ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေတလျှောက်ရှိ အုန်းခြံများနှင့် လယ်မြေဧက ထောင်ချီ၍ အစိုးရ စစ်တပ်က အဓမ္မ သိမ်းယူထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့သည် ရခိုင်ဒေသတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုများအား၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းသွားရောက် စစ်ဆေးစဉ် ထိုသို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပင်လယ်ကမ်းခြေ တလျှောက်မှာ ရှိတဲ့ အုန်းသီးခြံတွေကို ခလရ ၅၅ က သိမ်းယူထားတာ စစ်ဆေးတွေ့ရှိတယ်။ ဒေသခံ အုန်းခြံပိုင်ရှင်တွေ အားလုံးဟာ အလုပ်လက်မဲ့ ဖြစ်သွားပြီး မိမိနေရပ်ကို စွန့်ခွာသွားကြရတဲ့အထိ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တွေ မြင်တွေ့ခဲ့ရတယ်” ဟု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေသည် ငပလီ ကမ်းခြေကဲ့သို့ သာယာလှပသည့် ကမ်းခြေတခုဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု နည်းပါးပြီး ထင်ရှားမှု မရှိသည့်ကမ်းခြေတခုလည်း ဖြစ်သည်။
ခရီးသွားလုပ်ငန်းများကို မျှော်ကိုး၍ ကမ်းခြေတွင် ဆောက်လုပ်ထားသည့် ဟိုတယ် အသေးစား အများအပြားမှာ ပျက်စီးနေသည်ကို တွေ့ခဲ့ရကြောင်း၊ နောင်တချိန်တွင် ငပလီကဲ့သို့ အပန်ဖြေစခန်း ဖြစ်လာနိုင်၍ ကမ်းခြေ လယ်မြေများကို စစ်တပ်က ကြိုတင်လက်ဦးမှု ရယူထားခြင်း ဖြစ်နိုင်ကြောင်း ဦးဘရှိန်က ဆိုသည်။
ပင်လယ်ကမ်းခြေ တလျှောက်ရှိ မိုင်ပေါင်းများစွာ ရှည်လျှားသော အုန်းခြံများကို တွေ့ခဲ့ရကြောင်း၊ ထိုအုန်းခြံများ အားလုံးကို ယခုအခါ သံတွဲမြို့နယ်၊ ငပလီ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၅၅ က သိမ်းယူထားကြောင်း၊ အလားတူ ဂွမြို့နယ်အတွင်းရှိ လယ်ယာမြေ ဧက တထောင်ကျော်ကိုလည်း စစ်တပ်က သိမ်းယူထားကြောင်း သိရသည်။
“ဥပမာ – သိမ်းထားတဲ့ လယ်မြေအမှု ၁၀ မှုရှိရင် ၈ မှုက စစ်တပ်က နည်းလမ်းစုံနဲ့ အဓမ္မ သိမ်းယူထားတာ တွေ့တယ်။ စစ်တပ်နဲ့နီးစပ်တဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ သူတို့နဲ့နီးစပ်သူတွေက သိမ်းယူထားကြတာ တွေ့တယ်။ ရခိုင် စစ်တိုင်းမှူးဟောင်း ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစုက သိမ်းထားတဲ့ အမှုတခုကိုလည်း သံတွဲ့မြို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်” ဟု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးဘရှိန်က ပြောသည်။
ရခိုင်ပြည်နယ်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ဒီဇင်ဘာလအတွင်း ကျောက်ဖြူ၊ ဂွ၊ သံတွဲ မြို့နယ် ၃ ခုကို စစ်ဆေးရာ အမှုအားလုံးနီးပါးသည် စစ်တပ်နှင့် အာဏာပိုင်တို့က အဓမ္မသိမ်း ယူထားသည့် အမှုများ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ လယ်မြေ အဓမ္မသိမ်းမှု ၈ ခုကို စစ်ဆေးရာတွင် ကျောက်ဖြူ အခြေစိုက် ဓညဝတီ ရေတပ် စခန်းဌာနချုပ်၊ ထောက်လှမ်းရေးတပ်၊ ခြေမြန်တပ်ရင်း (ခမရ) ၅၄၂၊ ဂက်စ် ပိုက်လိုင်းစီမံကိန်း စတင်ရာ မဒေးကျွန်းရှိ ရဲစခန်းမှူးနှင့် ရပ်ရွာအုပ်ချုပ်ရေးမှူး စသူတို့ သိမ်းယူသော အမှုမှာ ၇ မှုရှိပြီး၊ အာဏာပိုင်တို့နှင့် နီးစပ်သည့် ကုမ္ပဏီက သိမ်းယူမှု ၁ မှု ပါဝင်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။ ကျောက်ဖြူဒေသ လယ်မြေသိမ်းမှုတွင် ရခိုင် စစ်တိုင်းမှူးဟောင်းနှင့် နဝတ အစိုးရလက်ထက် အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်၏ သမီးအမည်ဖြင့် သိမ်းထားသည့်အမှုလည်း ပါဝင်သည်။
ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေနှင့် တခြားလယ်ယာမြေသိမ်းထားသည့် အမှုအားလုံးသည် စစ်တပ်က သိမ်းယူထားခြင်းဖြစ်ကာ သံတွဲမြို့နယ်အမှုများတွင် ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစု သိမ်းထားသည့်အမှု၊ ငပလီ အခြေစိုက် ခလရ ၅၅ က သိမ်းသည့်အမှု၊ သံတွဲအခြေစိုက် ရေတပ်က သိမ်းယူမှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူးဟောင်း သိမ်းယူထားသည့် အမှုတို့ကို စစ်ဆေးခဲ့ရကြောင်း၊ ၎င်းတို့ကို အစီရင်ခံစာ တစောင်ရေး၍ ယခုလတွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ တင်သွင်းမည်ဟု ဦးဘရှိန်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း လယ်မြေသိမ်းသည့် စစ်တပ်အာဏာပိုင်များတွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်၊ ဒု ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့နှင့် ၎င်းတို့မိသားစုဝင်များ ပါဝင်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။
မြန်မာတနိုင်ငံလုံးရှိ လယ်မြေ အဓမ္မသိမ်းယူမှုများကို စုံးစမ်းစစ်ဆေးရန် ပြည်နယ်နှင့် တိုင်းအလိုက် စုံစမ်းရေး ကော်မရှင် အဖွဲ့များကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းပေးခဲ့သည်။ ရခိုင်ပြည်နယ်အတွက် စုံးစမ်းရေး ကော်မရှင်တွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်တပ်လွှတ်တော် ကိုယ်စား လှယ် ဒု ဗိုလ်မှူးကြီး စိုးရွှေ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ဒေသ လယ်ယာမြေ သိမ်းယူမှု စုံစမ်းရေး ကော်မရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင်လည်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း စစ်တွေ စသည့်မြို့နယ်များသို့ သွားရောက် စစ်ဆေးခဲ့ရာ၌ စစ်တပ်ကသိမ်းထားသည့် လယ်မြေဧက ထောင်ပေါင်းများစွာရှိကြောင်း၊ ထို့အတူ ရမ်းဗြဲ၊ ပေါက်တော၊ မာန်အောင် စသည့်မြို့နယ်များတွင်လည်း စစ်တပ်က သိမ်းယူထားသည့် အမှု များကို စုံစမ်း စစ်ဆေးရန် ရှိသေးကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။