ပြည်တွင်း၌ ဆိုရှယ် မီဒီယာ အသုံးပြုမှု များပြားလာပြီးနောက် ဆိုက်ဘာမှုခင်း တိုင်ကြားမှု အရေအတွက် ၂၀၁၅ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ ၃ နှစ် အတွင်း အမှုပေါင်း ၂ ထောင်ကျော် ရှိကြောင်း သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် နည်းပညာ မှုခင်းဌာနကို၂၀၁၅ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး ယင်းဌာနသို့ ဆိုက် ဘာမှုခင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများမှာ ၁ နှစ်ထက် ၁ နှစ် အရေအတွက် ပိုမို များပြားလာကြောင်း အဆိုပါ ဌာနမှ ရဲမှူးကြီး ညွန့်ဝေက ပြောသည်။
ဆိုက်ဘာမှုခင်းများ၌ အွန်လိုင်းမှ တဆင့် ငွေကြေး လိမ်လည်မှုများ၊ ငွေကြေး အရှုပ်အရှင်း ကိစ္စများနှင့် အွန်လိုင်း လိင် အကြမ်းဖက်မှု ကိစ္စရပ်တို့ အများဆုံး တိုင်ကြားကြကြောင်း ၎င်းက ဆိုသည်။
ရဲမှူးကြီး ညွန့်ဝေက ဆက်လက်၍“တချို့က အစိုးရကို တိုက်ခိုက်တာမျိုး၊ ရခိုင်ကိစ္စလိုမျိုး အမုန်းစကား ဖြန့်တာမျိုး တွေ ပေါ့။ အကောင့် အတုတွေနဲ့ လုပ်ကြတယ်။ အကောင့်အတုတွေ ဆိုတာ သိတဲ့အတိုင်း ဘာမှ ခြေရာလက်ရာ မကျန်အောင် သူတို့က ဆောင်ရွက်ထားတာလေ။ ဒါပေမယ့် သုံးတဲ့နေရာ (Location) သိပြီဆိုတာနဲ့ နယ်မြေ ရဲနဲ့ ပူးပေါင်းပြီး စုံးစမ်း ဖော်ထုတ်တယ်”ဟု ပြောဆိုသည်။
၂၀၁၅ ခုနှစ်တွင် ဆိုက်ဘာ မှုခင်းပေါင်း ၅၀ ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အမှု ၃၀၀ ခန့်၊ ၂၀၁၇ ခုနှစ်တွင် ၅၅၀ နှင့် ၂၀၁၈ ခုနှစ်တွင် ၇၈၀ ခန့် အထိ ဖြစ်ပွားခဲ့ကြောင်း နည်းပညာ မှုခင်းဌာနက ပြောသည်။
အဆိုပါ ကိန်းဂဏန်းများမှာ နည်းပညာ မှုခင်းဌာနသို့ တိုင်ကြားသည့် အမှုအရေအတွက်ဖြစ်ပြီး ကျူးလွန်ခံရသော် လည်း တိုင်ကြားမှု မရှိသည့် အမှုများစွာလည်း ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆိုက်ဘာမှုခင်းများကို ဆက်သွယ်ရေး ဥပဒေများ ဖြစ်သော ပုဒ်မ ၃၄ ၊ ၆၆ (ဃ)၊ ၆၆ (ဂ) များ ဖြင့် သာ အရေးယူနေရပြီး Cyber Law မှာ လက်ရှိတွင် မူကြမ်း အဆင့် ရှိနေပြီဖြစ်ကာ ယင်းဥပဒေ ပြဋ္ဌာန်းပြီးပါက မှုခင်း အမျိုးအစား အလိုက် ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်း ရဲမှူးကြီး ညွန့်ဝေက ပြောသည်။
ဆိုက်ဘာ ဥပဒေတွင် အီလက်ထရွန်နစ် ပစ္စည်းများကို အသုံးပြုပြီး ပြစ်မှုကျူးလွန်သော မှုခင်းများ၊ ဒစ်ဂျစ်တယ် ငွေ ကြေး များ၊ အွန်လိုင်း လိင်အကြမ်းဖက်မှုများ အပါအဝင် အွန်လိုင်းပေါ်တွင် ဖြစ်ပွားလေ့ရှိသည့် မှုခင်း အမျိုးအစား အလိုက် ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။
ရဲမှူးကြီး ညွန့်ဝေက“ဆိုက်ဘာ မှုခင်းမှာက နှစ်မျိုး ရှိတယ်။ ဆိုက်ဘာနဲ့ ဆက်နွယ်တဲ့ မှုခင်းက အီထက်ထရွန်နစ် ပစ္စည်း တခုခုကို အသုံးပြုပြီးတော့ပဲ ကျူးလွန်တာ။ နောက်တခုက ကွန်ပျူတာ ဆော့ဖ်ဝဲတွေ သုံးပြီး ဟက်တဲ့ မှုခင်း မျိုးတွေပေါ့”ဟု ပြောဆိုသည်။
လက်ရှိတွင် အင်တာနက်ကို အသုံးပြု၍ လူမှုကွန်ရက် မီဒီယာပေါ်တွင် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ဆိုင်ရာ အမုန်း စကားများ ဖြန့်ဝေခြင်း၊ အမျိုးသမီးများ အနေနှင့် မိမိတို့ တင်ထားသည့် ဓာတ်ပုံများကို အသုံးပြုကာ ဂုဏ်သိက္ခာ ကျဆင်း စေရန် ပြုလုပ်ခြင်း၊ အကောင့်များကို ဟက်ကာ ခြိမ်းခြောက် ငွေတောင်းခြင်းများ မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း လူမှုကွန်ရက် အသုံးပြုသူများက ပြောဆိုကြသည်။
အများပြည်သူ အနေဖြင့် ဆိုက်ဘာမှုခင်း တခုခုကို တိုင်ကြားလိုပါက ရဲဌာန၏ အရေးပေါ် ဖုန်းနံပါတ်ဖြစ်သော ၁၉၉ မှ တဆင့်သော်လည်းကောင်း၊ နည်းပညာ မှုခင်းဌာန ဖုန်း ၀၆၇၄၁၂၆၁၆ သို့ လည်းကောင်း ဆက်သွယ် တိုင်ကြား နိုင်ကြောင်း သိရသည်။
ထို့ပြင် ဆိုက်ဘာမှုခင်း တခုခု ဖြစ်ပေါ်လာပါက မိမိနေထိုင်ရာနှင့် နီးစပ်သည့် မြို့နယ်ရဲ စခန်းများကိုလည်း ဆက်သွယ် တိုင်ကြား နိုင်မည် ဖြစ်ပြီး မှုခင်းအတွက် လိုအပ်သော ဗီဒီယိုဖိုင်များနှင့် စခရင်ရှော့များကိုလည်း သက်သေ အဖြစ် သိမ်းဆည်းထားရန် လိုအပ်ကြောင်း ရဲမှူးကြီး ညွန့်ဝေက ဆိုသည်။
အွန်လိုင်း သတင်း အချက်အလက် လုံခြုံမှု ရှိစေရေး အတွက် အသိပညာပေးခြင်းနှင့် အကြံပေး ကိစ္စများ ဆောင်ရွက် ပေးနေသည့် ပုဂ္ဂလိက အဖွဲ့တခုဖြစ်သော Myanmar Information Security Association (MISA)၏ အတွင်းရေးမှူး ဦးဘုန်းမြင့်က သတင်း အချက်အလက် လုံခြုံမှုသည် ၁၀၀ ရာခိုင်နှုန်း အရေးပါလာပြီ ဖြစ်ကြောင်း ပြောသည်။
“ဒီ Information Security က နောက်ပိုင်းမှာ ၁၀၀ ရာခိုင်နှုန်း အရေးပါလာပြီ။ ဘာပဲလုပ်လုပ် ဆိုက်ဘာနည်းပညာ မပါဘဲ လုပ်လို့ မရတော့ဘူး။ ကျနော်တို့က ဥပဒေရှိမှ အမှုဆိုတာ ဖွင့်လို့ရမှာ။ အဲဒီတော့ ဆိုက်ဘာဥပဒေ ထွက်ဖို့ လိုလာပြီ”ဟုလည်း ၎င်းက ပြောဆိုသည်။
You may also like these stories: