လူမှုပတ်ဝန်းကျင်တွင် အိမ်တွင်းနှင့် မိသားစုအတွင်း အကြမ်းဖက်မှုများ အစဉ်မပြတ် တွေ့မြင်နေရသော်လည်း ထိုအခြေအနေကို သတိထားမိသူ အများစု မဟုတ်သေးသည်မှာ သေချာပါသည်။ ထိုအတွက်ကြောင့် မိသားစုတွင်းအကြမ်းဖက်မှုဆိုသည် အဘယ်နည်းဟု ဆက်စပ်စဉ်းစားမိသည်။
အိမ်ထောင်တခုအတွင်းတွင်ဖြစ်စေ (သို့မဟုတ်) အိမ်ထောင်တခုကွဲကွာပြီးနောက်တွင်ဖြစ်စေ၊ အမျိုးသားများမှ အမျိုးသမီးများအပေါ် (သို့မဟုတ်) အမျိုးသမီးများမှ အမျိုးသားများအပေါ် ကျူးလွန်သော ပါဝါအလွဲသုံး အနိုင်ကျင့်မှုများကို အိမ်တွင်းနှင့် မိသားစုအတွင်း အကြမ်းဖက်မှုဟု သတ်မှတ် ခေါ်ဆိုနိုင်သည်။ လက်တွဲဖော် တဦးက အခြားတဦးကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ လွှမ်းမိုးထိန်းချုပ်ရန် ကြိုးစားခြင်းသည်လည်း အကြမ်းဖက်မှုမြောက်ပါသည်။
အဆိုပါ အိမ်တွင်း အကြမ်းဖက်မှုများ ရှိနေပါက အမျိုးသမီးများ၏ အိမ်တွင်းလုံခြုံရေး ရှိမည်မဟုတ်ပါ။ အိမ်တွင်း အကြမ်းဖက်မှုများအပြင် လျှပ်စီးမီးအန္တရာယ်၊ ချော်လဲထိခိုက်နိုင်သော အန္တရာယ်၊ မီးဖိုချောင်အန္တရာယ်၊ ဖောက်ထွင်းဝင်ရောက်တိုက်ခိုက်ခံရသော အန္တရာယ်များလည်း ရှိနိုင်ပါသည်။ သို့ဖြစ်ရာ မိမိအိမ်တွင်းတွင် အမျိုးသမီးများ အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံမှုရှိရေးတို့အတွက် သတိပြုဆောင်ရွက်ရမည်ဖြစ်သည်။
အိမ်တွင်းအကြမ်းဖက်မှုများ
အိမ်တွင်းအကြမ်းဖက်မှုများကို အမျိုးအစားခွဲခြားလေ့လာရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်း၊ ထိုးကြိတ်ခြင်း၊ တွန်းတိုက်ခြင်း၊ ဆွဲဆောင့်ခြင်း၊ လည်ပင်းညှစ်ခြင်း နှင့် အိုးအိမ်ပစ္စည်းများအား ဖျက်ဆီးခြင်း)၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (သဝန်တိုခြင်း၊ စိတ်ဆိုးခြင်း၊ ကြောက်ရွံ့စေခြင်း၊ ထိန်းချုပ်ခြင်း၊ လျစ်လျုရှူခြင်း၊ အရှက်တကွဲဖြစ်စေခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ်ပယ်ထားခြင်း နှင့် နှုတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ)၊ လူမှုရေးဆိုင်ရာ အကြမ်းဖက်မှုများ (မိသားစု၊ မိတ်ဆွေများနှင့် တွေ့ခွင့်မပြုခြင်း၊ အိမ်အပြင်ထွက်ရန် ခွင့်မပြုခြင်း၊ နောက်ယောင်ခံလိုက်ခြင်း)၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (လိင်မှုကိစ္စများကို အတင်းအကျပ် ပြုလုပ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အလိုမတူပဲ လိင်ဆက်ဆံစေခြင်းများ)၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများ (ငွေကြေးနှင့် အခြားအရင်းအမြစ်များရယူခွင့်ကို ထိန်းချုပ်ခြင်း၊ ငွေကြေးမရှိပဲ နေထိုင်ရန် အတင်းအကျပ်ခိုင်းစေခြင်း) စသည်ဖြင့် အကြမ်းဖက်မှုမျိုးစုံကို တွေ့ရှိနိုင်ပါသည်။
အိမ်တွင်းအကြမ်းဖက်မှုနှင့် မိသားစုအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ အတွေး အမြင်ကောက်ချက်ဆွဲ ပြောဆိုမှုများသည် အမှန်တကယ်ဖြစ်နေသော အချက်အလက်များနှင့် ကွဲလွဲနေသည်များကို တွေ့ရှိရပါသည်။
အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပွားခြင်းအပေါ် သုံးလေ့သုံးထရှိသော အကြောင်းပြချက်များမှာ ငွေကြေး အဆင်မပြေမှုများကြောင့် စိတ်ဖိစီးမှုများခြင်း၊ မိသားစုဝင် တဦးဦးက မူးယစ်ဆေးဝါးနှင့် အရက်သေစာ အလွဲသုံးမှုများရှိခြင်း၊ လက်တွဲဖော်တဦးဦးက လောင်းကစားပြုလုပ်ခြင်း၊ မိသားစု ဆွေမျိုးများထဲတွင် အနိုင်ကျင့်မှုများရှိခြင်း၊ မျိုးဆက် အဆက်ဆက်က အနိုင်ကျင့်မှုပြုခဲ့ကြခြင်း၊ “ယောကျ်ားမှန်လျှင် ကျူးလွန်လေ့ရှိသည်၊ လက်ခံနိုင်စရာရှိသည်” ဆိုသည့် အယူအဆများရှိခြင်း၊ ယဉ်ကျေးမှုအရ လက်ခံနိုင်သည့် အပြုအမူဖြစ်ခြင်း စသည့် အယူအဆများကြောင့် ဖြစ်သည်။
အမျိုးသမီးအများစုကြုံတွေ့နေရသော အိမ်တွင်းနှင့် မိသားစုတွင်း အကြမ်းဖက်မှုဆိုင်ရာ လက္ခဏာများကို လေ့လာမည်ဆိုပါက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ ဒဏ်ရာများရရှိရသည့် အကြောင်းအရင်း မသိရခြင်း၊ လုံခြုံရေး ခြိမ်းခြောက်ခံရခြင်း၊ ကြောက်ရွံ့စေခြင်း၊ ယခင်နှင့် လက်ရှိတွင် ရဲဌာနမှ ပါဝင်ပတ်သက်ရခြင်းများ၊ ဝမ်းနည်းပြီး စိတ်ဓါတ်ကျနေခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည် ကိုးစားမှု လျော့နည်းနေခြင်း၊ အာရုံစူးစိုက်နိုင်ရန် ခက်ခဲနေခြင်း၊ ငွေကြေးနှင့် အခြားအရင်းအမြစ်များကို ရယူခွင့်မရှိခြင်း (သို့မဟုတ်) ငွေကြေးအကူအညီ ကြိမ်ဖန်များစွာ တောင်းယူနေရခြင်း စသည့် အခြေအနေများဖြစ်သည်။
ထို့ပြင် ကလေးများကို အလွန်အမင်း အကာအကွယ်ပေးခြင်း၊ ကလေးများအား အချိန်မပေးခြင်း၊ ကလေးစကားများအား အရေးပါသည်ဟု မယူဆပဲ ကလေးများအား စကားပြောဆို ဆွေးနွေးခွင့် မပေးခြင်း၊ အိမ်ထောင်ရေးကွဲခြင်း၊ ဆေးဝါးများ အလွန်အကျွံအသုံးပြုနေခြင်း၊ အိပ်ပျော်ရန်ခက်ခဲခြင်း နှင့် အိပ်မရခြင်း ဂနာမငြိမ်သည့် သို့မဟုတ် ရှောင်ရှားလိုသည့် အပြုအမူများ၊ ရန်လိုသည့် အပြုအမူများ (သို့မဟုတ်) အသုံးအနှုန်းများ သုံးခြင်း၊ မိတ်ဆွေ၊ မိသားစုနှင့် ရပ်ရွာထဲရှိသူများအား ရှောင်နေခြင်း စသည့် လက္ခဏာများ ခံစားနေကြရသည်ကို တွေ့ရှိရနိုင်သည်။
အိမ်တွင်းအကြမ်းဖက်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ဖြစ်သော နာမကျန်းမှုများ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ၊ စိုးရိမ်စိတ်နှင့် ကြောက်စိတ်များသည့် အပြုအမူများ၊ ရန်လိုသည့် အပြုအမူများ၊ အသုံးအနှုန်းများ၊ ဖွံ့ဖြိုးမှုဆိုင်ရာ နှောင့်နှေးမှုများ၊ အမှောင်ကို ကြောက်ရွံ့ခြင်း၊ မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာများ သုံးစွဲခြင်း၊ လူမှုဆက်ဆံရေးတည်ဆောက်ရန်၊ ထိန်းသိမ်းရန် ခက်ခဲခြင်း၊ လူမှုရေးရာကျွမ်းကျင်မှု အားနည်းခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် စိတ်ဓတ်ကျခြင်း၊ အစားအသောက် ပုံမှန်မဟုတ်ခြင်း၊ မိမိကိုယ်ကို အန္တရာယ်ပြုနိုင်သည့် အပြုအမူများ စသည့်အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိရသည်။
အိမ်တွင်းအကြမ်းဖက်မှုများဖြစ်ပွားရာကို လေ့လာကြရာတွင် ရင်းနှီးမှုရှိသည့် သူများမှ ကျူးလွန်ကြသည်များကို အများဆုံးတွေ့ရှိကြရသည်။ သို့ဖြစ်၍ ရင်းနှီးသည့်လက်တွဲဖော် အကြမ်းဖက်မှု (Intimate Partner Violence (IPV) အကြောင်းကိုလည်း ဆွေးနွေးတင်ပြရန် လိုအပ်လာပါသည်။ IPV ဆိုသည်မှာ ရင်းနှီးမှုရှိသည့် လူမှုဆက်ဆံရေး တခုတွင် ပါဝင်ပတ်သက်နေသူတဦးဦးအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေသည့် မည်သည့်အပြုအမူမျိုးကိုမဆို ရည်ညွှန်းသည်။
‘အိမ်တွင်းအကြမ်းဖက်မှု’ ဟူသည့် အသုံးအနှုန်းကို နိုင်ငံတော်တော်များများက လက်တွဲဖော်မှအကြမ်းဖက်မှုအား ရည်ညွှန်းသည့်နေရာတွင် အသုံးပြုကြသည်။ သို့သော် အဆိုပါ အသုံးအနှုန်းတွင် ကလေးသူငယ်များအား အကြမ်းဖက်မှု၊ သက်ကြီးရွယ်အိုများအား အကြမ်းဖက်မှု (သို့မဟုတ်) အိမ်ထောင်စုဝင် တဦးဦးမှ အကြမ်းဖက်ခြင်း စသည့် အခြေအနေများလည်း အကျုံးဝင်သည်။
ရင်းနှီးသည့် လက်တွဲဖော်အကြမ်းဖက်မှု ပုံစံများတွင် ဖော်ပြခဲ့သည့် အကြမ်းဖက်မှုအမျိုးအစားများအတိုင်း ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပြင် ထိန်းချုပ်သည့် အပြုအမူများကို တွေ့ရှိရသည်။
WHO မှ နိုင်ငံပေါင်းစုံတွင် ကောက်ယူခဲ့သော အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု လေ့လာချက် သုတေသန အထောက်အထားများ အနေဖြင့် (နိုင်ငံ ၁၀ နိုင်ငံရှိ အမျိုးသမီးပေါင်း ၂၄,၀၀၀ ထံမှ ကောက်ယူထားသော ရင်းနှီးသည့်လက်တွဲဖော်မှ အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များအရ) ၁၃ မှ ၆၁ ရာခိုင်နှုန်း မှာ လက်တွဲဖော်ထံမှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံရဖူးပြီး၊ ၄ မှ ၄၉ ရာခိုင်နှုန်း မှာ လက်တွဲဖော်၏ ပြင်းထန်စွာ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကိုကြုံတွေ့ဖူးသည်ဟု ဆိုထားပါသည်။
၂၀ မှ ၇၅ ရာခိုင်နှုန်း မှာ ၎င်းတို့၏ သက်တမ်းတလျှောက်တွင် လက်တွဲဖော်၏ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု တကြိမ်နှင့်အထက် ကြုံခဲ့ဖူးသည်ဟု ဆိုထားပါသည်။
နိုင်ငံ ၉ နိုင်ငံတွင်ကောက်ယူထားသော လူနေမှုဘဝနှင့်ကျန်းမာရေးဆိုင်ရာအခြေခံအချက်အလက်စစ်တမ်း (DHS) ၏ နှိုင်းယှဉ်ဆန်းစစ်ချက်အရ လက်တွဲဖော်ရှိခဲ့ဖူးသည့် အမျိုးသမီးများသည် ၎င်းတို့၏ လက်ရှိလက်တွဲဖော် (သို့မဟုတ်) ခင်ပွန်းဟောင်း သို့မဟုတ် လက်တွဲဖော်ဟောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ၁၈% မှ ဇမ်ဘီယာနိုင်ငံတွင် ၄၈% အထိ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြုံတွေ့ ခဲ့ကြရကာ ၄% နှင့် ၁၇% ကမူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရကြောင်း တွေ့ရှိရသည်။
အခြား နိုင်ငံ ၁၀ နိုင်ငံ၏ DHS အချက်အလက်များကို ဆန်းစစ်ကြည့်ရာ လက်ရှိတွင် ထိမ်းမြားလက်ထပ်ထား သော အမျိုးသမီးများ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လက်တွဲဖော်အကြမ်းဖက်မှုများ ကြုံတွေ့ခဲရနှုန်း မှာ ဒိုမေနီကန်နိုင်ငံတွင် ၁၇% ရှိခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၇၅% အထိရှိခဲ့သည်။ လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံ ၁၂ နိုင်ငံတို့မှ DHS အချက်အလက်များအား နှိုင်းယှဉ်ဆန်းစစ်ကြည့်ရာ လွန်ခဲ့သည့် ၁၂ လအတွင်း ရင်းနှီးသည့်လက်တွဲဖော် အကြမ်းဖက်မှု ကြုံခဲ့ရသည့် အမျိုးသမီးအများစု (၆၁-၉၃%) သည် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
ထိုသို့သော အခြေအနေများတွင် အဘယ်ကြောင့် အမျိုးသမီးများ အကြမ်းဖက်ခံရသည့် ဆက်ဆံရေးများတွင် ဆက်လက်ရှိနေကြသနည်း ဟူသောမေးခွန်းများ ထွက်လာကြသည်။
ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများမှာ တန်ပြန်တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ စီးပွားရေးအရ အခြားသော ပံ့ပိုးမှုနည်းလမ်းများ မရှိခြင်း၊ ကလေးများအတွက် စိုးရိမ်ပူပန်ခြင်း၊ မိသားစုနှင့် မိတ်ဆွေများ၏ ကူညီပံ့ပိုးမှု မရှိခြင်း၊ အိမ်ထောင်ကွဲလျှင် ကလေးများအား ထိန်းသိမ်းစောင့်ရှောက်ခွင့် ဆုံးရှုံးရမည်ကို ကြောက်ရွံ့ခြင်း၊ အိမ်ထောင်ကွဲလျှင် ကဲ့ရဲ့ပြစ်တင်မှု ခံရနိုင်ခြင်း၊ ချစ်ခြင်းမေတ္တာဖြင့် လက်တွဲဖော်သည် တနေ့ ပြောင်းလဲသွားမည်ဟု မျှော်လင့်ထားခြင်း စသည်တို့ ဖြစ်ပါသည်။
WHO ၏ နိုင်ငံပေါင်းစုံ လေ့လာချက်များအရ လက်တွဲဖော်မှ ရုပ်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု ကြုံခဲ့သည့် အမျိုးသမီးများအနက် ၁၅ရာနှုန်းမှ ၅၁ ရာခိုင်နှုန်းသော အမျိုးသမီးများသည် အိမ်မှ အနည်းဆုံး တစ်ည ထွက်သွားဖူးပြီး၊ ၈ ရာနှုန်းမှ ၂၁ ရာခိုင်နှုန်း မှာ နှစ်ကြိမ်မှ ငါးကြိမ်အထိ ထွက်သွားဖူးကြောင်း တွေ့ရှိရပါသည်။
လူမှုအသိုက်အဝန်းတွင်လည်း အမျိုးသမီးများအား အကြမ်းဖက်မှုကို ပံ့ပိုးသော လူမှုစံနှုန်းများနှင့် ယုံကြည်မှုများကလည်း တွန်းအားများအဖြစ် ရှိနေပါသည်။ အဆိုပါ လူမှုစံနှုန်းများနှင့် ယုံကြည်မှုများမှ
ာ
(၁) အမျိုးသားသည် လူမှုရေးအရ ပို၍ ကြီးမြတ်သည်၊ အမျိုးသားသည် အမျိုးသမီးအပေါ် ပါဝါသုံးပိုင်ခွင့်ရှိသည်။
(၂) အမျိုးသမီး၏ ‘မမှန်ကန်သော’အပြုအမူများအတွက် အမျိုးသားက ရုပ်ပိုင်းဆိုင်ရာအပြစ် ပေးပိုင်ခွင့်ရှိသည်။
(၃) ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ဆက်ဆံရေးတခုအတွင်း ပဋိပက္ခဖြေရှင်းရာတွင် လက်ခံနိုင်စရာရှိသော ဖြေရှင်းနည်းလမ်းဖြစ်သည်။
(၄) အိမ်ထောင်မှုတခုတွင် လိင်ဆက်ဆံခြင်းသည် အမျိုးသား၏ အခွင့်အရေးဖြစ်သည်။
(၅) မိသားစုမပြိုကွဲရေးအတွက် အမျိုးသမီးသည် အကြမ်းဖက်မှုများကို သည်းခံသင့်သည်။
(၆) တခါတရံတွင် အမျိုးသမီးသည် ရိုက်နှက်ခံသင့်သည့် အခြေအနေများလည်းရှိသည်။
(၇) လိင်ပိုင်းဆိုင်ရာ အပြုအမူများ (မုဒိမ်းကျင့်မှု အပါအဝင်) သည် ယောကျာ်းဆန်ခြင်း၏ သင်္ကေတ ဖြစ်သည်။
(၈) အမျိုးသား၏ လိင်ပိုင်းဆိုင်ရာလိုလားမှုများကို ထိန်းချုပ်ရန် အမျိုးသမီးများတွင် တာဝန်ရှိသည်။
စသည့် အယူအဆတို့ ဖြစ်သည်။
အမျိုးသားများမှ လက်တွဲဖော်များအား အကြမ်းဖက်မှုပြုနိုင်ချေရှိသော တဦးချင်းလိုက် အခြေအနေများမှာ အသက်ငယ်ရွယ်မှု၊ ပညာရည်နိမ့်ပါးမှု၊ ကလေးအရွယ်က အကြမ်းဖက်မှု ကြုံတွေ့ခဲ့ရခြင်း သို့မဟုတ် မြင်တွေ့ခဲ့ရခြင်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးများအား အန္တရာယ်ဖြစ်စေမည့်အတိုင်းအတာအထိ သုံးစွဲမှု၊ ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူဆိုင်ရာ ပုံမှန်မဖြစ်ခြင်း၊ အကြမ်းဖက်မှုကို လက်ခံသည့် အယူအဆရှိခြင်း၊ အနိုင်ကျင့်လေ့ရှိသည့် လက်တွဲဖော်နှင့် ကြုံခဲ့ဖူးခြင်းစသည်တို့ ဖြစ်ပါသည်။
အမျိုးသမီးများအား သူ၏လက်တွဲဖော်များမှ အကြမ်းဖက်မှုခံရနိုင်ချေရှိသော တဦးချင်းအခြေအနေများမှာ ပညာရည်နိမ့်ပါးမှု၊ မိဘများအကြား အကြမ်းဖက်မှုကို ထိတွေ့ခံစားခဲ့ဖူးခြင်း၊ ကလေးအရွယ်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ကြုံတွေ့ခဲ့ဖူးခြင်း၊ အကြမ်းဖက်မှုကို လက်ခံခြင်း နှင့် အခြားသော အနိုင်ကျင့်မှုပုံစံများကို ထိတွေ့ခံစားခဲ့ဖူးခြင်း တို့ကို တွေ့ရှိရသည်။
လူမှုဆက်ဆံရေးဆိုင်ရာ အခြေအနေများတွင်မူ ဆက်ဆံရေးဆိုင်ရာ မကျေနပ်ချက်များ နှင့် ပဋိပက္ခများ ရှိနေခြင်း၊ မိသားစုအတွင်း အမျိုးသားလွှမ်းမိုးမှုရှိခြင်း၊ စီးပွားရေးဆိုင်ရာ ဖိစီးမှုများ ဖြစ်ပေါ်နေခြင်း၊ အမျိုးသားတွင် လက်တွဲဖော် အများ အပြားရှိခြင်း၊ ပညာအရည်အချင်း ကွာဟမှုရှိခြင်း စသည်တို့ ပါဝင်သည်။
ရပ်ရွာနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ အခြေအနေများတွင်မူ ကျားမရေးရာ သာတူညီမျှမှုမရှိသော လူမှုစံနှုန်းများ၊ ဆင်းရဲမွဲတေမှု၊ အမျိုးသမီးများ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍ နိမ့်ကျခြင်း၊ လက်ထပ်ထိမ်းမြားပြီးနောက် လက်တွဲဖော်အကြမ်းဖက်မှုနှင့် ပတ်သက်၍ တရားစီရင်ရေးအရ တားမြစ်မှု မရှိခြင်း၊ အမျိုးသမီးများ၏ နိုင်ငံသားအခွင့်အရေး မရရှိမှု၊ သာတူညီမျှမဖြစ်သော သို့မဟုတ် ကန့်သတ်ချက်များရှိသော အိမ်ထောင်ကွဲခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများရှိခြင်း၊ လက်တွဲဖော် အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ရပ်ရွာ၏ တားမြစ်မှုများ အားနည်းခြင်း၊ ပဋိပက္ခဖြေရှင်းရာတွင် အကြမ်းဖက်သည့် နည်းလမ်းသုံးခြင်းအား လူမှုရေးအရ အကျယ်တဝင့် လက်ခံထားခြင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှုနှင့် ယေဘုယျအကြမ်းဖက်မှုမြင့်မားသော လူမှုအသိုင်းအဝိုင်းဖြစ်ခြင်း စသည်တို့ အကျုံးဝင် သည်။
လက်တွဲဖော်အကြမ်းဖက်မှုကြောင့် ရရှိနိုင်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများတွင် အညိုအမဲစွဲခြင်းနှင့် ဖူးယောင်နေခြင်း၊ စုတ်ပြဲဒဏ်ရာများ နှင့် ပွန်းပဲ့ဒဏ်ရာများ၊ ဝမ်းဗိုက်နှင့် လည်မျိုတဝိုက် ဒဏ်ရာများ၊ အရိုးများ သို့မဟုတ် သွားများကျိုးခြင်း၊ အမြင်နှင့် အကြားအာရုံဆိုင်ရာ ပျက်စီးမှုများ၊ ဦးခေါင်းဒဏ်ရာများ၊ လည်မျို ညှစ်ရန်ကြိုးပမ်းထားသည့် လက္ခဏာများ၊ နောက်ကျောနှင့် လည်ပင်းဒဏ်ရာများ ပါဝင်သည်။
စွမ်းဆောင်ရည်ကျဆင်းခြင်း“စိတ်ဖိစီးမှုဆိုင်ရာ အခြေအနေများ နှင့်လည်း ဆက်စပ်မှုရှိပြီး ဤသည်က နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများဖြစ်သည့် လေဝမ်းမမှန်သည့် အခြေအနေများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ၊ ကိုယ်ခန္ဓာ နာကျင်လွယ် မောပန်းလွယ်ခြင်း၊ အမျိုးမျိုးသော နာတာရှည် နာကျင်မှု အခြေအနေများ နှင့် ဆိုးဝါးသည့် ပန်းနာရင်ကျပ်လက္ခဏာများ တွေ့ရှိရနိုင်ပါသည်။
လက်တွဲဖော်တို့၏ အနိုင်ကျင့်မှုခံရသော အမျိုးသမီးများသည် အနိုင်ကျင့်မှုမခံခဲ့ရသော အမျိုးသမီးများထက် စိတ်ကျခြင်း၊ စိတ်ဖိစီးမှုနှင့် အကြောက်လွန်သည့် အခြေအနေများ ပိုမိုမြင့်မားသည် စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်ခြင်းများ၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုသည့် အတွေးများနှင့် အဆုံးစီရင်ရန် ကြိုးပမ်းမှုများသည်လည်း အကြမ်းဖက်မှုမကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများထက် သိသိသာသာ ပိုအဖြစ်များသည်ကို တွေ့ရသည်။
လက်တွဲဖော်မှအကြမ်းဖက်မှုသည် မူးယစ်ဆေးဝါးနှင့် အရက်သေစာ အလွဲသုံးစားမှု၊ အစားအသောက်နှင့် အိပ်စက်ခြင်းပုံမှန်မဖြစ်မှု၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမရှိခြင်း၊ ကိုယ့်ကိုယ်ကို ကိုးစားမှုနည်းပါးခြင်း၊ စိတ်ဒဏ်ရာ ရပြီးနောက် ဖိစီးမှုများ၊ ဆေးလိပ်သောက်သုံးခြင်း၊ မိမိကိုယ်ကို အန္တရာယ်ပြုခြင်း နှင့် လုံခြုံစိတ်ချရမှုမရှိသော လိင်ပိုင်းဆိုင်ရာ အပြုအမူတို့နှင့်လည်း ဆက်စပ်မှုရှိသည်။
လက်တွဲဖော်အကြမ်းဖက်မှုသည် အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားခြင်းဆိုင်ရာ ပြဿနာများအထိ ဉီးတည်သွားစေနိုင်သည်။
နိုင်ငံအချို့တွင်ပြုလုပ်ခဲ့သော လေ့လာမှုများအရ ၄၀ မှ ၇၀ ရာခိုင်နှုန်းသော အသတ်ခံခဲ့ရသည့် အမျိုးသမီးများမှာ ၎င်းတို့၏ ခင်ပွန်း သို့မဟုတ် အမျိုးသားချစ်သူတို့က အနိုင်ကျင့်မှုရှိသည့် ဆက်ဆံရေးအတွင်း သတ်ဖြတ် လိုက်ခြင်းဖြစ်သည်ဟု တွေ့ရသည်။
အိမ်တွင်း သို့မဟုတ် လက်တွဲဖော်မှ အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရန် အမျိုးသမီးများအား အကာကွယ်ပေးနိုင်သည့် မူဝါဒ ဥပဒေများ တိတိပပ ဆောင်ရွက်ရန် အရေးကြီးသည်။ ထို့အပြင် ဥပဒေဆိုင်ရာ အမြင်ဖွင့် ပညာပေးရေးအတွက် မီဒီယာနှင့် လူထုလှုံ့ဆော်မှု ကန်ပိန်းများ စဉ်ဆက်မပြတ် ထိထိရောက်ရောက် ပြုလုပ်ရန် လိုအပ်သည်။
အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာ အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ရပ်ရွာများတွင် အိမ်တွင်းအကြမ်းဖက်မှု ကြုံခဲ့ရသူများအတွက် ဝန်ဆောင်မှုပေးနိုင်သည့် တုန့်ပြန်ဆောင်ရွက်မှု ယန္တရားများ ထားရှိခြင်း၊ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအား စဉ်ဆက်မပြတ်သင်ကြားပို့ချခြင်း၊ ပံ့ပိုးကူညီခြင်းများလည်း တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည်။ ထို့အပြင် အိမ်တွင်းဘေးကင်းရေးဆိုင်ရာ သင်တန်းများပို့ချခြင်း၊ အသိပညာပေးခြင်း၊ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူဆောင်ရွက်မှု ယန္တရားများ ရှိခြင်းတို့ဖြင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးနိုင်ရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များကို ရေးသားတင်ပြအပ်ပါသည်။