မယ့်လိမ့်လုံ စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ၏ ဓမ္မတာနှင့် ဆန့်ကျင်ကာ ပြုကျင့်မှုကို ကိုယ်တိုင်လည်း ခံခဲ့ရဖူးကြောင်း တရားလိုပြ သက်သေ တဦးဖြစ်သည့် ကိုအောင်ဘိုဘိုထွန်း က ယနေ့ ရုံးချိန်း၌ ထွက်ဆိုလိုက်သည်။
ကိုအောင်ဘိုဘိုထွန်းသည် မယ့်လိမ့်လုံဆိုင်မှ စားပွဲထိုးဝန်ထမ်း တဦးဖြစ်ကာ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်မှစ၍ အလုပ် ဝင်ပြီး တပတ်ခန့်တွင်ပင် အခန်းတွင်း ခေါ်ယူ၍ ဓမ္မတာနှင့် ဆန့်ကျင်ကာ ပြုကျင့်ခံရခြင်း ဖြစ်သော်လည်း ယနေ့ အချိန်အထိ အရေး ယူပေးရန် တိုင်ကြားခြင်း မရှိခဲ့ကြောင်းလည်း ထွက်ဆိုခဲ့သည်။
ကိုအောင်ဘိုဘိုထွန်းက “ဘာ အကာအကွယ်မှ မပါဘူး။ လိင်ဆက်ဆံဖို့ တောင်းဆိုတဲ့ အခါ ငိုပြီး ပြန်ထွက် ပြေးခဲ့တာပါ၊ တိုင်ရမှာ ကြောက်လည်း ကြောက်တယ်။ ရှက်လည်း ရှက်တယ်”ဟု တရားခွင် အတွင်း ပြောဆိုသွားသည်။
၎င်း၏ ထွက်ဆိုချက်နှင့် ပတ်သက်၍ စွပ်စွဲခံထားသူ မယ့်လိမ့်လုံ ဆိုင်ပိုင်ရှင် ကိုအောင်မျိုးထွဋ်(ခ) အက်ဒီ က ပြန်လည် ငြင်းဆို ထားပြီး လုပ်ကြံ စွပ်စွဲနေကြခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
အက်ဒီ က “ထွက်ဆိုချက်တွေက သက်သေ တဦးနဲ့ တဦး ကွဲလွဲသလို တချို့အချက်တွေကျ မတူတူအောင် ကြိုတင် တိုင်ပင် ထားတာ ပေါ်လွင်နေတယ်။ အချိန်တန်ရင် အမှန်တရားက ပေါ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
တရားလို သက်သေဖြစ်သည့် ကိုအောင်ဘိုဘိုထွန်း၏ ထွက်ဆိုချက်များတွင် အမှုအား တရားလိုအဖြစ် တိုင်ကြားထားသူမှာ မိမိ၏ ချစ်သူဖြစ်ကြောင်းလည်း ပြောဆိုသည်။
ယနေ့ ရုံးချိန်း၌ ကိုအောင်ဘိုဘို အပြင် တရားလိုပြ သက်သေများ ဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် ၆ ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ရာအိမ်မှူး ဦးထင်ကျော် တို့ကိုလည်း စစ်ဆေးသည်။
တရာလို ရှေ့နေ ဦးသန်းဇော်အောင်က “ကိုအောင်မျိုးထွဋ်နဲ့လည်း အရမ်း ရင်းနှီးပြီး တခန်းတည်း အတူတူ အိပ်တယ် ဆို တဲ့ ဆိုင်မန်နေဂျာက သက်သေ အဖြစ် မပါလာဘူး။ ကိုရီးယားကို သွားတယ် ဆိုပြီး ရုံးမှာ တင်ပြထားတာ တွေ့ရတယ်။ ဒီနေ့ ထွက်ဆိုတဲ့ အောင်ဘိုဘိုထွန်းကလည်း သူကိုယ်တိုင် ပြုကျင့်ခံရကြောင်း ထွက်ဆိုသွားတယ်” ဟု အမှုအခြေအနေကို ရှင်းပြသည်။
ဆိုင်မန်နေဂျာ ဖြစ်သူ ကိုဝေဖြိုးအောင်သည် အက်ဒီက ဆိုင်ဝန်ထမ်းများအား အခန်းတွင်းသို့ ခေါ်ယူသည့် အခါ တဆင့် ခေါ် ပေးသူ ဖြစ်ကြောင်း တရားလိုပြ သက်သေများက ပြောဆိုထားသည်။
ယနေ့ သက်သေ ထွက်ဆိုသည့် ဦးထွန်းထွန်းနှင့် ဦးထင်ကျော်တို့သည် အခင်းဖြစ်ပွားခဲ့သည် ဆိုသည့် အခန်းတွင်း ရှာဖွေ ရာတွင် ပါဝင်ခဲ့သူများ ဖြစ်ပြီး ပြုကျင့်ရာ၌ သုံးစွဲသည် ဆိုသည့် ဂျယ်နှင့် စပရေးဖြန်းဘူး တို့ကို ရှာဖွေတွေ့ရှိခြင်း မရှိသော် လည်း တရားလို ဝတ်ဆင်ခဲ့သည့် အောက်ခံ ဘောင်းဘီ၊ အကျီၤတို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်ခဲ့ကြောင်း ထွက်ဆိုကြ သည်။
အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီခံထားရသူ အက်ဒီက လုပ်ကြံစွပ်စွဲထားသူများ အပေါ် ဥပဒေနှင့် အညီ ပြန်လည် တရားစွဲဆို သွားရန် မှာကြားထားကြောင်းလည်း ၎င်း၏ရှေ့နေဖြစ်သူ ဒေါ်အေးအေးသက် က ပြောသည်။
ဒေါ်အေးအေးသက်က“သူတို့ ထွက်ဆိုချက်တွေမှာ ကွဲလွဲတာတွေ ရှိနေတယ်။ လိုအပ်တဲ့ သက်သေတွေရဲ့ ထွက်ဆိုချက် တွေ ပြည့်စုံတဲ့ အခါ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည် တရားစွဲဖို့ ရှိပါတယ်”ဟုလည်း ပြောဆိုသည်။
တရားလို အနေဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်က ပြုကျင်ခံရခြင်း ဖြစ်ကြောင်း ပြောဆိုကာ မတ် ၉ ရက်တွင် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ တိုင်ကြားသည့်နေ့တွင်ပင် ဆိုင်ပိုင်ရှင်ဖြစ်သူ အက်ဒီကို ဓမ္မတာနှင့် ဆန့်ကျင်သည့်ပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တရားလိုအား ဆေးစစ်ချက်၌ စအိုတွင် အနာတရ ဖြစ်မှုနှင့် သုတ်ပိုး မတွေ့ရကြောင်း ဆိုထားသော်လည်း တရားလို၏ ပြောပြချက်များ အရ အခင်းဖြစ်ပွားသည့် ရက်နှင့် ဆေးစစ်သည့် ရက်မှာ ၂ ရက် ကွာခြားနေသည်ကို တွေ့ရသည်။
HIV ဝေဒနာရှင် အက်ဒီ၏ ပြုကျင့်ခံရမှုကြောင့် တရားလို ဖြစ်သူ အနေဖြင့် ကာကွယ်သောက်နေရကြောင်း သိရပြီး ရောဂါ ကူးစက်ခံရခြင်း ရှိမရှိကို ယခုနှစ် စက်တင်ဘာလတွင် ထပ်မံ ဆေးစစ်ရမည် ဖြစ်ကြောင်း တရားလိုဘက်က ပြောသည်။
အမှုအား ဆက်လက် စစ်ဆေးရန် ဇူလိုင် ၂၅ ရက်ကို ပြန်လည် ချိန်းဆိုထားပြီး တရားလိုပြ သက်သေများ ဖြစ်သည့် ဆိုင်မှ မဟန်နာနှင့် ကျော်ထက် ဆိုသူတို့အား စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။