Reuters သတင်းထောက် နှစ်ဦးအား အမှုဆင် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဖွင့်ချထွက်ဆို ပြီး နောက် ၎င်းနှင့် အတူ ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီး ခင်မောင်လင်းအား သက်သေစာရင်းက ဇွန် ၁၈ ရက် ရုံးချိန်း၌ တရား လိုဘက်က ပြန်လည် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။
တပ်ကြပ်ကြီး ခင်မောင်လင်းသည် Reuters သတင်းထောက် နှစ်ဦးအား ခွင့်ပြုချက်မရှိဘဲ သတင်း ဖြေကြားသည်ဟု ယူဆ ကာ ရာထူးမှ အပြီးတိုင် ထုတ်ပယ် ခံခဲ့ရကြောင်းလည်း သိရသည်။
Reuters သတင်းထောက် ရှေ့နေ ဦးသန်းဇော်အောင်က “တရားလိုဘက်က ဥပဒေအရာရှိ မြိတ်ဘက်မှာ သွားရှာပေမယ့် ရထားတဲ့ လိပ်စာ မှာ မနေတော့ဘူး ဆိုပြီး တရားရုံးကိုတင်ပြတယ်။ သဘောကတော့ ရှာမတွေ့တော့ဘူး ဆိုပြီး တပ်ကြပ်ကြီး ခင်မောင်လင်း ကို ပယ်လိုက်တာ” ဟု ယနေ့ ရုံးချိန်းတွင် ပြောသည်။
တပ်ကြပ်ကြီး ခင်မောင်လင်းသည် တရားလိုပြသက်သေ အမှတ်စဉ် အရ နံပါတ်စဉ် ၁၉ တွင်ရှိနေသည့် ဦးမိုးရန်နိုင် ပြီး နောက် နံပါတ်စဉ်၂၀ ဖြင့် ပါဝင်ခဲ့သူ ဖြစ်သော်လည်း အစဉ်လိုက် လာရောက် ထွက်ဆိုနိုင်ခြင်းလည်း မရှိပေ။
အမှုနှင့် ပတ်သက်၍ အရေးယူခံရသူ နှစ်ဦးအနက် ဦးမိုးရန်နိုင် က ဖွင့်ချ ထွက်ဆိုခဲ့ပြီးနောက် တပ်ကြပ်ကြီး ခင်မောင်လင်း လာရောက် ထွက်ဆိုမည့်ရက်ကို လူအများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သော်လည်း လာရောက် ထွက်ဆိုမည် မဟုတ် သည်ကို ခန့်မှန်းမိကြောင်း Reuters သတင်းထောက် ရှေ့နေ နောက်တဦး ဖြစ်သူ ဦးခင်မောင်ဇော် က ပြောပြသည်။
အမှု၌ တရားလိုပြ သက်သေ ၂၅ ဦးရှိသည့် အနက် တပ်ကြပ်ကြီး ခင်မောင်လင်း အပါအဝင် ၃ ဦးအား ပြန်လည် ပယ်ဖျက် ခဲ့ပြီး ယနေ့ ရုံးချိန်းတွင် နောက်ဆုံး သက်သေအဖြစ် မှုခင်း တပ်ဖွဲ့ (CID) ရဲမှူး တင်ဝင်းမောင် အား စစ်ဆေးခဲ့သည်။
သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အနေဖြင့် စတင်ဖမ်းဆီးခံရချိန်တွင် အောင်သပြေ စစ်ကြောရေးစခန်း၌ နှစ်နာရီခြားတခါ စစ်ဆေးမှုများအား ၃ ရက်ဆက်ကြုံတွေ့ခဲ့ရပြီး နာရီပေါင်းများစွာ ဒူးထောက်ခိုင်း၍ မေးခွန်းများအား ဖြေ ကြားစေခဲ့ကြောင်းလည်း သတင်းထောက်များအား ပြောဆိုထားသည်။
ယင်းသို့ စစ်ဆေးမှုများနှင့်ပတ်သက်ပြီး ယနေ့ လာရောက် ထွက်ဆိုသည့် ရဲမှူး တင်ဝင်းမောင် က ၎င်းအနေဖြင့် မသိရှိ ကြောင်းကို ပြောဆိုသွားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ အနီး လူသတ်မှုအား ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် Reuters သတင်း ထောက်များ ဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦး အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းက ရခိုင် အရေး လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) နှင့် ဖမ်းဆီး တရားစွဲဆို ခံနေရခြင်း ဖြစ်သည်။
သတင်းထောက် နှစ်ဦး အနေဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည်မှာ ၆ လကျော် ကြာမြင့်ပြီ ဖြစ်သည့်အတွက် များစွာ နစ်နာရကြောင်း ၎င်းတို့ က ပြောသည်။
ယနေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေများအား စစ်ဆေးပြီးစီးပြီး ဖြစ်သည့် အတွက် အမှုအား စွဲချက်တင်သင့် မတင်သင့် နှင့် ပတ်သက်၍ အပြန်အလှန် လျှောက်လဲချက်များအား လာမည့် ဇူလိုင်လ ၂ ရက်ရုံးချိန်းတွင် တင်ပြမည် ဖြစ်ကြောင်း လည်း သိရသည်။