မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း စီမံကိန်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ကပြောသည်။
ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်နေသော အဆိုပါ ကျေးရွာချင်းဆက်လမ်း စီမံကိန်းကို Southern Myanmar Development (SMD) ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်အား တင်ဒါကင်းလွတ်ခွင့်ရရှိထားခြင်း ဖြစ်ကြောင်းသိရသည်။
မေလ ၃ ရက်နေ့က ကျင်းပခဲ့သော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော်တွင် (၁၃) ကြိမ်မြောက် အစည်း အဝေးတွင် ဝန်ကြီးချုပ်က ဒေါက်တာအေးဇံ က “ဒါက ပြည်ထောင်စုအစိုးရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ပါ၊ မီနီဘတ်ဂျက်ဟာ တင်ဒါကင်းလွတ်ခွင့် ရှိပါတယ်” ဟု ဆိုသည်။
ချောင်းဆုံမဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး မေးမြန်းခဲ့သည့် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စပ်လျဉ်းသော ဆက်စပ် မေးခွန်းအပေါ် ဒေါက်တာအေးဇံ က အထပ်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်၏ ဖြေကြားမှုအပေါ် ဒေါက်တာ အောင်နိုင်ဦး က “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁/၂၀၁၇ ဒီလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်ကို မီနီဘတ်ကျက်မှာ ကင်းလွတ်ခွင့် ရှိပါတယ်လို့ ဘယ်တုန်းက ညွှန်ကြားပြီးတော့ ဘယ်စာအမှတ်နဲ့ ထွက်ခဲ့လဲဆိုတာ ကျနော်အား ဖြေကြားပေးပါ”ဟု ဆက်စပ်မေးခွန်းအဖြစ် ထပ်မံမေးမြန်းခဲ့သည်။
ဒေါက်တာအေးဇံ က “ဒါက ကျနော်တို့ အတိုင်ပင်ခံနဲ့ တွေ့တဲ့အခါမှာ ဒီအခတ်ခဲတွေ ရှိတယ်လို့ ပြောပါတယ်၊ ပြောတဲ့အခါမှာ အတိုင်ပင်ခံက မိုးတွင်းမှာ မီနီဘတ်ဂျက်လည်းဖြစ်တယ်၊ ဖောက်ရလည်းခတ်တယ်၊ အဲ့ဒါကြောင့်မို့ ဒီလမ်းကို တင်ဒါကင်းလွတ်ခွင့် တင်ဒါမခေါ်ပဲ ဖောက်လိုက်ပါ၊ အမှန်တကယ်ကတော့ တင်ဒါမခေါ်ဘဲနဲ့ ဌာနကို ခွင့်ပြုလို့ရပါတယ်၊ ဌာနကလည်း ဒီငွေနဲ့ ဒီဟာကို မဖောက်နိုင်ဘူး၊ အခတ်အခဲတွေ အများကြီးရှိပါတယ်၊ အဲ့ဒီကြားထဲကနေ ကျနော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်”ဟု ဆိုသည်။
အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက် လမ်းပိုင်းကို ၂ဝ၁၈ ခုနှစ်၊ (ဧပြီလ-စက်တင်ဘာလထိ) ၆ လ ဘဏ္ဍာရေးနှစ်၏ မီနီဘတ်ဂျက်ဖြင့် ၄ မိုင် ၃ ဖာလုံရှိ မြေသားတာဘောင်ချဲ့ခြင်းနှင့် ၁ မိုင် ၄ ဖာလုံရှိ ကွန်ကရစ် လမ်းခင်းခြင်းကို ကျပ်သန်း ၁၀၀၀ ဖြင့် ယင်းဒေသတွင်း လျှင်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေသည့် Southern Myanmar Development (SMD) ကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အောင်သပြေ-နှစ်ကရင် လမ်းကိစ္စ အတည်ပြု ဆောင်ရွက်ရာတွင် တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇၊ အပိုဒ် (၆) လုပ်ပိုင်ခွင့်အရ ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
၁/၂၀၁၇ အပိုဒ် (၆) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများအား တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံတော် အစိုးရအဖွဲ့တို့၏ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရန်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူ ခွင့်ပြုချက် ရယူဆောင်ရွက်ရန်ဖြစ်သည်ဟု ဖော်ပြထားခြင်းဖြစ်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက ဆိုပြောဆိုသည်။
ဒေါက်တာ အောင်နိုင်ဦး က “အဲ့ဒီတော့ ဒီအပိုဒ်က တင်ဒါခေါ်ယူခြင်းနဲ့ ပတ်သက်ပြီး ဆိုတဲ့ဟာကို အတိကျ ဖော်ပြထားပါတယ်၊ တင်ဒါ မခေါ်ဘဲနဲ့တော့ အစိုးရအဖွဲ့က အစည်းအဝေး ဆုံးဖြတ်ချပြီးတော့ ကုမ္ပဏီတခုကို ဆောင်ရွက်စေဖို့ ဒီအပိုဒ်က ခွင့်ပြုထားခြင်းမဟုတ်ပါဘူး” ဟု ပြောဆိုသည်။
ထို့အပြင် ဒေါက်တာအောင်နိုင်ဦးမှ အဆိုပါလမ်းနယ်နိမိတ်များ တိုးချဲ့သတ်မှတ် ဆောင်ရွက်ရာတွင်လည်း ထိခိုက်နစ်နာမှုရှိခဲ့သည့် ခြံပိုင်ရှင်များအား မည်သို့ညှိနှိုင်း ဆောင်ရွက်စေခဲ့သည်ကို သိရှိလိုကြောင်း မွန်ပြည်နယ် လွှတ်တော်ထံ မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ယင်းကိစ္စမှာ ခြံပိုင်ရှင် ၈၀ ရာခိုင်နှုန်းက လိုလိုလားလား ဖောက်ခိုင်းသောလမ်းဖြစ်၍ ခြံပိုင်ရှင်များ နစ်နာမှုမရှိကြောင်း ဖြေကြားသည်။
ဦးမင်းကျော်လွင် က “ဒါက ခြံပိုင်ရှင်တွေကိုယ်တိုင် လိုလိုလားလား ဖောက်ခိုင်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် နစ်နာ ဆုံးရှုံးခဲ့တာမရှိဘူး” ဟု ဆိုသည်။
ခြံပိုင်ရှင်များမှလည်း ကွန်ကရစ်လမ်း ဖြစ်ပေါ်လာစေရေးအတွက် တဧကသိန်း ၂၀ ကျပ် ထည့်သွင်း လှူဒါန်းကြသဖြင့် ပြည်နယ်အစိုးရမှ တဧကသိန်း ၆၀ ကျပ်၊ ကုမ္မဏီမှ သိန်း ၂၀ ကျပ်နှုန်းဖြင့် ပြည်သူ၊ အစိုးရ၊ ကုမ္ပဏီတို့ သဘောတူညီစွာဖြင့် မြေယာလျော်ကြေးပေးခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးနိုင်ခဲ့သည်ဟု ဦးမင်းကျော်လွင်က ဆိုသည်။
အောင်သပြေ-နှစ်ကရင်လမ်း စီမံကိန်းလုပ်ဆောင်ရာတွင် မိုးတွင်းကာလဖြစ်၍ လုပ်ငန်းဆောင်ရွက်ရန် အချိန်ကာလ တိုတောင်းသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် ရယူခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၈) ဆုံးဖြတ်ချက်အပိုဒ် (၅၄) အရ Bedok ကုမ္ပဏီကို လုပ်ငန်းဆောင်ရွက်ခွင့် ပြုခဲ့ကြောင်းလည်း စည်ပင်ဝန်ကြီး က ဆိုသည်။
လက်ရှိ Southern Myanmar Development (SMD) ကုမ္ပဏီက ယင်းဒေသတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရန် စတင်လာရောက် မိတ်ဆက်စဉ်က Bedok ကုမ္ပဏီအနေဖြင့် မိတ်ဆက်ခဲ့ပြီးနောက် လျှပ်စစ်မီး သုံးစွဲမှုစာချုပ် ချုပ်ဆိုချိန်တွင် SMD ကုမ္ပဏီအနေဖြင့် နာမည်ပြောင်းထားခဲ့သည်ဟု ရေးမြို့ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါလမ်းပိုင်းကို လုပ်ပိုင်ခွင့်မရှိသေးမီ SMD ကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် ရေးမြို့၊ မြောက်ပိုင်း (ခွဲ) ဒေသအတွင်းရှိ ကျေးရွာများ ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းအတွက် IPP Power Plan (သပြေ) နှင့် 33/11kV 10MVA (လမိုင်း) ဓာတ်အားခွဲရုံကို ပန္နက်တင်၍ စတင်တည်ဆောက်ခဲ့သည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က “နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့်လူတွေက ကုလားကုတ်ဆိပ်ကမ်းကိုသွားရင် ရော်ဘာပင်တွေကြားထဲက လမ်းကျဉ်းကျဉ်းလေးနဲ့ဘယ်သူမှ မသွားချင်ပါဘူး။ အဲ့ဒီတော့ ဒီလမ်းကျယ်ကြီးမှာ အလွယ်တကူသွားပြီးတော့ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေအောင်၊ လမ်း၊ ရေနဲ့လျှပ်စစ်မီးရရှိရေးရယ်၊ အဲ့ဒီလို လုပ်ပေးနိုင်မှ စီးပွားရေးဇုန်တခု ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။