ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ကွန်ချောင်း၊ မမြစသည့် ရေလှောင်တမံများမှ ရေလျှံကျသည့်အတွက် ှိ ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူမြို့နယ်များမှအိမ်ခြေ ၁ သောင်းကျော်မှာ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
“ကွန်ချောင်းနဲ့ မမြ ရေလှောင်တမံတွေက ရေလျှံကျတဲ့အတွက် အင်္ဂပူမြို့နယ် မယ်ဇလီကုန်းကနေ ကြံခင်းမြို့နယ် ဘက်ရဲမြို့အထိ၊ ပြီးတော့ ရေကာတာဘေးမှာရှိတဲ့ မြန်အောင်ဘက်ခြမ်းကရွာတွေ ရေနစ်မြုပ်နေတယ်။ စုစုပေါင်းဆို အိမ်ခြေ ၁ သောင်းကျော်လောက်ရှိတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်ပြီး အင်္ဂပူမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူဦးအောင်ကျော်ခိုင်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဇွန်လ ဒုတိယပတ်အတွင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ရေလှောင်တမံများ ရေလျှံခြင်း၊ တောင်ကျချောင်းရေများကျဆင်းခြင်းတို့ကြောင့် ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူနှင့် ဇလွန်မြို့နယ်တို့တွင် လူနေအိမ်များ လမ်းများ ရေနစ်မြုပ်ခြင်း၊ စပါးခင်းများ ရေနစ်မြုပ် ပျက်စီးခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“မိုးများတော့ ဆည်ရေတွေ ပြည့်ကုန်တယ်။ ဆည်ရေပြည့်ချိန်မှာ ရေတွေက ဆည်ရေပိုလွှဲထဲကို လွဲှပို့ပေးတယ်။ အခုက ဆည်ရေပိုလွှဲအထက်မှာ ရေက ၁၁ ပေရှိတယ်။ လောလောဆယ်တော့ အဲဒီဒေသခံပြည်သူတွေ စားသောက်ရေး အဆင်ပြေစေဖို့ ထမင်းထုပ်တွေ ဝေငှကူညီဖို့ လုပ်ဆောင်နေတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန အနေဖြင့် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ ရေဘေးသင့်အိမ်ထောင်စု ၉၈ အိမ်မှ လူဦးရေ ၃၇၃ ဦးနှင့် မြန်အောင်မြို့နယ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသည့် အိမ်ထောင်စု ၃၆ စုမှ လူဦးရေ ၁၁၃ ဦးတို့အတွက် ရိက္ခာတပတ်စာ ထောက်ပံ့ပေးထား ကြောင်း သိရသည်။
“ရေနစ်မြုပ်မှု ဖြစ်နေတာတော့ ကြံခင်း၊ မြန်အောင်နဲ့ အင်္ဂပူဒေသဘက်မှာ ဖြစ်နေတယ်။ ကြံခင်းက ရေဘေးသင့် အိမ်ထောင်စုတွေနဲ့ မြန်အောင်မြို့က ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ ပြည်သူတွေအတွက်စားနပ်ရိက္ခာတပတ်စာ ကျနော်တို့ ထောက်ပံ့ပေးထားပါတယ်။ အင်္ဂပူဘက်မှာလည်း ရေနစ်မြုပ်နေတဲ့အိမ်တွေရှိပါတယ်။ သူတို့တွေ ယာယီကယ်ဆယ်ရေးစခန်းကိုရောက်လာလို့ အခက်အခဲဖြစ်တဲ့အချိန်မှာ အဆင်သင့် ထောက်ပံ့နိုင်အောင် ပြင်ဆင်ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။
ထို့ပြင် ဇလွန်မြို့နယ်အတွင်း၌ ကမ်းပတ်တာနှင့် မလွတ်ကင်း၍ အန္တရာယ်ရှိနေသည့် နေအိမ်ပေါင်း ၁၉၉ လုံးကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီး ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ပြောသည်။
ဟင်္သာတခရိုင်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းသည့်အတွက် နေအိမ်များ ရေကြီးနစ်မြုပ်မှုအပြင် ဇလွန်မြို့နယ်ရှိ လိန်ကုန်းရွာအပါအဝင် ဂွေးကုန်း၊ ပေါက်ကုန်း၊ လေးတူး၊ ကျုံဇရစ်၊ အုန်းကုန်း၊ မောင်းထောင် အစရှိသည့်ကျေးရွာများမှ စပါးကြဲခင်းဧက ၃၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း ဒေသခံလယ်သမားများက ပြောသည်။
ပုသိမ်မြို့နယ်အတွင်း၌လည်း ယမန်နေ့တွင် မိုးရေချိန် ၅ ဒဿမ ၄၀ လက်မအထိ မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေများကျဆင်းသည့်အတွက် ပုသိမ် – ချောင်းသာကားလမ်းဘေးရှိ ကျောက်ကြီး၊ ဆိပ်ကြီး၊ ခြောက်ကောင်၊ ဝါးဘိုး၊ သာပေါင်းလေး၊ အုန်းတော၊ ဥယျာဉ်ချောင်းနှင့် ကလပ်ချီစသည့် ကျေးရွာများရှိ နေအိမ်တချို့ရေမြုပ်ကုန်ပြီး ဒေသခံများမှာ ဘေးလွတ်ရာ ဘုန်းတော်ကြီးများသို့ ပြောင်းရွှေ့ခိုလှုံနေရကြောင်း သိရသည်။ ထို့ပြင် ပုသိမ် – ချောင်းသာ ကားလမ်းမှာလည်း ယမန်နေ့က ကားလမ်းပေါ် ရေ ၃ ပေခန့် ကျော်နေသည့်အတွက် သွားလာ၍ မရတော့ဘဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
ရေဘေးဒုက္ခခံစားနေရသည့် ဝါးဘိုး၊ သာပေါင်းလေး၊ အုန်းတော၊ ဥယျာဉ်ချောင်းနှင့် ကလပ်ချီစသည့် ကျေးရွာများသို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးနှင့် ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ယနေ့ နေ့လည်ပိုင်းတွင် ကွင်းဆင်း၍ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြပြီး ကျောက်ကြီး၊ ဆိပ်ကြီးနှင့် ခြောက်ကောင်ကျေးရွာများသို့လည်း မနောဖြူ လူမှုကူညီရေး အသင်းနှင့် အလှူရှင်များ သွားရောက်လှူဒါန်းပေးနေကြောင်း သိရသည်။
“တောင်ကျချောင်းရေကြောင့် ပုသိမ် – ချောင်းသာကားလမ်းဘေးက ဆိပ်ကြီး၊ ကျောက်ကြီးနဲ့ ခြောက်ကောင်ရွာက အိမ်တွေရေမြုပ်ကုန်လို့ ဘေးလွတ်ရာ ပြောင်းနေရတယ်။ အခု အဲဒီက အိမ်ထောင်စု၂၇ စုအတွက်လိုအပ်တဲ့ ဆန်၊ ဘဲဥ၊ ဓာတ်ဆားနဲ့ ရေသန့်တွေ ဦးဇင်းတို့ သွားလှူပေးနေတယ်။
ပုသိမ် – ချောင်းသာကားလမ်းကတော့ မနေ့က ရေတကျော်နေလို့ လမ်းပိတ်သွားခဲ့တယ်။ အခုတော့ ပြန်သွားလို့ ရနေပြီ”ဟု ပုသိမ်မြို့ မနောဖြူလူမှုကူညီရေးအဖွဲ့မှ ဆရာတော် ဦးစန္ဒာသီရိက ပြောသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ် – ချောင်းသာကားလမ်းဘေးရှိ ကျေးရွာများတွင်သာမက ပုသိမ်မြို့ပေါ်ရပ်ကွက် ၆ ခုတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး နေအိမ်များအတွင်း ရေဝင်ခြင်း၊ လမ်းများပေါ်တွင်ရေများပြည့်လျှံ၍ သွားလာရေးခက်ခဲနေခြင်းများ ဖြစ်ပေါ်နေသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုြတ်ပန်ချက်အရ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်ပြင်တွင် မုတ်သုံလေအား အလွန်ကောင်းနေပြီး ဧရာဝတီတိုင်းရှိ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။