မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင် တံတား၌ ဘိန်းဖြူနှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁ သိန်း ခွဲ ကျော် တန်ဖိုးအားဖြင့် သိန်း ၈ ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် မှုခင်းအကူ ဌာနစုမှ ရဲအုပ်ကျော်ဆန်းက ပြောသည်။
မော်လမြိုင်မြို့၊ မန္တလေး ရပ်ကွက်၊ သံလွင် တံတား (မော်လမြိုင်)ထိပ်၌ ဇူလိုင် ၅ ရက် ညနေ ၅ နာရီခွဲကျော်က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မူးယစ်ဆေးဝါးများ၌ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၅၃၄၆၅ ပြား၊ WY စာတမ်း ပါ အစိမ်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၁၅၄၀ ပြား၊ ၃၅၀ ဂရမ်ရှိ ဘိန်းဖြူ ဘလောက်တုံး တတုံးတို့ ပါဝင် ကြောင်း ရဲအုပ် ကျော်ဆန်းက ဧရာဝတီသို့ ပြောသည်။
ဖမ်းဆည်းရမိသည့်WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဘိန်းဖြူ တို့၏ တန်ဖိုးစုစု ပေါင်းမှာ ငွေကျပ် သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိကြောင်း မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၏ မှတ်တမ်းတွင် ဖော်ပြ ထားသည်။
ဖြစ်စဉ်မှာ သထုံခရိုင်၊ မုတ္တမ ဘက်ခြမ်းမှ မော်လမြိုင်ဘက်သို့ ဦးစံဝင်း (၂၈ နှစ်) မောင်းနှင်ပြီး ယာဉ်အရှေ့ခန်း ၌ ဦးစန်းလွင် (၃၇ နှစ်) လိုက်ပါလာသည့် Vitz အမျိုးအစား ခဲရောင် ယာဉ်ကို မူးယစ်ဆေးဝါး သတင်းအရ ဖမ်း ဆီး စစ်ဆေးရာတွင် ယာဉ်အနောက်ခန်း၌ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး က သိရသည်။
သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ပတ်သက်၍ ဦးစံဝင်းနှင့် ဦးစန်းလွင်တို့အား မေးမြန်းရာ တွင် အဆိုပါ ဆေးပြားများမှာ ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ နမ့်မလင်းကျေးရွာနေ ဒေါ်တင်တင်လှ (ခ) နန်းစံတွမ်း (၅၇ နှစ်) တို့၏ ပစ္စည်းများ ဖြစ်ပြီး ၎င်းတို့ယာဉ် အနောက်၌ AD-Van အဖြူရောင်ယာဉ်ဖြင့် ဒေါ်တင်တင်လှတို့ လိုက်ပါကြောင်း ထွက်ဆိုကြသည်။
ယင်း ထွက်ဆိုမှုကြောင့် ယာဉ်မောင်း အမျိုးသား တဦး၊ ဒေါ်တင်တင်လှနှင့် ၎င်း၏သားဖြစ်သူ အောင်စိုးစိုးဝင်း (၂၃ နှစ်) တို့ လိုက်ပါလာသော မော်တော်ယာဉ်ကို မော်လမြိုင်မြို့၊ မန္တလေး ရပ်ကွက်၊ ဒိုင်းဝန်ကွင်း လမ်းမကြီး ပေါ်ရှိ ပြည်နယ်ခန်းမ အနီး၌ ထပ်မံ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါး အမှု၌ ဖမ်းဆီးထားသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တဦးတို့ကို နယ်မြေ ရဲစခန်း ၌ မယ (ပ) ၁၀/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က) /၂၀(က)/၂၁ အရ ဇူလိုင် ၆ ရက်က အမှုဖွင့်ထားကြောင်း ဒိုင်းဝန်ကွင်း နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်သူရ က ဧရာဝတီကို ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် ၂ ရက်နေ့ အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ၁၄၉ မှု ရှိထားပြီး အဆိုပါ အမှုများထဲတွင် ယခု ဖမ်းဆီးရမိခြင်းမှာ တနှစ်တာ အတွင်း မူးယစ်ဆေးဝါး အများဆုံး ဖမ်းမိသည့် စံချိန်တင် ပမာဏ ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။