ဒေသခံ မွန်လူမျိုးစုများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ရပြီးနောက် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးထားသော တံတားတစင်း၏ အမည်ကို ပြောင်းမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
ချောင်းဆုံနှင့် မော်လမြိုင်မြို့နယ်များ အကြားသံလွင်မြစ်ပေါ်တွင် တည်ရှိသော ထိုတံတားကိစ္စကို ဆွေးနွေးရန် အတွက် မွန်ပြည်နယ်နေ့ ကျင်းပရေး လုပ်ငန်းကော်မတီ ခေါင်းဆောင်များသည် ကြာသာပတေးနေ့က မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထို အရှည် ၅၂၀၀ ပေ ရှိသော နှစ်လမ်းသွား တံတားဆောက်လုပ်ခြင်းမှာ မတ်လတွင် ပြီးစီးမည် ဖြစ်ပြီး ခန့်မှန်းခြေ မြန်မာကျပ်ငွေ ၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၄ သန်း) ကုန်ကျခဲ့သည်။
တွေ့ဆုံစဉ် အတွင်း ဦးမင်းမင်းဦးက ထိုတံတားအတွက် ဒေသခံများ လက်ခံနိုင်သော အမည်တခုကို ရွှေးချယ်သွားမည်ဟု ကတိပေးခဲ့သည်။
“သူတို့အစိုးရက ဗိုလ်ချုပ်အောင်ဆန်းအမည်ကို တံတားအတွက် မသုံးဘူးလို့ ကျနော်တို့ကို ပြောတယ်။ အဲဒီ အမည်ဟာ ဒေသအမည် ဖြစ်နိုင်တယ်” ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနှင့် မွန်ပြည်နယ်နေ့ ကျင်းပရေး လုပ်ငန်းကော်မတီဝင် တဦးဖြစ်သူ နိုင်ကြည်ဝင်းက ပြောသည်။
တံတားကို အခမ်းအနားဖြင့် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြေညာသော စာတစောင်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက မွန်ပြည်နယ် လွှတ်တော် ဒုဥကဌ ဦးအောင်နိုင်ဦးထံ ပေးပို့သော အခါမှသာ တံတား အတွက် အဆိုပြု အမည်ကို သိလာကြရခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ဒေသခံများ ဒေါသထွက်ခဲ့ကြပြီး ထိုအမည်အစား မွန်လူမျိုးစုများ၏ အမွေအနှစ်ကို ဂုဏ်ပြုသော အမည်တခုကို ပိုမိုလိုလားကြသည်။ တံတားဖွင့်ပွဲကိုလည်း ဖျက်သိမ်းခဲ့ရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မြင့်က တံတားအမည် ပေးရေး အငြင်းပွားမှုကို ပြည်နယ် အစိုးရနှင့် ပြည်ထောင်စုအစိုးရသို့ အသိပေးပြီး ဖြစ်ကြောင်း ယမန်နေ့က ၎င်းအား ပြောကြားခဲ့သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။
“မွန်တိုင်းရင်းသားတွေ သဘောမတူတော့ ဗိုလ်ချုပ်အောင်ဆန်း အမည်ဟာ တံတားအတွက် ဘယ်လို ပြဿနာ ဖြစ်နိုင်တယ် ဆိုတာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို အသိပေးထားပြီးပြီလို့ သူက ပြောတယ်။ အရင်က ပေးထားတဲ့ အမည်အတိုင်း ခေါ်ဖို့တောင်မှ သူက ပြောတယ်” ဟု ဦးအောင်နိုင်ဦးက မွန်ဘာသာစကား ချောင်းဆုံကို ရည်ညွှန်း ပြောကြားသည်။
“သူတို့ ဘာဆက်လုပ်မလဲ ဆိုတာကို ကျနော်တို့ အရင်စောင့်ကြည့်ရမယ်၊ ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်နိုင်မယ်” ဟု သူက ဆက်ပြောရင်း တံတားအမည် ပြောင်းလဲရေး အတွက် သူသည် မွန်တိုင်းရင်းသားများနှင့် အတူ ရပ်တည်မည်ဟု ဆိုသည်။
“မွန်တိုင်းရင်းသားတွေ သဘောမတူနိုင်တဲ့ အဓိက အကြောင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီတံတားနဲ့၊ ဒီဒေသနဲ့ တောင်မှ ဘာမှ ဘာမှ ဆက်စပ်မှု မရှိတာပါ” ဟုလည်း သူက ဆက်ရှင်းပြရင်း တိုင်းပြည်၏ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် လူမျိုးစုများ၏ အမြင်ကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကိုု ယူကာ နိုင်ငံရေး အမြတ်ထုတ်သည် ဟုလည်း ဦးအောင်နိုင်ဦးက ပြောသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုမထိခိုက်ဘဲ တိုင်းပြည်တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကျိုးပြုနိုင်သည့် အမည်တခု သတ်မှတ်ပေးရန် ပြည်နယ်အစိုရအား တောင်းဆိုသော ကြေညာချက် တစောင်ကို မွန်အမျိုးသားပါတီက အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။ ။