ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီ ကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားရာ၌ ပျောက်ဆုံးသွားခဲ့သည့် မန်လီ ကျေးရွာ သား ၁၂ ဦးကို ယနေ့ချိန်ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များက ပြောသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)- ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) ပူးပေါင်း တပ်ဖွဲ့ကြား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက် အထိ မန်လီ ကျေးရွာ အနီး တိုက်ပွဲဖြစ်ရာ တိုက်ပွဲရှောင်သည့် မန်လီ ဒေသခံ ၁၂ ဦး ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
တအန်း အမျိုးသမီး အဖွဲ့ (TWO) မှ တွဲဖက် အတွင်းရေးမှူး (၁) မလွေးပိုးကမေခေးလ်က“အခုချိန်ထိက ကျမတို့လည်း Update က ကောင်းကောင်း မရသေးဘူး။ ကျမတို့လည်း လိုက်ပြီး စုံစမ်းနေတုန်းပဲ။ မန်လီ တံတားရဲ့ဟိုဘက်ခြမ်း ဆိုရင် RCSS တွေပဲ လှုပ်ရှားတာ။ အဓိကတော့ ကျမတို့ဆီမှာ ရရှိထားတဲ့ သက်သေ အထောက်အထား ကတော့ RCSS ဖမ်း တယ်လို့ပဲ အတိအကျ သိတာပေါ့”ဟု ဆိုသည်။
၎င်းက ဆက်လက်၍“အဓိက အကြောင်းအရာက ကျမတို့ ဆီမှာ ရရှိထားတဲ့ မန်မိုရီ စတစ် (Memory Stick) ထဲမှာ ဖမ်း သွား တဲ့ မန်လီရွာ သားတွေရဲ့ ဓာတ်ပုံတွေ ပါတယ်။ နောက်ပြီးတော့ RCSS စစ်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ပုံတွေ၊ ပိုင်ရှင်ရဲ့ မိသားစုဝင် ဓာတ်ပုံတွေ ပါတယ်။ အဲဒီ အချက်အလက်တွေနဲ့ RCSS ဖြစ်တယ် ဆိုတာ သက်သေ အခိုင်အမာနဲ့ ပြောဆို နိုင်တာပေါ့နော်”ဟု ဧရာဝတီသို့ ပြောသည်။
တအန်း အမျိုးသမီး အဖွဲ့အစည်းမှ စွပ်စွဲသည့် အပေါ် RCSS ဘက်က မိမိတို့ မဖမ်းထားကြောင်းနှင့် အောက်ခြေတွင် စိစစ် နေကြောင်း၊ ယခု ကိစ္စမျိုးသည် ရှုပ်ထွေးသည့် အတွက် စိတ်ရှည် သည်းခံရန် လိုအပ်ကြောင်း ဆိုထားသည်။
RCSS မှ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းက“ကျနေ်ာတို့ RCSS အနေနဲ့ ကတော့ လူထုကို ဖမ်းဆီးရမယ် ဆိုတဲ့ ပေါ်လစီ မရှိဘူး။ အခု အဲဒီကိစ္စကို ကျနော်တို့ဘက်ကလည်း သေချာ ပြန်စိစစ်နေတယ်။ ဘာမှ မယ်မယ်ရရ အတည်ပြု နိုင်တဲ့ အနေအထား မရှိသေးဘူး။ ကိုယ့် အချင်းချင်းကြားမှာ အရင် ညှိနှိုင်းဖို့ လိုတယ်။ အခုက ဘာမှ ရေရေရာရာ မသိ သေးဘဲနဲ့ ထစ်ခနဲဆို ဆန္ဒပြမယ်၊ ထုတ်ပြန်ကြေညာချက်တွေ ထုတ်မယ်။ အဲဒီလိုပဲ လုပ်နေတော့ တခါတလေ အဆင် မပြေဘူး။ လွယ်နေတဲ့ဟာကို ပိုခက်တဲ့ သဘောမျိုး ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံ မန်လီ ကျေးရွာသား ၁၂ ဦးကို ပြန်လွှတ်ပေးရန် တအန်း အရပ်ဘက် အဖွဲ့အစည်းများက ဦးဆောင်၍ တအန်း တိုင်းရင်းသားများ စုပေါင်းကာ လားရှိုးမြို့၌ မတ် ၁၇ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ထို့နောက် အစိုးရ ဌာန ဆိုင်ရာ၊ တအန်း အမျိုးသား ပါတီ(TNP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)တို့ အပါအဝင် RCSS နှင့် နီးစပ်သော အဖွဲ့အစည်းများကို ဆက်သွယ်၍ မန်လီရွာသား ၁၂ ဦး လွတ်မြောက်ရေး ကြိုးပမ်းပေးရန် တောင်းဆိုထားကြောင်းလည်း မလွေးပိုးကမေခေးလ် က ပြော သည်။
ပျောက်ဆုံးသွားသည့် ၁၂ ဦး အနက် ပရဟိတ သမား စိုင်းငယ်လေး အစ်ကိုဖြစ်သူ ကိုမိုင်းစိုင်းက “ စိုင်းငယ်လေးတို့ အဖွဲ့ ၇ ယောက် ပျောက်သွားတာ ပြန်လွှတ်ပေးရေး တောင်းဆိုတာ အောင်မြင်မှု မရှိသေးဘူး။ ဘယ်သူ ဖမ်းလဲ ဆိုတာတော့ လုံခြုံရေး အခြေအနေ အရ ပြောလို့ မရသေးဘူး။ ကျန်းမာပြီး အသက်ရှင်သေးတာကိုတော့ ပြောနိုင်ပါတယ်။ ပြန်လွတ် လာဖို့ မျှော်လင့်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မလွေးပိုးကမေခေးလ်က “ဖမ်းခံရတာ ၁၂ ယောက် ရှိတယ်။ အမျိုးသားတွေပဲ။ ပထမ ကတော့ စစ်ရှောင်တဲ့ အခါမှာ ရွာ စောင့် အနေနဲ့ ကျန်ခဲ့ တဲ့ ၃ ယောက် ပျောက်သွားတယ်။ ပြီးရင် စစ်ရှောင်ရင်းနဲ့ သူတို့က နောက်မှာ အခြေအနေ ဘယ်လို ရှိလဲ ပြန်ကြည့်ဦးမယ် ဆိုပြီး ၇ ယောက် ပျောက်တယ်။ ၇ ယောက်မှာ ၆ ယောက်က မန်လီရွာသားတွေ၊ တယောက်ကကျ တော့ ပရဟိတ အသင်းဝင်တဲ့ ၁ ယောက်ကနေပြီးတော့ ကျန်တဲ့လူတွေကို ခေါ်ခဲ့မယ် ဆိုတဲ့ အချိန်မှာ ပျောက်သွားတယ်။ ကျန်တဲ့ ၂ ယောက်ကကျတော့ ဒီ ၂၅၀၀ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ရင်းနဲ့ လူတွေ ပြန်စစ်တဲ့ အခါမှာ မပါလာဘူးလို့ သိရတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် မန်လီကျေးရွာမှ တိုက်ပွဲရှောင် ၁၀၀၀ ကျော်သည် သီပေါမြို့နယ် အတွင်းရှိ ၂၅၀၀ ဘုန်းကြီးကျောင်းနှင့် စာသင် ကျောင်းများ၊ မန်လီ ဘုန်းကြီးကျောင်းများတွင် ခိုလှုံလျက် ရှိကြောင်း သိရသည်။