင်းမောင် (တမ္ပဝတီ) က “ဆရာ ဦးအေးမြင့်က မြန်မာပြည်သူ ပြည်သားတွေနဲ့ ပန်းချီပညာရှင်တွေကို မြန်မာမှု ပန်းချီ ခံစားတတ်အောင် သင်ကြားပေး၊ ရေးဆွဲပေးခဲ့တဲ့ ကျေးဇူးကို ဂုဏ်ပြုတဲ့ အနေနဲ့ စိုက်ထူခဲ့တာပါ” ဟု ပြော သည်။

ဆရာဦးအေးမြင့် (မြန်မာမှု) ကို ၁၉၃၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အဘ ဦးကျောက်၊ အမိ ဒေါ်မိစံ (ဒေါ်မမလေး) တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် မန္တလေးမြို့၏ နာမည်ကြီး ပန်းချီဆရာ ဦးကြွယ်လေး ထံတွင် စီပွားရေး ကြော်ငြာပန်းချီ ၃ နှစ် သင်ယူခဲ့သည်။

ထို့နောက် ပန်းချီဆရာ ဆရာဦးခင်မောင် (ဘဏ်) ထံ ရသပန်းချီ အခြေခံကစ၍ သင်ယူခဲ့ပြီး ဆရာဦးခင်မောင်၏ အကူ အညီ ဖြင့် ၁၉၅၁ ခုနှစ်မှ ၁၉၆၀ အထိ ပျဉ်းမနားဦးလှ စာပေးစာယူ သင်ခန်းစာနှင့် ဝါရှင်တန် ပန်းချီကျောင်း စာပေး စာယူ သင်ခန်းစာများကိုလည်း သင်ယူခဲ့သည်။

ပန်းချီဒီဇိုင်း နည်းပြဆရာ အဖြစ် အိမ်တွင်း စက်မှုလက်မှု ဌာနခွဲနှင့် ဆောင်းဒါး ရက်ကန်းကျောင်းတွင် ၁၉၅၄ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သလို မြန်မာမှု ဒီဇိုင်းများကို အချိန်အခါရသည့် အခါတိုင်း ကွင်းဆင်း လေ့လာ မှု ပြုလုပ်ခဲ့သည်။

“မြန်မာမှု ပန်းချီလောကရဲ့ရှေ့ဆောင်လမ်းပြ ဆရာတယောက်ပါ။ ဆရာ ဦးအေးမြင့် ကွယ်လွန်ခဲ့တာဟာ မြန်မာမှု ပန်းချီ လောက အတွက် အများကြီး နစ်နာပါတယ်။ ဆရာ့လို လူမျိုး နောက်ထပ် ပေါ်ထွက်လာစရာ မရှိနိုင်ပါဘူး”ဟု ပန်းချီဆရာ ဦးဇော်ဝင်း (သစ်ထွင်း) က ပြောသည်။

ဆရာ ဦးအေးမြင့်သည် မြန်မာ့ပြခန်း မွမ်းမံမှု တာဝန်ဖြင့် အီတလီနိုင်ငံ မီလန် ကုန်စည်ပြပွဲ (၁၉၆၆) နှင့် ကမ္ဘာ့ ကုန်စည် ပြပွဲ ဂျပန် အိုဆာကာ (၁၉၇၀)၊ မြန်မာမှုဒီဇိုင်း ရေးဆွဲရေး တာဝန်ဖြင့် အင်္ဂလန်၊ ဂျာမနီ နိုင်ငံများသို့ (၁၉၇၀) ခုနှစ် များတွင် သွားရောက်ခဲ့သည်။

၁၉၈၀ ပြည့်မှစ၍ လစဉ်ထုတ် ရတနာမွန် စာစောင်မျက်နှာဖုံး၊ ၁၉၈၉ ခုနှစ်မှ စ၍ သစ္စာရောင်ခြည်၊ မြတ်ဆုမွန် ဘာသာ ရေး စာအုပ်မျက်နှာဖုံး ဒီဇိုင်းများ တာဝန်ယူရေးဆွဲပေးခဲ့သလို မင်းကွန်း ပိဋကတ်စေတီ (၁၉၈၄)၊ ကမ္ဘာအေး သိမ်တော် ကြီး (၁၉၈၆)၊ ကမ္ဘာအေး အဆူ ၂၀ နှင့် ဓမ္မသဘင် (၁၉၉၁-၉၂)၊ ပုသိမ်မြို့ ကန်ကြီးဒေါင့်စေတီ(၁၉၉၄)၊ တက္ကသိုလ် ဓမ္မာရုံ (၁၉၉၅)၊ တပ်မတော်ဓမ္မာရုံ၊ ကုန်းမြင့်သာဇေယျသီရိ (၁၉၉၅)၊ ရန်ကုန်၊ မန္တလေးမြို့များရှိ စွယ်တော် မြတ် စေတီ များ (၁၉၉၆)၊ ရွှေတိဂုံစောင်းတန်း (၁၉၉၆)၊ ပို့ဆောင်ရေး ဓမ္မာရုံ (၁၉၉၇)၊ လာရှိုးမြို့ရှိ တိလောက ဝိဇယ စေတီ (၁၉၉၇)၊ ကျိုက် မှော်ဝန်း ရေလယ် ကျောက်တန်း (၁၉၉၇) တို့တွင် မြန်မာမှု ဒီဇိုင်းများ ပုံထုတ် ကြီးကြပ် တာဝန် ယူ ဆောင်ရွက်ခဲ့သည်။

ယခင်က ထုတ်ဝေသော ဗိုလ်ချုပ် အောင်ဆန်း ပုံပါသည့် ငွေစက္ကူ ဒီဇိုင်းများကိုလည်း ဆရာ ဦးအေးမြင့် ရေးဆွဲ ခဲ့ကြောင်း သိရသည်။

ဆရာဦးအေးမြင့်သည် ပုံရိုက်ဒီဇိုင်း၊ ပြက္ခဒိန်ဒီဇိုင်း၊ တံဆိပ်ခေါင်းဒီဇိုင်း၊ ပညာပေးပိုစတာ၊ ပြခန်းဒီဇိုင်း၊ သီရိပစ္စယာ ဟိုတယ် (ပုဂံ) ယွန်းကား နံရံများ၊ ဘာသာရေး စာအုပ်မျက်နှာဖုံး ဒီဇိုင်းများ ရေးဆွဲပေးခြင်းနှင့် မြန်မာမှု ပန်းချီးကား များ ရေးဆွဲခြင်း၊ မြန်မာမှု ဆောင်းပါးများနှင့် မြန်မာမှုဒီဇိုင်း စာအုပ် ရေးသားပြုစုခဲ့ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဆရာ ဦးအေးမြင့် (မြန်မာမှု) အမှတ်တရ ကျောက်စာတိုင်မှာ မာဘယ်လ် ခေါ် စကျင်ကျောက်စာတိုင် ဖြစ်ပြီး အရွယ် အစား မှာ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၃ ပေပတ်လည် ရှိကာ ပညာအလင်း အထိမ်းအမှတ်ဖြစ်သည့် ဖယောင်းတိုင် မီးတောက် အတွင်း ဆရာဦးအေးမြင့်၏ ပုံနှင့် ရှေ့သို့ အဓိပ္ပာယ်ရသည့် သင်္ကေတ ပါရှိသည်။

ကျောက်စာတိုင် ဖြစ်မြောက်ရေး အတွက် ဦးဝင်းမောင် (တမ္ပဝတီ) က ပုံစံဒီဇိုင်း ရေးဆွဲပေးခဲ့ပြီး ဆရာ ဦးအေးမြင့်၏ တပည့်များ ဖြစ်သည့် ဦးဇော်မင်းထိုက်၊ ဦးတင်ထွန်းအောင်၊ ဦးသောင်းထွန်း၊ ဦးမော်မော်၊ ဦးအောင်မြင့်ဦး၊ ဦးကျော်သီဟ၊ ဦးစိုးအောင်၊ ဦးအောင်မင်း တို့က အခမဲ့ ပူဇော် ထုဆစ်ပေးခဲ့သည်။

အဆိုပါ တောင်လေးလုံး ကျောင်းတိုက် အတွင်းရှိ သေေဋ္ဌးဘုရား ရင်ပြင်တော် အပေါ်တွင် ဆရာဦးအေးမြင့် (မြန်မာမှု) (၁၉၃၀- ၂၀၁၇) ကျောက်စာတိုင်သည် ၁၀ ခုမြောက် ကျောက်စာတိုင် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading