[irrawaddy_gallery]
ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ယခင် ကရင်နီပြည်နယ် (ကယားပြည်နယ်) မှ ကိုယ်စားလှယ် အနေဖြင့် သွားရောက်ခဲ့သူ ကယန်းအမျိုးသား ခေါင်းဆောင်ကြီး သိုင်းဘဟန်နှင့် ကိုလိုနီခေတ် တလျှောက်လုံး လက်နက်စွဲကိုင် တော်လှန်ခဲ့သော ကယန်းနာမည်ကျော် ခေါင်းဆောင် ဗိုလ်ပျံ၏ မွေးရပ်မြေလည်းဖြစ်၊ ဂူသချႋုင်းလည်းရှိရာ ဖာလိုင်ရွာအား ကျော်လွန်လာခဲ့ပြီး နောက် ဘိန်းစိုက်ခင်းများနှင့် အဆီခြစ်ယူပြီးဖြစ်သော ဘိန်းပန်းပွင့်ခြောက် တချို့ကို စတင်မြင်တွေ့ လိုက်ရသည်။
ဤ မြင်ကွင်းများကို မြင်လိုက်ရုံဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်နေမှု အများဆုံးဟု ဆိုနေကြသည့် ဖယ်ခုံမြို့နယ်တကျောက ကဟန့်၊ လအိ၊ လတိန် ဒေသဆီသို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်သည်။
ဒီဇင်ဘာလတွင် ဘိန်းရာသီ ကုန်ဆုံးခဲ့ပြီဖြစ်သောကြောင့် တောင်စောင်းတလျောက် အရောင်အသွေးစုံ ဖူးပွင့်နေသော ဘိန်းပန်းပွင့်များအား မမြင်ရတော့ပေ။ ယခင်နှစ်က မိုးများသွားခဲ့ခြင်းကြောင့် ဘိန်းထွက်ရှိမှု လျော့ကျခဲ့သည့်အတွက် တနှစ်လျှင် တသီးနှုန်း စိုက်နေရာမှ ယခုနှစ်တွင် ဆောင်းရာသီဘိန်းဟုဆိုကာ စတင် စမ်းသပ်စိုက်ပျိုးထားကြသော ဘိန်းအပင်ပေါက်အခင်း အနည်းငယ် ရှိနေသည်။
သွားလာရ အလွန်ခက်ခဲသည့် တောင်ပေါ်၊ တောင်ကြားနေရာများ၌ တည်ရှိနေသော ရွာများဖြစ်သော်လည်း ထင်းရှူးသစ် သုံးပြီး သွပ်မိုးထားသော အိမ်များ၊ ဒေသအုတ်များဖြင့် ဆောက်ထားသော အိမ်ကြီးအိမ်ကောင်းများကိုသာ တွေ့မြင်ရသည်။
အိမ်တိုင်းနီးပါးတွင် 4 wheelကား အမြင့်များ၊ အထူးသဖြင့် Surf ကားများ ရှိကြပြီး ဆိုလာပြားနှင့် မီးစက်များကိုသုံးကာ လျှပ်စစ်မီး သုံးစွဲကြသည်။ ဖျော်ဖြေရေးအနေဖြင့် စလောင်းများနှင့် skynet up to date များကို တပ်ဆင်ထားကြသည်။
မြန်မာပြည်အတွက် လျှပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်ပေးနေသည့် ကယားပြည်နယ်မှ လောပိတ ရေအားလျှပ်စစ် စက်ရုံနှင့်နီးစပ်နေပြီး မြန်မာတနိုင်ငံလုံးကို ဖြန့်ဝေပေးနေသော ဓာတ်ကြိုးများမှာ ရွာများအပေါ်က ဖြတ်သန်းသွား နေသော်လည်း ဤဒေသမှ ရွာများကို လျှပ်စစ်မီး ပေးဝေနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ဒေသခံများက လောင်စာအဖြစ် ထင်းရှူးပင်များ ကိုသာ ခုတ်ယူ သုံးစွဲနေကြသည်။ လမ်းတလျှောက်တွင် သစ်ခွဲစက်တချို့နှင့် သစ်ပုံများ၊ လဲနေသော ထင်ရှူးပင်များကို မြင်တွေ့ရသည်။
ဤဒေသ၏ ထူးခြားချက်က လူတိုင်း ဘိန်းစိုက်ပျိုးနေသော်လည်း ဘိန်းသုံးစွဲခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားခြင်းပင်။သုံးစွဲသူ တဦး ရှိလာပါက မိသားစုက ဆုံးမသကဲ့သို့၊ မိတ်ဆွေ အချင်းချင်းကလည်း မသုံးစွဲဖို့ရန် တိုက်တွန်း ပြောဆိုကြသည်။ အပြင်းထန်ဆုံး ပြစ်ဒဏ်အနေဖြင့် ရွာမှ တသက်တာ နှင်ထုတ်သည်ဟု သိရသည်။
ခရစ်ယာန် ဘာသာ ကိုးကွယ်သည့် ကယန်းတိုင်းရင်းသားများ ပိုများပြီး ဘာသာရေးကို အလေးပေးကြသည့် အတွက် ဘုရားကျောင်းမှ ဘုန်းတော်ကြီးများ၊ သင်းအုပ်များ အနေဖြင့် အထိုက်အလျောက် သြဇာညောင်းသည်ဟု ဆိုရမည်။
လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင် ခန့်အထိ သင်းအုပ်ဆရာများက ဘိန်းစိုက်ပျိုးသူများကို မကောင်းမှု လုပ်သူများအဖြစ် သတ်မှတ်ကာ ဘုရားကျောင်းလာခွင့်၊ ဘာသာရေး ကိစ္စများအတွက် သင်းအုပ်များ၊ ဘုန်းတော်ကြီးများကို လာရောက် ပင့်ဆောင်ခွင့်များ ပိတ်ပင်ခဲ့ကြသည့်အထိ လုပ်ခဲ့ကြကြောင်း ကြားသိရသည်။
“အခုတော့လူတိုင်းက ဘိန်းစိုက်တာကို မကောင်းမှုလို့ မမြင်တော့ဘူးလေ။ မြင်ခဲ့ရင်တောင် ဘိန်းက လွဲရင် တခြား သီးနှံစိုက်ဖို့မှ မအောင်မြင်တဲ့ ဒေသမှာ ဒါတွေ မစိုက်ရင် အကုန်ငတ်သေကုန်မှာ အစိုးရရဲ့ ထောက်ပံ့မှုမှ မရှိတာ” ဟု ဒေသခံတဦးက ပြောသည်။
ဘုန်းတော်ကြီးနှင့် ဒေသခံများ ပြောကြသကဲ့သို့ ယင်းဒေသမှာ ရေအလွန်ရှားသည့်အတွက် မိုးရာသီ၌ ရေကို အုတ်ကန်ကြီးများနှင့် လှောင်ထားပြီးှ ချွေတာသုံးစွဲကြရသည်။ ရှားပါးသော တောင်ထွက် စမ်းရေများကို မြောင်းသွယ်ယူပြီး မြေနိမ့်ချိုင့်ဝှမ်းများတွင် ဝမ်းစာစပါးအနေဖြင့် အနည်းငယ် စိုက်ပျိုးထားကြသည်။
ယင်းဒေသများတွင် ဘိန်းစိုက်ရာမှ ရရှိသည့် ငွေဖြင့် အဓိက ရပ်တည်နေရခြင်း ဖြစ်သည်။ အစိုးရ ဆောက်ပေးထားသော စာသင်ကျောင်းများ လုံလောက်မှု မရှိသော ကျောင်းဆရာမများ ရှားပါးသည့် ဒေသမှာ ဘိန်းစိုက်ရာမှ ရသော ငွေကြေးဖြင့် ကိုယ်ထူကိုယ်ထ ကျောင်းများဆောက်နိုင်ခဲ့ပြီး ကလေးများကိုလည်း မြို့ပေါ်သို့ ပို့၍ ပညာသင်ကြားပေးနိုင် လာခြင်းကြောင့် ပညာတတ်များ ပေါ်ထွန်းလာခဲ့သည်ဟု သိရသည်။
“ကျနော်တို့ ဒီဘိန်းစိုက်လို့ ငွေရပေမယ့် မပျော်ပါဘူး။ ဘိန်းတွေကြောင့် လူတွေသေကြမယ်ဆိုတာကို သိနေတယ်လေ။ လူတွေကို မသေစေချင်ပေမယ့် ကျနော်တို့ငတ်နေကြတဲ့ အခက်အခဲကို ဘယ်သူကလာပြီး ဖြေရှင်းပေးလို့လဲ၊ ဘယ်သူက ဂရုစိုက်ကြလဲ” ဟု လအိရွာမှ ဘိန်းစိုက်ပျိုးသူ တဦးက ဆိုသည်။
အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖက်စလုံးအား ဘိန်းစိုက်သူများက ပိုက်ဆံပေးနေရသောကြောင့် စိုက်သမျှ အကုန် ပိုင်ဆိုင်ခွင့် ရခြင်းမဟုတ်ကြောင်း ၎င်းကပြောသည်။ ဒေသခံများ ကြိုတင်သိခွင့် ရထားသည့် တနှစ်လျှင် တခါပြုလုပ်သော အစိုးရ၏ မူးယစ်တိုက်ဖျက်ရေး စီမံချက်တွင်လည်း စိုက်ခင်းများ ပါဝင်သွားတတ်သလို၊ မိုးများလွန်းခြင်း၊ နှင်းအကျများခြင်းနှင့် လေတိုက်ကြောင့်လည်း ဘိန်းခင်းများအပျက်အဆီး များတတ်သည်ဟု သိရသည်။
ဘိန်း စိုက်ပျိုးချိန်ကာလမှာ သြဂုတ်လမှ နိုဝင်ဘာလလယ်အထိ ဖြစ်ပြီး ပထမဆုံး ခူးသော အကောင်းဆုံး အသီးများအား မျိုးစေ့အနေဖြင့် စုဆောင်းထားကြသည်။ တဧက စိုက်ပျိုးရန်အတွက် ဘိန်းတပြည်သာ လိုအပ်ပြီး ပြန်လည်ရရှိလျှင် တဧက ၃ အိတ်အထိရကြောင်း ဒေသခံများက ရှင်းပြသည်။ မြေပြန့်တွင် စိုက်ခြင်းထက် တောင်စောင်းများနှင့် လေဒဏ်ခံနိုင်သော ကျောက်စွန်းများ ထူထပ်သည့် နေရာက ဘိန်းကြိုက်သည့်နေရာဖြစ်ပြီး စိုက်ပျိုးပြီးစ ၁၀ ရက်မှ ပွင့်သည်အထိ ပေါင်းသင် ပေးရကာ အထူးဂရုစိုက်ရသည်ဟု သိရသည်။
ဘိန်းအသစ်ထက် ဘိန်းအဟောင်းက ဈေပိုကောင်းသည့် အတွက် ငွေကြေးချမ်းသာသူများက နှစ်ပေါက်သည်အထိ သိုလှောင်ထားကြသည်။
ယခုနှစ်တွင် ဘိန်းအသစ်ဈေးနှုန်းအဖြစ် ဘိန်းအမည်း တပိဿာလျှင် ကျပ် ၇ သိန်းခွဲ ပေါက်ဈေးရှိသည်ဟု သိရသည်။
“ဒီဒေသကနေ တနှစ်ကို ဘိန်းတန်ချိန် ရာနဲ့ချီထွက်တယ်ဗျ။ အစိုးရရဲ့ ဘိန်းနှိမ်နှင်းရေးဆိုတာက ခြစ်ပြီးသားအခင်းတွေကို ဖျက်တာ၊ ပြီးရင် သူတို့ကပဲ ခင်ဗျားတို့ဘာမှမဖြစ်ဘူး စိုက်သာစိုက်ဆိုပြီးတော့ ပြောခဲ့တာပဲ” ဟု ၎င်းဒေသမှ လက်နက်ကိုင် အဖွဲ့အစည်တခုဖြစ်သော ကယန်းပြည်သစ် ပါတီ၏ တွဲဘက်အတွင်းရေးမှူး ၁ ဦးစောလွင်က ပြောသည်။
ဒေသခံများအနေဖြင့် ဘိန်းကိုသာ အဓိကစီးပွားရေး အနေဖြင့် စိုက်ပျိုး လုပ်ကိုင်နေရသည့်အကြောင်းမှာ ရေရှားပါးခြင်း၊လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လျှပ်စစ်မီးမရရှိခြင်း၊ ပညာရေး အားနည်းခြင်းနှင့် အစားထိုးသီးနှံဟု ပြောဆိုနေ သော်လည်း ဈေးကွက်မရှိခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ မသိခြင်းများကြောင့်ဟု ၎င်းက ဆိုသည်။
ယင်းပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ ဘိန်းနှိမ်နင်းရေးကို ပြင်းပြင်းထန်ထန် လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း၊ အမှန် တကယ် လုပ်ဆောင်မည်ဆိုပါက ဒေသခံများအနေဖြင့် ငတ်မွတ်ခေါင်းပါးခြင်းများ ဖြစ်လာနိုင်သောကြောင့် အသေခံ ပြန်လည် ခုခံသည်အထိ ဖြစ်လာနိုင်ကြောင်း၊ လက်နက်ကိုင် အဖွဲ့များအနေဖြင့်လည်း လူမျိုးစုဝင်များ အခြေအနေ ဆိုးလာပါက ဝင်ရောက် လာနိုင်သည့် အခြေတွင် ရှိနေကြောင်း ဦးစောလွင်က ဆက်ပြောသည်။
“ဘိန်းစိုက်လို့ ဖမ်းမယ်ဆိုရင် ဒီနားတဝိုက်က ထောင်တွေ လူတောင် ဆန့်မှာမဟုတ်ဘူး။ မနှစ်က ဘိန်းဖျက် စီမံချက်တဲ့၊ လူ ၅ ထောင်လောက် လာတယ်။ သူတို့စားဖို့သောက်ဖို့၊ အခင်းတွေဆီကို သွားဖို့ကားကအစ ကျနော်တို့ စီစဉ်ပေးရတာ။ ရွာသားတွေကိုတောင် လုပ်အားပေး ခေါ်လိုက်သေးတယ်” ဟု ဘိန်းစိုက်သူတဦးက ဆိုသည်။
ဘိန်း အစားထိုးသီးနှံဟုဆိုကာ အစိုးရက မျိုးစေ့များပေးပြီး စိုက်ခိုင်းသည့်အတွက် ကုလားပဲ၊ ပဲစင်းငုံများ စမ်းသပ်စိုက်ပျိုး ခဲ့ကြဖူးသော်လည်း စိုက်ပျိုးနည်းစနစ်များ၊ သုံးစွဲရမည့် မြေသြဇာများကို မသိခြင်းကြောင့် အထွက်နှုန်း နည်းခဲ့သည့်အပြင်၊ ၎င်းသီးနှံများအား ဝယ်မည့်သူ မရှိခြင်းကြောင့် နောက်ဆုံးတွင် ကြက်၊ ဝက်ကျွေးစာ အဖြစ်သို့ ရောက်သွားခဲ့ရကြောင်း သိရသည်။
ဘိန်းစိုက်ပျိုးရာ၌ ဘိန်းဝယ်သည့် တရုတ်လူမျိုးများက စိုက်ပျိုးနည်း၊ ဘိန်းချက်နည်းများအား စနစ်တကျ သင်တန်းများ လာပေးထားကြသကဲ့သို့ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာသည့် လုပ်ငန်းလည်း ဖြစ်နေခြင်းကြောင့် စိုက်ပျိုးသူများ အနေဖြင့် လွယ်ကူကြသည်ဟု ဒေသခံများက ပြောသည်။
အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနည်းနှင့် ဘိန်းခြစ် ယူနည်းအား စိုက်သူတိုင်း လုပ်ဆောင်နိုင်ပြီး ငွေကြေးချမ်းသာကာ နည်းပညာပိုင်း ပိုမိုကျွမ်းကျင် သူများအနေဖြင့့် စက်ကိရိယာများနှင့် ဘိန်းဖြူ အဆင့်အထိ ရောက်ရန် ချက်လုပ် နေကြသည်။
ယခုကဲ့သို့ လုပ်ကိုင်ခွင့် ရထားသည့်အတွက် ဒေသခံများအနေဖြင့် ဘိန်းစိုက်ရာသီတလျှောက် လူတဦးလျှင် တနေ့ ကျပ် ၂ သောင်းနှုန်းဖြင့် ရွာလူကြီးထံတွင် ပေးထားရပြီး လာရောက်ငွေ တောင်းခံသည့် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ ဖြစ်သော ရဲ နှင့် စစ်တပ်ကိုပေးဆောင်ရကာ စစ်တပ်ကို ပေးဆောင်ရသည့်နှုန်းက ပိုများကြောင်း သိရသည်။
“ပိုက်ဆံပေးထားပေမယ့် ဘိန်းစီမံချက် လာပြီဆိုရင်တော့ သူတို့တွေ လမ်းကြောင်းပြောင်းသွားအောင် မလုပ်နိုင်ပါဘူး။ တခုပဲ၊ ဖျက်မယ့်ဧက နည်းသွားအောင်နဲ့ စိုက်ခင်းထဲမှာ လူတွေမရှိတဲ့ အချိန် သူတို့ဖျက်ပေးဖို့ကိုတော့ ကျနော်တို့လုပ်နိုင်တယ်” ဟု ဘိန်းစိုက်သူ တဦးက ဆိုသည်။
ဘိန်းစိုက်သူများ၏ အပြောအရ ပျမ်းမျှအနေဖြင့် လူတဦးလျှင် သုံးဧက စိုက်ပျိုးပါက ဘိန်းစီမံချက်အတွက် တဧက၊ သက်ဆိုင်ရာ လက်နက်ကိုင်နှင့် အစိုးရ အာဏာပိုင် များအဖို့ အခွန်အခအနေဖြင့် တဧကနှင့် စိုက်သူအတွက် တဧကနှုန်း ဖြစ်နေသည်ဟု သိရသည်။
ယင်းကဲ့သို့ ပေးဆောင်ထားခြင်းကြောင့် လူကြီးလမ်းကြောင်း အရေးပေါ်ဖြစ်လာသည့် အခြေအနေတွင် သတင်းလာရောက် ပေးကြသည့်အတွက် စိုက်ခင်းများအတွင်း လူများရှိမနေစေရန် လုပ်ဆောင်ထားနိုင်သည့် အတွက် အဖမ်းအဆီး တစုံတရာ မရှိခဲ့သေးဟု ဒေသခံများက ရှင်းပြသည်။
ဖယ်ခုံမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ ယင်းဒေသများမှ သွားရသော မြေသားလမ်း များက အလွန်ဆိုးနေ သည့်အတွက် လမ်းများ ပြန်လည်ပြင်ဆင်နိုင်ရန် ပုံမှန်ပေးနေကြ ဘိန်းအခွန်များအား ပေးဆောင်မည် ဖြစ်ပြီး အာဏာပိုင်များ အနေဖြင့် အခွန်အခ ထပ်မံမကောက်ယူဘဲ ယင်းငွေဖြင့်သာ လမ်းပြင်ဆင်ပေးပါရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ဘိန်းအခွန်ခ အနေဖြင့် တရွာလျှင် တနှစ်စာအတွက် ကျပ် သိန်း ၂၀၀ နှင့် ၃၀၀ အကြား ပေးဆောင်ရသည်ဟု ဒေသခံများက ဆိုသည်။
“ဘိန်းခင်းထဲမှာ လုပ်နေတုန်းများ လာဝင်ဖမ်းမလား၊ အိမ်မှာ ဘိန်း လှောင်ထားတုန်းများ လာဖမ်းမလားဆိုတဲ့ အတွေးနဲ့တင် ကျနော်တို့လည်း ရင်တထိတ်ထိတ်ပါပဲ” ဟု ဘိန်းစိုက် တောင်သူ တဦးက ပြောသည်။
“ဘိန်းစိုက်ပါ၊ မစားပါနဲ့” ဆိုသော ဆောင်ပုဒ်သည် ဒေသသုံး စကားဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း ဘိန်းစားသူများအား ဒေသခံများက ပြင်းပြင်းထန်ထန် အရေးယူကြသကဲ့သို့ ဖဲရိုက်ခြင်း၊ ဖဲဝိုင်းထောင်ခြင်းနဲ့ လေးကောင်ဂျင်ဝိုင်း စသည့် လောင်းကစား လုပ်သူများအားလည်း ပထမအကြိမ်ဆိုပါက သတိပေးခြင်းအနေဖြင့် ဒဏ်ငွေကျပ် ၁ သောင်းခွဲရိုက်သည်၊မရပါက ရဲတိုင်၍ လာဖမ်းခိုင်းခြင်း အထိ လုပ်တတ်ကြကြောင်း သိရသည်။
ဒေသခံများခွင့်လွှတ်ထားသည့် ဘိန်းစားသူ အနည်းကျဉ်းမှာမူ နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့သည့် သက်ကြီးရွယ်အို အဘိုး၊ အဘွားများ ဖြစ်သည်။ ရွာများတွင် လူကြီးလူငယ် ဘိန်းစားသူ ရှားသော်လည်း ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့ပေါ်တွင် နေထိုင်သူများကမူ ဘိန်းသုံးစွဲကြသည်။
ဖယ်ခုံမြို့ရှိ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY) ကို ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ကိုလွီစီငြိမ်းက အိမ်တအိမ်တွင် ဘိန်းသုံးစွဲနေပါက အနံ့ထွက်ကာ အလွန် သိသာသည့်အတွက် တခြား အိမ်များက သိနိုင်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် မိသားစုနှင့် အာဏာပိုင်များအား ကြောက်ရွံ့၍ လူသူပြတ်ရာ မြို့စွန်၊သချႋုင်းကုန်း စသည့် နေရာများတွင် သွားရောက် သုံးစွဲရာမှ အကြောထဲသို့ အပ်ဖြင့်ထိုးခြင်း၊ ဆေးလွန်ပြီး သေဆုံးခြင်းများ ရှိကြောင်း၊ မူးယစ်ဆေး ရှူရာမှ အိပ်ချင်စိတ်ပေါ်လာပြီး ယင်းနေရာမှာတင် အိပ်ပျော်သွားရာမှ ရာသီဥတုဒဏ်ကြောင့် သေဆုံးသွားရသည့် ဖြစ်ရပ်မျိုးများလည်း ရှိကြောင်း ပြောသည်။
“မြန်မာပြည်မှာ မူးယစ်ဆေးဖြတ် စခန်း ၃ ခု ရှိတဲ့အထဲမှာ ဖယ်ခုံမှာ ရှိတဲ့ ရွှေပြည်အေး စခန်းကတော့ ဝန်ထမ်းတွေ ရှိပေမယ့် လုပ်ငန်းလည်ပတ်မှု မရှိတော့ပါဘူး။ ဘာကြောင့်ရပ်သွားလဲ ဆိုတာကို နားမလည်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ၌ ဘိန်းပင်၊ ကိုးကားပင်၊ ဆေးခြောက်နှင့် မူးယစ် ဆေးဝါးအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင် ကြေညာစာ ထုတ်ပြန်ထားသော အပင်များ စိုက်ပျိုးပါက ပုဒ်မ ၁၆ (က) အရ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အထိ ချမှတ်နိုင်သည့် အပြင်၊ ငွေဒဏ်ပါ ချနိုင်သည်ဟု ဖော်ပြထားသည်။
ဘိန်းဖြတ်စခန်းသို့ ဘိန်းစွဲသူများမှသာလျှင် လာရောက်ခွင့်ပြုခြင်းထက် မြို့ပေါ်တွင် ရံဖန်ရံခါ ဖမ်းဆီးခံရသော ဘိန်းနှင့် စိတ်ကြွဆေးဝါး အနည်းငယ် ရောင်းသူများအား ပထမအကြိမ်ဖြစ်ပါက ထောင်ချမည့်အစား ဆေးဖြတ်စခန်းသို့ ပို့ဆောင်ခြင်းနှင့် ရပ်ဆိုင်းထားသော ရွှေပြည်အေး လူငယ်များ ပြုစုပျိုးထောင်ရေးဌာနဟု ခေါ်သည့် မူးယစ်ဆေးဖြတ် စခန်းအား ပြန်ဖွင့်ပေးရန် အရေးကြီးသော လိုအပ်ချက်တခုအနေဖြင့် ဖယ်ခုံဒေသခံများက လိုလားနေကြသည်ဟု သိရသည်။
ဘိန်းစိုက်ပျိုးခြင်းမှ ရလာသော ငွေများဖြင့် ကလေးများ၏ ပညာရေး လိုအပ်ချက်များကို တဘက်တလမ်းမှ ဖြည့်စွမ်းပေးနိုင် နေသော်လည်း အရွယ်ရောက်ပြီးလူငယ်များနှင့် ပညာတတ် လူငယ်များပင်လျှင် ငွေရလွယ်သည့် ယင်းလုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် ပြန်လည် လုပ်ကိုင်နေခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
“ကျနော့်သူငယ်ချင်းဆို ဘွဲ့ရပြီးတော့ ဘိန်းပြန်စိုက်တာပဲ။ အခုဆိုရင် ပိုက်ဆံကို ဖောဖောသီသီ သုံးနိုင်နေပြီ။ ဆိုင်ကယ် တဝီဝီစီးနိုင်တယ်။ နောက် သူကျောင်းတတ်လို့ ကုန်ကျစရိတ်ကို သူ့မိဘကို သူပြန်ပေးနိုင်ပြီ” ဟု KNGY အဖွဲ့မှ ကယန်း လူငယ်တဦးဖြစ်သူ အဘုတ်က ဆိုသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသော ကောင်းကျိုး၊ ဆိုးကျိုးများကို အစိုးရအနေဖြင့် အထူးတလည် ပြုလုပ်ပေး နေနိုင်ခြင်း မရှိသကဲ့သို့ INGO၊ NGOများသည်လည်း ယင်းဒေသတွင် ရှားပါးလှကြောင်း ဒေသခံများက ပြောသည်။
ဒေသခံလူထု၏ အသိအမှတ်အပြု လက်ခံမှုကို ရရှိထားသော ကယန်းတိုင်းရင်းသား လူငယ်များ စုပေါင်းဖွဲ့စည်းထားသည့် ကယန်းမျိုးဆက်သစ် လူငယ်များအဖွဲ့ ကသာလျှင် အဓိက လှုပ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။
KNGY အဖွဲ့က ကျေးရွာများတွင် လိုအပ်နေသော စာသင်ကျောင်းများတွင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ ခန့်ထားပေး ခြင်း၊ နိုင်ငံရေး ပညာရပ်များ သင်ကြားပေးခြင်း သဘာဝပတ်ဝန်ကျင်နှင့် ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ဒေသအရေးကိစ္စများ ဆောင်ရွက်နေသည်။
ဘိန်းစိုက်ပျိုးရာ ရွာများသို့ သွားရာလမ်းတလျှောက်တွင် ထင်းရှူးရနံ့များ မွှေးမြနေပြီး ချိုင့်ဝှမ်းများအကြား၌ ရှိသည့် သစ်ခွဲစက်များမှ ထင်ရှူးပင်များ ဖြတ်တောက်နေသည့် အသံများကိုလည်း ကြားနေရသည်။ ထင်းရှူးပင် အနည်းငယ်သာ ကျန်တော့သည့် တောင်ကုန်းများလည်း အများအပြား မြင်တွေ့နေရသည်။
ဘိန်းစိုက်ပျိုးနေခြင်းကို မလျှော့ချနိုင်သည့်အပြင် ယခုနှစ်ပိုင်းတွင် တခြားဒေသများမှ လူစိမ်းများလည်း ထပ်မံ ဝင်ရောက်လာကြကြောင်း ဒေသခံများက ပြောကြသည်။
ရွာများ၏ ဝင်ပေါက်တိုင်းတွင်တော့ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် ကာကွယ် တားဆီးရေး” ဟု ရေးသားထားသည့် ဆီဆိုင်မြို့နယ် ရှမ်းပြည်နယ် အဖွဲ့မှ ထုတ်ပြန်ကြေညာထားသော တားမြစ်ချက်ပါ အနီရောင် ဆိုင်းဘုတ်ကြီးများကို မြင်ရပေလိမ့်မည်။
၂၀၁၁ – ၂၀၁၂ ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ်အတွင်းမှ ဘိန်းခင်းများကို နှိမ်နင်းခဲ့သော်လည်း ထပ်မံစိုက်ပျိုးမှုများ တွေ့နေရသည်။
“၂၀၁၃ ခုနှစ်တွင် ဘိန်း ထပ်မံစိုက်ပျိုးပါက ၁၉၄၃ ခုနှစ် သီးစားချထားရေး ဥပဒေပုဒ်မ ၁၁ နှင့် ပုဒ်မ ၁၂ အရ လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (က) အရ လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်” ဟူ၍ အနီးရောင်ဆိုင်းဘုတ်ကြီးများတွင် ရေးသားထားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။