ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား (နိုင်/ ကျဉ်း) များ တယောက်မကျန် ပြန်လွှတ်ပေးမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၎င်း၏ ဥရောပ ခရီးစဉ်အတွင်း ကတိပေးပြောဆိုခဲ့ သကဲ့သို့ ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှ အဖမ်းခံ ခဲ့ရသည့် ဦးဘရန်ရှောင် အပါအဝင် ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ နိုင်/ ကျဉ်း များကို ယနေ့တွင် စတင် ပြန်လွှတ် ပေးခဲ့သည်။
ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ် တရားရုံးက မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး တပတ်အတွင်း မိသားစုဝင်များထံ အရောက် ပြန်ပို့ပေးမည်ဟု ပြောဆိုခဲ့သည့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၏ ကတိအတိုင်း ပြန်ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“ဒီနေ့ တနိုင်ငံလုံးမှာ ရှိတဲ့ နိုင်/ ကျဉ်း အယောက် ၇၀ လောက် လွှတ်ဖို့ရှိပါတယ်။ ကချင်ပြည်နယ်က ၁၇/ ၁ နဲ့ အကျဉ်းကျ ခံရတဲ့သူ စာရင်းကတော့ ၃၁ ယောက်လောက် ပို့ထားပါတယ်။ အဲဒီအထဲက ၂၆ ယောက်လောက်ပဲ ပြန်လွတ်လာမယ်လို့ သိရပါတယ်။ ဦးဘရန်ရှောင်ကတော့ ဦးအောင်မင်းကိုယ်တိုင် မိသားစုဝင်တွေဆီ ပြန်ပို့ပေးနေပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။
မြန်မာအစိုးရအနေဖြင့် ပြည်သူလူထုကို မျက်လှည့်ပြ ကစားနေခြင်းများ အဆုံးသတ်သင့်ပြီ ဖြစ်ကြောင်း၊ ဦးဘရန်ရှောင် အမှုတွင်လည်း တရားစီရင်ချက်မချခင် အမှုကို ရုပ်သိမ်းပေးသင့်ကြောင်း၊ တရားရုံးမှ စီရင်ချက်ချပြီး တပတ် အကြာမှ ဦးဘရန်ရှောင်ကို ပြန်လွှတ်ခြင်းသည် ဦးဘရန်ရှောင် အနေဖြင့် မတရားအသင်းနှင့် အမှန်တကယ် ဆက်သွယ်နေခြင်းကို ပေါ်လွင်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြောသည်။
“ဦးအောင်မင်း လုပ်သွားတဲ့အပေါ် ကျနော်တို့က ကျေးဇူး တင်ရမှာလား၊ ဝမ်းပဲ နည်းရမှာလား။ အရမ်းကို စဉ်းစားရခက်တဲ့ အခြေအနေပါ။ ဦးဘရန်ရှောင်ကို ဖမ်းတာ စစ်ထောက်လှမ်းရေး အဖွဲ့တွေပါ။ သူတို့အနေနဲ့ ဦးဘရန်ရှောင်ဆိုတာ KIA နဲ့ ပတ်သတ်မှု မရှိဘူးဆိုတာ စုံစမ်းဖို့ အရမ်းခက်ခဲတဲ့ အရာ မဟုတ်ပါဘူး။ ဒီနေ့တော့ ၂၆ ယောက်ကိုပဲ လွှတ်ပေးမယ်လို့ ကြားတယ်။ စာရင်း တင်ထားတာကတော့ ၃၁ ယောက်လောက် ရှိပါတယ်” ဟု ဦးမာခါးက ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ရှိသည့် ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ဦးဘရန်ရှောင်ကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စစ်ဘက် ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က ပြီးခဲ့သည့်နှစ် ဇွန်လထဲတွင် စွပ်စွဲ ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် စီရင်ချက် ချခဲ့သည်။
ဦးဘရန်ရှောင်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး စရဖ အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကာ စရဖ အဖွဲ့မှ ဗိုလ်ကြီး ကျော်စွာလင်းက တရားလိုအဖြစ်နှင့် တရားစွဲဆို ခဲ့ကြောင်း၊ ဖမ်းဆီးခံရချိန်တွင် နှိပ်စက်ခံရသဖြင့် ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့သော်လည်း တရားရုံးက ဓာတ်ပုံမှတ်တမ်း ယူခွင့် မပြုခဲ့ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေနှင့် မိသားစုဝင်များက
ပြောခဲ့သည်။
“ဒီနေ့ လွှတ်တာက အဓိက အားဖြင့် ကချင်ဘက်ကနဲ့ လက်နက်ကိုင် အဖွဲ့အစည်းက လူတွေကို လွှတ်တာပါ။ ဒီနေ့ အယောက် ၇၀ ဝန်ကျင် လွှတ်မယ်ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား တရာကျော်လောက် ကျန်မယ်။ ဒီ လွှတ်တဲ့ အထဲမှာတော့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဟံသာဝတီ၊ သရက် စတဲ့ ထောင်ကလူတွေ ပိုများပါမယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့မှ ဦးရဲအောင်က ဧရာဝတီသို့ ရှင်းပြသည်။
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကော်မတီ (RCSS/ SSA) မှ ဗိုလ်မှူးကြီး ဦးစိုင်းကမ့်ကလည်း ၎င်းတို့ထံသို့ လွှတ်ပေးမည့် သက်ဆိုင်ရာ နိုင်ငံရေး အကျဉ်းသား စာရင်းကို အာဏာပိုင်များဘက်မှ ပေးပု့ိခဲ့သည်ဟု ဆိုသည်။
“ကျနော်တို့ဆီကို လွန်ခဲ့တဲ့ နှစ်ရက်က လွှတ်မယ့်စာရင်း ၂၉ ယောက် ပို့ပေးပါတယ်။ ကျနော်တို့ တင်ထားတာက ပြန်လွှတ်ဖို့ ၃၁ ယောက်ပါ။ အခုတော့ ဘယ်နှယောက် လွတ်လဲဆိုတာ သေချာ မသိသေးပါဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ကို လွှတ်တော်သို့ တင်ပြသွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်မှ ပယ်ဖျက် ပေးရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား အများစုသည် ၁၇/ ၁ ဖြင့် ဖမ်းဆီး ခံနေရသဖြင့် အမြန်ဆုံး ပြန်လွှတ်ရန်လည်း တောင်းဆိုထားကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေး ပါတီများအကြား လွတ်လပ်စွာ ပြောဆို ဆွေးနွေးနိုင်ရန်၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ကို အစိုးရ အနေဖြင့် ပယ်ဖျက်ပေးရန် အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) မှ ဗိုလ်မှူးကြီး စိုင်းမြင့်၊ ဗိုလ်မှူးကြီး စိုင်းလ၊ ဥရောပ – မြန်မာရုံး (Euro-Burma Office) အဖွဲ့မှ ဦးဟန်ညောင်ဝေ၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ ဦးခွန်ထွန်းဦးနှင့် ဦးစိုင်းညွန့်လွင်တို့ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ၌ မေလ ၁၃ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုခဲ့သည်။
ယနေ့ ညနေ ၃ နာရီခန့်က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းသား စုစုပေါင်း ၇၃ ဦး ပြန်လွှတ်ပေးခဲ့ရာ နိုင်/ ကျဉ်း ၆၈ ဦး ပါဝင်ကြောင်း သိရသည်။