ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဒေသခံ ၅၀၀ ကျော်က ဌာနေတိုင်းရင်းသားများ အတွက် လုပ်ပိုင်ခွင့် မပါဟု ဆိုပြီး ၂၀၁၇ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်း ဆန္ဒထုတ်ဖော်ပွဲကို ကချင်ပါတီ ၃ ခုမှ ဦးဆောင်ကာ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီ၌ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် ကချင်ရိုးရာ မနောကွင်း အတွင်း လူစုကာ မြို့တွင်းသို့ စီတန်းလှည့်လည် ဆန္ဒပြကြခြင်းဖြစ်သည်။
ဆန္ဒပြသူများကို ဦးဆောင်သည့် ကချင်ပါတီ ၃ခုမှ ပြောရေးဆိုခွင့်ရှိသူ ဦးဘရန်အောင်က “ကျနော်တို့ ဒေသခံတွေကို ညှိနှိုင်းတိုင်ပင်မှု မရှိဘူး။ ကချင်ပါတီတွေကိုလည်း ညှိနှိုင်းတာမရှိဘူး။ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းရဲ့ ထိပ်ဆုံးမှာ ရေးထားတာက ပြည်သူလူထု သိရှိ အကြံပြုနိုင်ဖို့ အတွက်တဲ့။ အဲဒါကြောင့် ကျနော်တို့ အကြံပြုတယ်။ ပြုတော့ လည်း တခုမှ တင်ပြတာပါမလာဘူး။ ဒါ့ကြောင့် လူထုနဲ့ ဆန္ဒထုုတ်ဖော်တာပါ ” ဟု ပြောသည်။
ဦးဆောင်သည့် ကချင်ပါတီ ၃ခု ဖြစ်သော ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင် ဒီမိုကရက်တစ်ပါတီ (KDP) ၊ ကချင် အမျိုးသား ကွန်ဂရက်ပါတီ (KNC) တို့မှ ပါတီ အကြီးအကဲများလည်း ပါဝင်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများက “ကချင်ပြည်နယ် ကျောက်စိမ်းသည် ကချင်နှင့် နိုင်ငံသား၊ တိုင်းရင်းသား လက်ထဲ ရှိရေး ဒို့အရေး” ၊ “အကြီးစားလုပ်ကွက် အလိုမရှိ”၊ “စက်ယန္တရားကန့်သတ်ရေး အမြန်လုပ်ပေး”၊ “ကျောက်မျက် ဥပဒေ အမြန်ပြဌာန်း ပေး ရေး” ၊ “ကချင်လူမျိုးများနှင့် နိုင်ငံသား တိုင်းရင်းသားများ ကျောက်မျက် ထုတ်လုပ်ရေးကဏ္ဍ တန်းတူအခွင့်အရေး ရရှိရေး ဒို့အရေး”ဟူ၍ ကြွေးကြော်ကာ အကြီးစား လုပ်ကွက်များ အလိုမရှိဟူသည့် စာသားပါ ဗီနိုင်းများနှင့် ၂၀၁၇ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းကို ကန့်ကွက်သည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ကာ ဆန္ဒပြကြခဲ့ ကြ သည်။
ဆက်လက်၍ ဦးဘရန်အောင် ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက် ဥပဒေကြမ်းကို ကချင် နိုင်ငံရေးပါတီများက လေ့လာရာ ဌာနေ တိုင်းရင်း သားများအတွက် အခွင့်အလမ်းများ၊ ရပိုင်ခွင့်များ မပါရှိသဖြင့် ၂၀၁၇ ခုနှစ်အတွင်းက ကချင်ပါတီ ကိုယ်စားလှယ်များ၊ စာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ဥပဒေပညာရှင် အဖွဲ့များ၊ မြစ်ကြီးနား ကျောက်မျက် အသင်း မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြီး ဌာနေတိုင်းရင်းသားများ အတွက် အခွင့်အလမ်းများ ပါရှိ စေရေး အတွက် အကြံပြုချက် ၆ ချက်ကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သည်ဟု ပြောသည်။
ထို အကြံပြုချက်များကြောင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့က အကြံပြုချက်ပေးပို့သည့် အဖွဲ့များမှ ကိုယ်စားလှယ် ၈ ဦးကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သို့သော်လည်း ဥပဒေကြမ်း ထုတ်ပြန်ရာတွင် ယင်းအကြံပြုချက်များ ပါမလာကြောင်း ၎င်းကဆိုသည်။
တောင်းဆိုထားသည့် အချက် ၆ ချက်ထဲမှ စက်ယန္တရား ကန့်သတ်ချက်များတွင် အကြီးစား စက်ယန္တရားများ အစား အသေးစား၊ အလတ်စား စက်ယန္တရားများကိုသာ အသုံးပြုရန်၊ ဥပဒေ အခန်း(၄) ကျောက်မျက်လုပ်ကွက် သတ်မှတ် ခြင်း တွင်အလတ်စား၊ အသေးစား၊ လက်လုပ်လက်စားဇုန်များ အဖြစ် ခွဲခြား သတ်မှတ်ပေးရန်၊ အခန်း(၅) ကျောက် မျက် ရတနာ ထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်တွင် ဒေသခံ ၆၀ ရာခိုင်နှုန်းပါသည့် စောင့်ကြည့် အဖွဲ့တိုင်းနှင့် ပြည်နယ် ကော်မတီများ ဖွဲ့ရေး ပါရှိရန်ဟူသည့် အချက်များ ပါဝင်သည်။
ထို့ပြင် အခန်း(၈) တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များတွင် တန်ဖိုးဖြတ်အဖွဲ့များ ဖွ့ဲပါက ဒေသနေ သယံဇာတပိုင်ရှင် ဌာနေတိုင်းရင်းသားများ ၃၀ ရာခိုင်နှုန်းထည့်သွင်း ဖွဲ့စည်းပေးရန်၊ အခန်း (၉) ရတနာခွန် နှင့် ဝန်ဆောင်ခ ပေးဆောင်ခြင်းပါ ပုဒ်မများတွင် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်များကို ၂၀ ရာခိုင်နှုန်း ပေးဆောင် ရမည် ဟူသည့် အချက်ကို ၁၀ ရာနှုန်းအဖြစ် ပြန်လည် ပြင်ဆင်ပေးရန် နှင့် အခန်း (၁၀) ကျောက်မျက်ရတနာ ကြီးကြပ်ရေး ဗဟို ကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များပါ ပုဒ်မများအရ ဖွဲ့စည်းမည့် ကော်မတီတွင်လည်း ဌာနေ တိုင်းရင်းသားများကို ထည့်သွင်း ဖွဲ့စည်းပေးရန်ဟူသည့် အချက်တို့ ဖြစ်သည်။
၂၀၁၇ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်း၊ အခန်း(၉) ရတနာခွန်နှင့် ဝန်ဆောင်ခ ပေးဆောင်ခြင်း ပါပုဒ်မ ၃၂ (က) တွင် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စိန်ဖြစ်ပါက ၂၀ ရာခိုင်နှုန်းအခွန် ပေးဆောင်ရမည် ဖြစ်ပြီး အခြား ကျောက် မျက် ရတနာ ဖြစ်ပါက ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟု ရေးသား ထားသည်။
ဦးဘရန်အောင်က လက်ရှိ ရေးဆွဲထားသည့် ဥပဒေကြမ်းတွင် သယံဇာတ ထွက်ရှိရာ ဒေသ၏ မူလပိုင်ရှင် ဖြစ်သည့် ဌာနေ တိုင်းရင်းသား တို့၏ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့် နေရာများ မပါရှိသဖြင့် ယခုကဲ့သို့ တောင်းဆိုရခြင်း ဖြစ်သည် ဟု ပြောသည်။
KSDP ဥက္ကဌ ဒေါက်တာ မနာမ်တူးဂျာ ကလည်း “ကျနော်တို့ တင်ပြခဲ့ပေမယ့် အမျိုးသား လွှတ်တော်က အရေးယူ ပြင်ဆင် ပေးတာမျိုး မရှိဘဲ သူတို့ ဥပဒေမူကြမ်းကို ထုတ်ပြန်လိုက်တယ်။ ဒီတော့ သူတို့ အရေးယူ ဆောင်ရွက် ပေးနိုင် အောင် လူထုသဘောနဲ့ လူထုအာဘော်ဖြစ်အောင် ဆန္ဒဖော်ထုတ်ရေးကိုဦးတည်ပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင် တာပါ” ဟု ပြောသည်။
ဥပဒေကြမ်းတွင် ကျောက်တူးဖော်ရေး လုပ်ငန်းများမှ စက်ယန္တရားကြီးများ အလွန်အကျွံ သုံးစွဲမှုများကို ထိန်းကွပ် ပေးမည့် အချက်များလည်း မပါရှိကြောင်း၊ ကျောက်စိမ်းထွက်ရှိသည့် ဖားကန့်မြို့နယ်သည် စက်ယန္တရားကြီးများ ကြောင့် ပျက်စီးနေ ပြီဖြစ်သဖြင့် ထိုအချက်များကို ထည့်သွင်းစေလိုကြောင်းလည်း ဒေါက်တာ မနာမ်တူးဂျာက ပြောဆို သည်။
“သယံဇာတ ထွက်ရှိတဲ့ငွေနဲ့ ဒေသခံ ကောင်းကျိုး လုပ်ပေးတာ အင်မတန်နည်းတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး ဒေသခံ အာဏာပိုင်တွေကိုလည်း လုပ်ပိုင်ခွင့် ပေးဖို့လည်း တောင်းဆိုထားတဲ့ထဲ ပါတယ်။ ဒီနေ့ဆန္ဒပြပွဲ ကျင်းပ လိုက် တဲ့ အတွက်ကြောင့် သူတို့(လွှတ်တော်)လည်း အာရုံစိုက်လာပြီး သူတို့ ပြန်လည် သုံးသပ်လာဖို့ ရည်ရွယ်တာ။ သူတို့ လုပ်ကြ မယ် ထင်ပါတယ်”ဟု ဒေါက်တာ မနာမ်တူးဂျာက ဆိုသည်။
၂၀၁၇ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းသည် တတိယ အကြိမ်မြောက် ပြင်ဆင် ရေးသားထားပြီး အတည်ပြု နိုင်ရန် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးနေဆဲ ဖြစ်သည်။
မြန်မာ့ ကျောက်မျက် ရတနာဥပဒေကို ၁၉၉၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၀၃ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပထမအကြိမ်၊ ၂၀၁၆ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဒုတိယအကြိမ် ပြင်ဆင် ထားပြီး ယခုအခါ သမ္မတ ဦးထင်ကျော် လက်ထက်တွင် တတိယအကြိမ် ထပ်မံ ပြင်ဆင် ဖြည့်စွက်ခြင်း ဖြစ် သည်။