အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံရာတွင် ထိုင်းနိုုင်ငံက အိမ်ရှင် အဖြစ် ကူညီမည်ဖြစ်ကြောင်း မနေ့က သတင်းများထွက်ပေါ်လာရာ၊ ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးကလည်း လက်ခံရန် အသင့်ရှိကြောင်း သတင်းထောက်များကို ပြောသည်။
သို့သော် အိမ်ရှင် အဖြစ် လက်ခံရန် ဆက်သွယ်အကြောင်းကြားမှု မရသေးသော်လည်း ထိုင်းနိုင်ငံ အနေဖြင့် ယင်းတွေ့ဆုံ ဆွေးနွေးမှုအတွက် ညှိနှိုင်းပေးရန်နှင့် အိမ်ရှင်အဖြစ် လက်ခံပေးရန် အသင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဒ် ဝီနိုင်က ပြောလိုက်ခြင်းဖြစ်သည်။
ထိုပြောဆိုချက်နှင့် ပတ်သက်၍ အမေရိကန်သံရုံးက သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်သည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းမှာ လာမည့်သောကြာနေ့တွင် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး၊ တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားဘက်သို့ ဝါဒဖြန့်ချိမှုကို ရပ်ဆိုင်းထားသည်။
အမေရိကန်- မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံမှုကို ဇွန်လဆန်းတွင် ပြုလုပ်ရန် ရှိပြီး၊ နေရာ ၅ခုကို ရည်မှန်းထားရာ ကမ္ဘာ့အရေးလေ့လာသုံးသပ်သူများက မွန်ဂိုလီးယားမှသည် စင်ကာပူ၊ စကင်ဒီနေဗီးယားနိုင်ငံများ အထိထင်ကြေးပေးသည်။
ထိုင်းနိုင်ငံသည် သမိုင်းအစဉ်အလာအရ အမေရိကန်၏ မဟာမိတ်ဖြစ်ပြီး မြောက်ကိုရီးယားနှင့်လည်း သံတမန်ဆက်ဆံ ရေးရှိသည်။
ထိုင်းဒုတိယဝန်ကြီးမချုပ် ပရာဝပ် ဝေါင်ဆုဝန်သည်လည်း လတ်တလော အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး အမေရိကန်ကာကွယ်ရေးအတွင်းဝန် ဂျိမ်းစ်မတ်တစ်နှင့် ပြည်တွင်းလုံခြုံရေး အဆင့်အရာရှိများနှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။