မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၁၁) နယ်မြေရဲစခန်းတွင် ရဲတပ်ဖွဲ့တဦး သေနတ်မှ ကျည်ထွက်၍ ရဲတပ်ကြပ်တဦးအား ထိမှန်ခဲ့ကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးမျိုးအောင်က “ဖြစ်စဉ်က မှန်ပါတယ်။ သေနတ်ကျည်ထွက်တာပါ။ အချင်းချင်း ပစ်ခတ်တာမျိုး မဟုတ်ပါဘူး။ မတော်တဆ ဖြစ်သွားတဲ့ဖြစ်စဉ်မျိုးပါ” ဟု ဧရာဝတီကို ပြောသည်။
သေနတ်ကျည် ထိမှန်သူမှာ ရဲတပ်ကြပ် အောင်စိုး ဆိုသူဖြစ်ပြီး အိမ်သာ တက်ရန်အတွက် ရဲတပ်သား ချစ်မင်းဇော်ထံ အပ်နှံရာမှ ကျည်ဆံ ထွက်သွားခြင်း ဖြစ်သည်ဟု သိသည်။ ကျည်ဆံထွက်သွားသည့် သေနတ်အမျိုးအစားမှာ တရားရုံးထုတ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုင်ဆောင်ရန် ထုတ်ပေးသည့် BA 94 အမျိုးအစားဖြစ်ပြီး ကျည်ဆံ အတောင့် ၄၀ ပါဝင်သည်။
ကျည်ဆံမှာ ရဲတပ်ကြပ်ဝင်းမြင့်၏ ညာဘက် ဝမ်းဗိုက်နေရာသို့ ထိမှန်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံးကြီး၌ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
”ရဲတပ်ကြပ်ကြီးတဦး ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံကို ပို့ပြီး လိုအပ်တာတွေကို လုပ်ပေးခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ရဲတပ်ကြပ်ကြီးက စိုးရိမ်ရတဲ့ အခြေအနေမရှိပါဘူး။ အခု ဆေးဝါးကုသမှု ခံယူနေရပါတယ်” ဟု ဒုရဲမှူးကြီးမျိုးအောင်က ဆိုသည်။