ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် အတွင်းရှိ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် တဦး သေနတ် ဒဏ်ရာနှင့် သေဆုံးမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။
သေဆုံးသူသည် သုံးခွ နယ်မြေရဲစခန်း၏ နယ်ထိန်း ခေါင်းဆောင် ဘုရားချောင်း ရဲကင်းမှူး ဒုရဲအုပ် ကောင်းမြတ်သူ ဖြစ်ပြီး ယမန်နေ့ ညနေ ၆ နာရီခန့်က တာဝန် ထမ်းဆောင်ရန် ၎င်းအား ပေးအပ်ထားသည့် သေနတ်ဖြင့် ကိုယ်ကိုယ် ကိုယ် ပစ်ခတ်၍ အဆုံးစီရင်ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
“ဒုရဲအုပ် ကောင်းမြတ်သူဟာ ရဲကင်းရဲ့ တောင်ဘက် ၁၂ ပေ အကွာလောက်မှာ သူ့ကို ထုတ်ပေးထားတဲ့ ခြောက် လုံးပြူး သေနတ်နဲ့ ကိုယ့်နားထင်ကို ပစ်ပြီးတော့ သေဆုံးသွားတာ ဖြစ်ပါတယ်။ ညာဘက် ဦးခေါင်းနားထင် အထက် နား မှာ ကျည်ပေါက်ဝင်တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီ ကို ပြောပြ သည်။
ယမန်နေ့ ညနေ ၆ နာရီခန့်က ဒုရဲအုပ် ကောင်းမြတ်သူမှာ ကင်းရုံအတွင်း ကင်းတာဝန်ကျ ရဲဒုတပ်ကြပ် မျိုးမင်းထက် နှင့် ခေတ္တ စကားပြောကာ အပေါ့သွားဦးမည်ဟုပြောဆို၍ ကင်းရုံ အပြင်ဘက်သို့ ထွက်သွားခဲ့ကြောင်း၊ သိပ်မကြာခင် အချိန် ၌ သေနတ်သံကြားသည့် အတွက် ဒုတပ်ကြပ် မျိုးမင်းထက်က သွားရောက်ကြည့်ရှုရာ ဦးခေါင်းတွင် ကျည်ဖောက် ဝင် ဒဏ်ရာ ၁ ချက်ဖြင့် ဒုရဲအုပ် ကောင်းမြတ်သူ သေဆုံးနေသည်ကို တွေ့ရကြောင်း ဧရာဝတီတိုင်း ရဲ တပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင် ခြောက်လုံးပြူး သေနတ်ကိုလည်း သေဆုံးသူ၏ ခြေထောက် ၂ ချောင်းကြား၌ ကျနေသည်ကို တွေ့ရှိရကြောင်း လည်း ဆိုသည်။
“သူ့ရဲ့ မိသားစုဆိုင်ရာ ကိစ္စတွေကြောင့် အခုလို အဆုံးစီရင် သွားတယ်လို့ပဲ ကျနော်တို့ အကြမ်းဖျင်း သိထားပါတယ်။ အသေးစိတ်ကိုတော့ ပန်းတနော် ရဲမှူး ဦးဆောင်တဲ့ ခုံရုံးအဖွဲ့နဲ့ စစ်ဆေးနေပါတယ်” ဟု ဒုရဲမှူးကြီး ခင်မောင်လတ် က ပြောသည်။
ဒုရဲအုပ် ကောင်းမြတ်သူ (အသက် ၃၂ နှစ်) သည် လွန်ခဲ့သည့် ၆ လခန့်မှ စတင်၍ ရေကြည်မြို့မ ရဲစခန်းမှ ပန်းတနော် မြို့နယ် သုံးခွနယ်မြေ ရဲစခန်းသို့ နယ်ထိန်းခေါင်းဆောင်အဖြစ် ရောက်ရှိလာသူဖြစ်ပြီး အခြားအဆင့် တပ်ဖွဲ့ဝင် ၃ ဦး အား ဦးဆောင်၍ ဘုရားချောင်း ရဲကင်းမှူးအဖြစ် မိသားစုနှင့်အတူ နေထိုင်ရင်း တာဝန် ထမ်းဆောင်နေသူလည်း ဖြစ် သည်ဟု ဆိုသည်။
ဒုရဲအုပ် ကောင်းမြတ်သူ သေဆုံးမှုအား မအူပင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဘဝင်း ဦးဆောင်သော အဖွဲ့က လာရောက် စစ်ဆေးကာ အလောင်းကို သုံးခွတိုက်နယ် ဆေးရုံသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးခဲ့ပြီး ယာယီစခန်းမှူး ရဲအုပ် ကျော်သန်း က တရားလိုပြုလုပ်၍ သုံးခွနယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဒုရဲအုပ် ကောင်းမြတ်သူမှာ ပထဝီဝင် အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရရှိထားပြီး အသက် ၁၈ နှစ်အရွယ် ကတည်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူ ဖြစ်ကာ လုပ်သက် ၁၃ နှစ်ကျော်ရှိသည့် တပ်ဖွဲ့ဝင် တဦးဖြစ်သည်။
၎င်း ကွယ်လွန်ချိန်၌ ဇနီးသည်နှင့် အတူ ၂ လသားအရွယ် သမီးတဦးလည်း ကျန်ရစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက် ကလည်း မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေး နယ်မြေ ရဲစခန်း၌ ယာယီစခန်းမှူး အဖြစ် တာဝန် ထမ်းဆောင်နေသည့် ရဲအုပ် လှိုင်ဝင်း ဆိုသူသည် ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပတ်ခတ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။