ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာကို သွားခွင့်မပြုခြင်းက တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် နစ်နာစေဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဧရာဝတီသို့ ပြောသည်။
မစ္စအာရ်ဆူလာမြူလာသည် မေလ ၁၂-၁၃ ရက်က ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသူများထံ ရောက်ရှိရေး ဆွေးနွေးခဲ့ကြောင်း မစ္စအာရ်ဆူလာမြူလာက သူ၏ တွတ်တာစာမျက်နှာတွင် ရေးသား ဖော်ပြခဲ့သည်။
ထို့နောက် ဒေသခံ သတင်းထောက်များဖြင့် တွေ့ဆုံရာမှာတော့ တိုက်ပွဲရှောင်စခန်းများသို့ လုံခြုံရေးအခြေအနေ အရ သွားရောက်ခွင့် မရရှိကြောင်း ပြောခဲ့သည်။
ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ က “သွားခွင့်မပေးတော့ ဦးတို့ လူထုတွေ နာတာပေါ့၊ သွားသင့်တယ်၊ သူတို့လည်း မြေပြင်မှာ ဘယ်လိုရှိနေတယ်ဆိုတာ အဲလို INGO တွေ၊ NGO တွေ တွေ့မြင်သွားရင် သူတို့က လှူဖို့ တမ်းဖို့ကအစလေ၊ အခုက ဒီလောက်ကြီးမားနေတဲ့ ဒုက္ခသည်တွေ ကို တာဝန် ကျေပွန်အောင် ပေးကမ်းနိုင်ဖို့ဆိုတာ မလွယ်ဘူး၊ ကိုယ်တို့က မပေးနိုင်တဲ့ထဲမှာ နိုင်ငံတကာက ပေးဖို့ကို မျှော်လင့်သင့်တယ်၊ ယူသင့်တယ်” ဟု ပြော သည်။
ရခိုင်ပြည်နယ်လွှတ်တော်တွင် ပြီးခဲ့သည့် ဒဿမအကြိမ် လွှတ်တော် အစည်းအဝေးတွင် INGO များနှင့် NGO များကို တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ခွင့်ပြုရေးနှင့် အကူအညီများ ထောက်ပံ့ခွင့်ပြုပေးရေး အဆိုတင် သွင်း ဆွေးနွေးရာ ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။
မစ္စအာရ်ဆူလာမြူလာသည် မြန်မာနိုင်ငံခရီးအဖြစ် မေလ ၉ ရက်မှ ၁၅ ရက်ထိ ရောက်ရှိနေခြင်းဖြစ်ပြီး ၁၂-၁၃ ရက်က ရခိုင်သို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ပြီး လုံခြုံရေးအရ သွားရောက်ခွင့် မရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးမှ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးချုပ် မစ္စအာရ်ဆူလာမြူလာ နှင့်အဖွဲ့၊ ကမ္ဘာ့ဘဏ်မှ Senior Economist Mr. Dr. Mauro Testaverde နှင့်အဖွဲ့တို့အား မေလ ၁၃ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုသို့ တွေ့ဆုံစဉ် တိုက်ပွဲရှောင်စခန်းများတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အထောက် အပံ့ အကူအညီ ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး အစီ အစဉ် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံ ကိန်းဆိုင် ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ၆ လကျော် ကြာမြင့်လာပြီဖြစ်ပြီး တိုက်ပွဲရှောင် ၃၀၀၀၀ ကျော် ရှိလာခဲ့သည်။
ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ က “ဘယ်သူတွေ ဘာပဲဖြစ်နေဖြစ်နေ နောက်ဆုံးမှာ ငါတို့က ပြည်သူတွေ ကို ဒုက္ခမရောက်စေချင်ဘူး၊ ပြည်သူတွေ ဒုက္ခခံစားနေရတယ်။ သူတို့ ဒုက္ခတွေ အဆင်ပြေနိုင်ဖို့အတွက် အကူ အညီတွေ အများကြီး အများကြီးလိုတယ်။သူတို့မှာ အစိုးရကပေးနေတဲ့အကူအညီ၊ ကိုယ့်ဒေသက ထောက်ပံ့ ပေးနေတဲ့အကူအညီ အဲဒါနဲ့မလုံလောက်ဘူး” ဟု ပြောသည်။
၎င်းက ဆက်၍ “သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု တွေလိုတယ်၊ အခု မကြာခင် မိုးကျတော့မယ် ဒီမိုးတွင်း ကာလမတိုင်မီ သူတို့က ကိုယ့်ရပ် ကိုယ့်ဒေသကို ရောက်ဖို့ လိုတယ်။ ကိုယ့်ရပ် ကိုယ့်ဒေသကို မရောက် နိုင်ရင်တောင်မှ ရှိတဲ့နေရာမှာ အဆင်ပြေပြေ နေနိုင်ဖို့လို တယ်။ အဲဒါကြောင့် အကူအညီတွေ အများ ကြီး အများကြီးလိုတယ်။ အကူအညီပေးဖို့ တိုက်တွန်းချင် တယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင် သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက် အကူပြုကော်မတီကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်က ဖွဲ့စည်းပေးခဲ့ပြီး တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် တိုက်ပွဲရှောင်များ ကူညီစောင့်ရှောက်ရေးကို အဓိက ဆောင်ရွက် နေကြောင်း သိရသည်။
ထိုကော်မတီသည် မေလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးတွင် ရခိုင်အရပ်ဖက် အစည်း အဝေးများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ထိုအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသော အိမ်ထောင်စု ၇၂၅၇ စုမှ လူဦးရေ ၃၀၀၀၀ ဝန်းကျင်အတွက် ကျပ်သိန်းပေါင် ၂၆၀၀ ကျော်ကို လွှဲ ပြောင်း ပေးအပ်ခဲ့သည်။
ဆက်စပ်ဖတ်ရှူရန် – ကုလ လူသားချင်း စာနာမှုဆိုင်ရာ ဒုတိယအကြီးအကဲ မြန်မာပြည်လာမည်