၁၉၉၆ ခုနှစ်၏ နောက်ဆုံးရက်တရက် ဖြစ်သည်။ နှစ်သစ်တခုကို ကြိုဆိုတော့မည့် နှစ်သစ်ကူး အကြိုနေ့ ဖြစ်သော်လည်း ကိုကျော်သူတယောက် ပျော်နေသည်မှာ အခြားအကြောင်းတခုကြောင့် ဖြစ်သည်။ ပဲခူးမြို့အနီး၊ ကျိုက်ဇကော စိုက်ပျိုးရေးစခန်းတွင် ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ပြီးနောက် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကိုကျော်သူ ပြန်လည်လွတ်မြောက်လာခဲ့သည်။
“လွတ်ပြီး အိမ်ပြန်ရောက်လာတော့ အိပ်မက်တွေ အများကြီးပဲ၊ အဖေ့အလုပ် ဝိုင်းလုပ်ပေးမယ်… စတာတွေပေါ့” ဟု အသက် ၄၈ နှစ် အရွယ် အသားညိုညို ပိန်ပိန်ပါးပါးနှင့် ဆံပင်အရှည်ကို အနောက်တွင် အမြဲစုစည်းထားတတ်သည့် ကိုကျော်သူက သူ၏ ထောင်မှပြန်ထွက်လာခါစ ခံစားချက်ကို ပြောပြသည်။
သို့သော်လည်း နောက်၂ ရက်အကြာတွင် အိမ်ရှေ့ရှိ ကားဟွန်းသံတချက်မှ အစပြုကာ သူ၏အိပ်မက်များ ပျောက်ကွယ်လွင့်စင်သွားခဲ့ရသည်။ မတွေ့တာကြာပြီ ဖြစ်သည့် သူငယ်ချင်းလေးယောက် ကိုကျော်သူကို လက်ဖက်ရည်ဆိုင်ထိုင်ရန် ကားနှင့်လာခေါ်ကြသည်။
“လက်ဖက်ရည်ဆိုင်ရောက်မှ သူတို့ လမ်းကြောင်းသွားတက်မလို့၊ ပစ္စည်းသွားဖန်မလို့တဲ့” ဟု သူငယ်ချင်းများက လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် မူးယစ်ဆေးသွားဝယ်ရန် တိုင်ပင်ပြီး ကိုကျော်သူကို သူတို့နှင့်အတူ လိုက်ခဲ့ရန် ခေါ်သည့်အကြောင်းကို ပြောပြသည်။
ထိုမူးယစ်ဆေးဆိုသည်မှာ လွန်ခဲ့သည့် ၃ နှစ်က ကိုကျော်သူ ထောင်ကျခဲ့ရသည့် အကြောင်းအရင်းပင် ဖြစ်သည်။ သို့သော်လည်း လိုက်ခဲ့ရန် ခေါ်နေသည့် သူငယ်ချင်းများကိုမူ ကိုကျော်သူ ရှောင်ဖယ်မထွက်ဖြစ်ခဲ့ပါ။ ထောင်မှထွက်လာပြီးနောက် သူငယ်ချင်းများအပေါ် ဆက်ဆံရေးပြောင်းလဲသွားသည်ဟု မထင်စေချင်သည့်အတွက် ရှောင်ဖယ်ရန်လည်း မကြိုးစားဖြစ်ခဲ့ပါဟု ကိုကျော်သူက ပြောပြသည်။
သူငယ်ချင်းများ မူးယစ်ဆေး (ဘိန်းဖြူ) သွားဝယ်သည်ကို အတူလိုက်သွားခဲ့ပြီး ဆေးသွားသုံးသည့်အခါတွင်ပါ လိုက်သွားဖြစ်ခဲ့သည်။
“ပထမတော့ မသုံးဘူးနေတာ၊ မချတော့ပါဘူးကွာ… မင်းတို့ဘာသာ ချကြပါပေါ့… ဒါပေမယ့် သူတို့က တခါလေးနဲ့ မငြိပါဘူးကွာတဲ့ တခါနဲ့ ယင်းမကပ်ပါဘူးကွာ ဆိုတော့ နောက်နေ့ မချတော့ရင် ပြီးတာပဲကွာဆိုပြီး ချပစ်လိုက်တာ”
သို့သော်လည်း ယင်းကဲ့သို့ တကြိမ်လောက် ဆေးပြန်သုံးလိုက်ခြင်းက ကိုကျော်သူ နောက်တခါဆေးပြန်စွဲသွားရန် အစဖြစ်သွားခဲ့သည်။ ၁၉၉၇ ခုနှစ် ဇွန်လတွင် ပထမအကြိမ်ကဲ့သို့ပင် မူးယစ်ဆေးသုံးမှုနှင့် ၂၀၀၀ ခုနှစ်အထိ ထောင် ၃ နှစ် ထပ်မံကျခံခဲ့ရသည်။
အပြင်းထန်ဆုံးသော မူးယစ်ဥပဒေများထဲမှ တခု
ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ စာရင်းမှတ်တမ်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း မူးယစ်ဆေးနှင့် သက်ဆိုင်သော ပုဒ်မများဖြင့် ဖမ်းဆီးခံရသူ ၄၉၀၇၂ ဦး ရှိပြီး ၂၀၁၆ ခုနှစ်တွင် ၂၀၁၅ ခုနှစ်ထက် အဖမ်းခံရသူ ၄၄၀၃ ဦးတိုးလာခဲ့သည်။
အဆိုပါ အချက်အလက်များကို ထောက်ပြ၍ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) ၏ စီမံကိန်းဌာနှ ရဲမှူးကြီး ဇော်လင်းထွန်းက မူးယစ်ဆေးသုံးစွဲသူများကို အပြစ်ပေးခြင်း နည်းစနစ်တခုတည်းသည် တိုင်းပြည်၏ မူးယစ်ဆေး ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ဧရာဝတီသို့ပြောသည်။
“ပြဿနာကမှ သေးမသွားတာ ကြီးထွားလာတာ ဖြစ်တဲ့အတွက် ကျနော်တို့ မူဝါဒရဲ့ ထိရောက်မှုသည် နည်းနည်းတော့ လမ်းလွဲနေတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ တားဆီးနှိမ်နှင်းရေး တခုတည်းနဲ့ သွားလို့မရတော့ဘူး”
မြန်မာနိုင်ငံတွင် တည်ဆဲဖြစ်သော ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေက ဘိန်း၊ ကိုကာ၊ ဆေးခြောက်သို့ မဟုတ် မူးယစ်ဆေးဝါး အဖြစ်ပြောင်းလဲနိုင်သော သို့မဟုတ် ထုတ်လုပ်နိုင်သော မည်သည့် အပင်မျိုး မဆို စိုက်ပျိုးခြင်းမှ တားမြစ်ထားသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မူးယစ်ဆေးဝါး သို့ မဟုတ် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအဖြစ် ကြေညာထားသော ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ဆိုင်ခြင်း နှင့် သုံးစွဲခြင်းကိုလည်း ထောင်ဒဏ်များ ချမှတ်နိုင်သည့် ကျူးလွန်မှုများအဖြစ် ပြဌာန်းထားပါသည်။
ဥပဒေ၏ ရည်ရွယ်ချက်မှာ လူသားတို့ကို ဆုတ်ယုတ်ကျဆင်းမှုဖြစ်စေနိုင်သည့် ခုနှစ် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်း လဲစေတတ်သော ဆေးဝါးများ၏ အန္တရယ်ကို အမျိုးသားရေးတာဝန် တရပ်အဖြစ် တားဆီးကာကွယ်ရန် နှင့် ကုလသမဂ္ဂ၏ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ကုန်သွယ်မှုကို ဆန့်ကျင်တားမြစ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
မူးယစ်ဆေးဝါး သုံးစွဲသူများသည် အစိုးရက အသိအမှတ်ပြုထားသော ကျန်းမာရေးဌာနများတွင် ဆေးဝါးကုသမှုခံယူရန် ဥပဒေက သတ်မှတ်ထားသည်။ ထိုသို့ ပြုလုပ်ရန် ပျက်ကွက်ပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိချမှတ်ခံရမည် ဖြစ် သည်။ တရားမဝင် အပင်များကို စိုက်ပျိုးခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်း နှင့် တရားမဝင် မူးယစ်ဆေးများကို သယ်ယူပို့ ဆောင်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပါသည်။
အကယ်၍ မူးယစ်ဆေးဝါး ရောင်းချရန် ရည်ရွယ်ချက်ဖြင့် အထက်ပါ အချက်တခုခုကို ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား ပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်ကျခံရမည် ဖြစ်သည်။
ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် Drug Policy Advocacy Group Myanmar ၏ အစီရင်ခံစာတွင် ကမ္ဘာ တလွှားတွင် ပြုလုပ်ခဲ့သည့် လေ့လာမှု အများအပြားအရ “ညှာတာမှုမရှိခြင်း သို့ မဟုတ် ဥပဒေအရ ပြင်းထန်စွာ ဆောင်ရွက်ခြင်း နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နှံ့နေခြင်းကြားတွင် ဆက်နွယ်မှု မရှိ” ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေး ဥပဒေက ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေး မူဝါဒများထဲတွင် ပါဝင်နေဆဲ ဖြစ်သည် ဟု အဆိုပါ အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံတွင် ပျံ့နှံနေသော တရားမဝင် မူးယစ်ဆေးပြဿနာကို ဖြေရှင်းရန် အတွက် ၁၉၉၃ မူးယစ် ဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေကြမ်းတခုကို လွှတ်တော်သို့ မကြာမီတင်သွင်းတော့မည် ဖြစ်ကြောင်း ရဲမှူးကြီး ဇော်လင်းထွန်း က ဧရာဝတီကို ပြောဆိုထားသည်။
“ဥပဒေအသစ်က မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ပတ်သက်ပြီးတော့ ပြစ်မှုပြစ်ဒဏ်နဲ့ အရေးယူမယ့်အစား ပထမဆုံး ကုသရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ပေးဖို့ဆိုပြီး စီစဉ်ခဲ့တာ” ရဲမှူးကြီးဇော်လင်းထွန်းက ပြောသည်။
မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ထုတ်ပြန်ခဲ့သော ပြင်ဆင်ချက်မူကြမ်းအရ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူကို ဆေးစစ်ချက်ခံယူရန် သို့မဟုတ် ဆေးကုသမှုခံယူရန် အစိုးရဆေးကုဌာနသို့ အပ်နှံနိုင်သည်ဟု ဆိုထားသည်။ ယင်းကဲ့သို့ အပ်နှံမှုကို လိုက်နာရန် ပျက်ကွက်သည်ဟု စစ်ဆေးတွေ့ရှိပါက တရားရုံးတွင် ခံဝန်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နိုင်သည်ဟု သိရသည်။
ခံဝန်စာချုပ်ချုပ်ဆိုခြင်း မပြုလျှင်ဖြစ်စေ စာချုပ်ပါစည်းကမ်းချက်များကို ထပ်မံဖောက်ဖျက်လျှင်ဖြစ်စေ မူးယစ်ဆေးသုံးသူများ ပြုစုပျိုးထောင်ရေးဌာနသို့ အနည်းဆုံး ၃ လမှ အများဆုံး ၅ လ အထိ ပို့အပ်ရမည်ဟု ပြင်ဆင်သည့် ဥပဒေမူကြမ်းက ဆိုထားသည်။
ပြန်လည်ထူထောင်ရေးဌာနများ၏ ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များ မလိုက်နာသူများကို အများပြည်သူဆိုင်ရာနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို အနည်းဆုံး နာရီ ၁၈၀ မှ အများဆုံး နာရီ ၂၄၀ အထိ လုပ်ဆောင်ရန် ချမှတ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
မူးယစ်ဆေးများ အင်မတန် ပေါများနေခြင်း
ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် နေထိုင်သူ ကိုငွေစိုုး၏ ပြောပြချက်အရ သူတို့မြို့တွင် စိတ်ကြွဆေးပြားများ တဖြည်းဖြည်း ပေါများလာပြီး သူ၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူကို မူးယစ်ဆေးစွဲ မဖြစ်စေချင်သည့်အတွက် ဆယ်တန်းအောင်ပြီးသည့်အခါ ပညာရေးကို ဆက်လက်အာရုံစိုက်နိုင်မည့် မြို့ကြီးပြကြီးသို့ ထွက်သွားစေလိုခဲ့သည်ဟု ဧရာဝတီကို ပြောပြသည်။
“သူ တခြားကြိုက်တာ ဆက်သင်၊ ဆက်လုပ်လို့ ရတယ် မူးယစ်ဆေးကတော့ လုံးဝမဖြစ်ဘူး” ဟု ကိုငွေစိုးက ပြောသည်။
ညောင်ရွှေတွင် စိတ်ကြွဆေးပြားတပြား၏ တန်ဖိုးသည် ကျပ် ၂၀၀၀ ခန့် ဝန်းကျင်သာ ရှိသည်ဟုလည်း ကိုငွေစိုးက ပြောပြသည်။ ငွေ ၂၀၀၀ ဆိုသည်မှာ ဘီယာတပုလင်း သို့မဟုတ် ရုပ်ရှင်လက်မှတ် တစောင်ဖိုးခန့်သာ ရှိသဖြင့် လူငယ်အများစု လက်လှမ်းမီနေသည့် အရာတခု ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု များပြားသည့် ကချင်၊ ရှမ်း၊ ချင်း နှင့် ကယားပြည်နယ်များ နှင့် နယ်စပ်ကုန်သွယ်ရေး အချက်အချာကျသော လားရှိုး၊ မူဆယ်၊ ကလေး နှင့် တမူး စသည့် နယ်စပ်မြို့များတွင် ဘိန်းမည်းနှင့် ဘိန်းဖြူ သုံးစွဲမှုက တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
တလက်မခွဲအရွယ် ပန်နက်စလင်ပုလင်းဖြင့် ထည့်ထားသော ဘိန်းဖြူမှုန့် တန်ဖိုးမှာ လွန်ခဲ့သည့် နှစ်များက ၁ သိန်းခွဲခန့် ရှိခဲ့သော်လည်း ယခုအခါ ၃၅၀၀၀ ခန့်သာ ရှိတော့သည်ဟု ရန်ကုန်မြို့နေ မူးယစ်ဆေးသုံးစွဲဖူးသူ တဦးက ဧရာဝတီကို ပြောပြသည်။
ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အစိုးရက မူးယစ်ဆေးတိုက်ဖျက်ရေးအဖြစ် နှစ်စဉ် မီးရှို့ဖျက်ဆီး ပြနေသော်လည်း မူးယစ်ရဲတပ်ဖွဲ့ဝင်များသည် ထိပ်တန်း မူးယစ်ရာဇာများကို ဖမ်းဆီးအရေးယူနိုင်ခြင်း နည်းပါးပြီး မူးယစ်ဆေးစွဲနေသူများ၊ ဆေးစွဲဖူးသူများ နှင့် အရောင်းအဝယ် အနည်းအကျဉ်း လုပ်သူများကိုသာ ပစ်မှတ်ထားဖမ်းဆီးလေ့ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဝေဖန်ကြသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် မတ်လအတွင်းက ရန်ကုန်မြို့၏ နာမည်ကြီး အင်းစိန်ထောင်ရှိ အကျဉ်းသားနှင့် အချုပ်ကျသူများ၏ အခြေအနေကို သွားရောက်စစ်ဆေးခဲ့ပြီး ထောင်က အများဆုံးလက်ခံနိုင်သည့် အကျဉ်းသားအရေအတွက်မှာ ၅၀၀၀ သာရှိသော်လည်း ၁၀၀၀၀ ခန့် ထိန်းသိမ်းထားသည်ကို တွေ့ရှိရသည်ဟု မီဒီယာများကို ပြောပြခဲ့သည်။
ထို့နောက် ကော်မရှင်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုခဲ့ရာတွင်လည်း အကျဉ်းသား ၁၀၀၀ သာ လက်ခံနိုင်သည့် ထောင်တွင် ၃၀၀၀ ကျော် ထိန်းသိမ်းထားပြီး ယင်းတို့၏ ၇၅ ရာခိုင်နှုန်းမှာ မူးယစ်ဆေးနှင့် ဆက်စပ်သော ပုဒ်မများဖြင့် ထောင်ကျနေသူများဖြစ်သည်ကို တွေ့ရှိရကြောင်း 7Day သတင်းစာတွင် ပြောကြားထားသည်။ ၎င်းတို့အထဲတွင် အသက် ၇၀ ကျော် ၈၀ ကျော် သက်ကြီးရွယ်အိုများပင် ပါဝင်နေကြောင်းလည်း ပြောဆိုထားသည်ကို သိရှိခဲ့ရသည်။
မူးယစ်ဆေးဖြတ် ကုသရေးဌာနများ မလုံလောက်ခြင်း
မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးသူ ဦးရေကို ခန့်မှန်းရန် ခက်ခဲသော်လည်း မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူပေါင်း ၈၀၀၀၀ ခန့်ကျော်ရှိမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ သိရှိရပြီး အရေအတွက်မှာ ဆက်လက်တိုးမြင့်ဖွယ် ရှိသည်ဟုလည်း မှန်းဆထားသည်။ မူးယစ်ဆေးစွဲသူများအတွက် ဆေးဝါးကုသရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ၁၉၉၃ ခုနှစ် ဥပဒေတွင် ဖော်ပြထားသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော်နိုင်မှုမှာ အကန့်အသတ်များစွာ ရှိနေသည်ဟု ပညာရှင်များက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၇၀ နှစ်များအတွင်းက ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ၏ အငြိမ်းစားအရာရှိတဦးသည် ဘိန်းမည်း၊ အကိုက်အခဲပျောက်ဆေး နှင့် အိပ်ဆေးများ ရောစပ်စမ်းသပ်ထားသည့် တင်ချာအိုပီယံ (Tincture Opium) ကုသမှုဖြင့် မူးယစ်ဆေးစွဲဝေဒနာကို စတင်ကုသရန် ကြိုးပမ်းခဲ့သည်။ ယင်းတင်ချာအိုပီယံကုထုံးကို မက်သဒုံး (methadone) ကုထုံး မြန်မာနိုင်ငံတွင် စတင်ခဲ့သည့် ၂၀၀၆ ခုနှစ် အထိ ဆက်တိုက်အသုံးပြုခဲ့သည်။ မက်သဒုံး (methadone) ကုထုံးဆိုသည်မှာ ဘိန်းဖြူစွဲနေသူများ သုံးစွဲမှု စတင်လျှော့ချလိုက်ချိန်တွင် ခံစားရသည့်ရောဂါ လက္ခဏာများကို တားဆီးပေးသည့် ကုသမှုတခုဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာန မူးယစ်ဆေးစွဲမှု တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အစီအစဉ်မှ မန်နေဂျာ ဒေါက်တာ နန္ဒမျိုးအောင်ဝမ်းက မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲကုသရေးဌာနရှိသော ဆေးရုံ ၇၃ ရုံ ရှိပြီး ယင်းဆေးရုံများအနက် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံ အပါအဝင် ဆေးရုံ ၄၆ ရုံတွင် မူးယစ်ဆေးစွဲ ဝေဒနာရှင်များ မက်သဒုံး (methadone) သောက်သုံးနိုင်ကြောင်း ပြောပြသည်။
“(ဘိန်းဖြူ) မထိုးတော့အောင် မက်သဒုံးကို အစားထိုး maintenance အနေနဲ့ အချိန်အကြာကြီး တိုက်ပါတယ်။ အဲဒီလို တိုက်ခြင်းအားဖြင့် သူတို့ထိုးတဲ့ အကြိမ်ရေ လျော့သွားတယ်။ ထိုးတဲ့အကြိမ်ရေ လျော့သွားတဲ့အတွက် အန္တရာယ်ရှိတဲ့ အပြုအမူတွေဖြစ်တဲ့ အပ်တွေ မျှဝေသုံးစွဲတာ နည်းသွားတဲ့အတွက် HIV တို့ အသည်းရောင်အသားဝါပိုးတို့လည်း မကူးတော့ဘူး” ဟု ဒေါက်တာနန္ဒမျိုးအောင်ဝမ်းက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတလွှားတွင် ဆေးဝါးကုသမှု ခံယူနေသည့် မူးယစ်ဆေး သုံးစွဲသူများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ဘိန်းဖြူစွဲနေသူများ ဖြစ်ပြီး ၅ ရာခိုင်နှုန်းမှာ အမ်ဖက်တမင်း (amphetamine) ဆေးပြားသုံးစွဲသူများ ဖြစ်ကြောင်း နှင့် ကျန်လူနာများမှာ အခြားသောမူးယစ်ဆေးဝါးများကို ပုံစံ အမျိုးမျိုးဖြင့် စွဲနေသူများ ဖြစ်သည်ဟု ဒေါက်တာနန္ဒမျိုးအောင်ဝမ်းက ဆက်လက်ပြောပြသည်။
သင်္ကန်းကျွန်း စံပြဆေးရုံတွင် တနေ့လျှင် မက်သဒုံးလာရောက် သောက်သုံးသူ ၃၀၀ မှ ၄၀၀ ဝန်းကျင်အထိ ရှိပြီး ရန်ကုန် စိတ်ကျန်းမာရေးဆေးရရှိ မူးယစ်ဆေးစွဲကုသဆောင်တွင် အတွင်းလူနာ အဖြစ်တက်ရောက်နေသူ ၄၀ ရှိကြောင်း၊ ပြင်ပ လူနာအနေဖြင့် ၆၀၀ ခန့် ရှိကြောင်းလည်း သိရှိရသည်။ လူနာများ၏ ၃၀ နှင့် ၄၀ ရာခိုင်နှုန်းခန့်မှာ အသက် ၂၀ မှ ၃၅ နှစ် အရွယ်ကြား ဖြစ်သည်ဟု ဒေါက်တာ နန္ဒမျိုးအောင်ဝမ်းက ပြောသည်။
မြန်မာနိုင်ငံတွင် မက်သဒုံး (methadone) ကုထုံးဖြင့် ကုသပေးသည့် ကျန်းမာရေးဌာနများ အမြောက်အမြား လိုအပ်နေကြောင်း မူးယစ်ဆေးဝါး မူဝါဒ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူများနှင့် ကျန်းမားရေးစောင့်ရှောက်မှု NGO များက ဝေဖန်ထောက်ပြသည်။ ရန်ကုန်တွင် မူးယစ်ဆေးစွဲဝေဒနာကို အဓိက ကုသပေးနေသည့် နေရာဖြစ်သော စိတ်ကျန်းမာရေးဆေးရုံမှာ မြို့ထဲမှ အနည်းဆုံး ၂ နာရီခန့် ကားမောင်းသွားရသည့် အကွာအဝေးတွင် ရှိနေသည့်အတွက် မူးယစ်ဆေးစွဲသူများအတွက် သွားရေးလာရေးနှင့် ငွေကြေး အခက်အခဲများစွာ ဖြစ်စေသည်။
သြစတြေးလျနိုင်ငံ အခြေစိုက် NGO တခုုဖြစ်သည့် Burnet Institute ၏ အဆိုအရ မက်သဒုံး (methadone) ကုထုံးဖြင့် ကုသပေးသည့် ကျန်းမာရေးဌာန အလွန်နည်းပါးနေခြင်းက မူးယစ်ဆေးစွဲသူ အများအပြားအတွက် ကုသမှုရရှိရန် အတားအဆီးသဖွယ် ဖြစ်နေသည်ဟု ဆိုသည်။
“ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ မူးယစ်ဆေးဝါး အစားထိုးပေးတဲ့ မက်သဒုံးနေရာက တနေရာပဲရှိတယ်၊ ရန်ကုန်မှာဆို နှစ်နေရာရှိတယ်။ ရွာသာကြီးနဲ့ စံပြ၊ မူးယစ်ဆေးသုံးတဲ့သူတွေဘက်က ကြည့်ရင် ဖြတ်ချင်ရင်တောင် အလွယ်တကူ ဖြတ်လို့မရဘူး။ မက်သဒုံးစင်တာတွေကို ဖြစ်နိုင်ရင် တိုးပေးဖို့ သင့်တယ်” ဟု Burnet Institute ၏ စီမံကိန်းမန်နေဂျာ ဒေါက်တာ စိုးမိုးအောင်က ဧရာဝတီကို ပြောပြသည်။
“ကျနော်တို့ မူးယစ်ဆေးသုံးတဲ့သူတွေနဲ့ စကားပြောကြည့်တော့ သူတို့က တချို့ဖြတ်ချင်တဲ့သူတွေ အများကြီးပဲ။ တော်တော်များတယ်။ များပေမယ့်လည်း ဒီဆေးရုံတက်ရမယ့်ကိစ္စနဲ့ ဆေးသောက်ရမယ့် နေရာတွေက တခုပဲ ရှိတော့ လူတွေ ပြုံနေကြတာပေါ့”
တကိုယ်ရေသုံးစွဲသူများကို ထောင်ဒဏ်မချမှတ်ရေး
“မူးယစ်ဆေးသုံးစွဲသူဟာ မူးယစ်ဆေးနောက်ကို နေ့တိုင်းလိုက်နေရတဲ့အခါ ပြဿနာတွေ အများကြီးရှိတယ်။ မူးယစ်ဆေးနောက်ပဲ လိုက်တဲ့အခါ မူးယစ်ဆေးရဖို့အတွက်ပဲ စိတ်ထဲမှာ ရှိတဲ့အတွက် မူးယစ်ဆေးရဖို့အတွက်ကိုပဲ ခေါင်းထဲ ထည့်လိုက်ပြီးတော့ ဘာမဆို လုပ်ရဲတယ်။ နောက်ဆက်တွဲဖြစ်တဲ့ risk တွေက အများကြီးပဲ” ဟု ကိုကျော်သူက ကုသမှုနှင့် ဝေးကွာနေသော မူးယစ်ဆေးစွဲသူများ ဆေးရှာမရသည့်အချိန်တွင် ဆေးကို မဖြစ်ဖြစ်သည့်နည်းဖြင့် ရအောင် ကြိုးပမ်းလာသည့်အခါ ပြစ်မှုကျူးလွန်ဖွယ်ရှိသည့် အခြေအနေများကို ရှင်းပြသည်။
ကိုကျော်သူသည် ၂၀၀၀ ခုနှစ် ဒုတိယအကြိမ် ထောင်မှ ထွက်လာပြီးနောက် နှစ်အတော်ကြာ ဆေးပြတ်သွားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲသူများ ကွန်ရက် National Drug Users Network Myanmar (NDNM) ကို သူငယ်ချင်းအချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ မူးယစ်ဆေးသုံးစွဲခြင်းကို ရာဇဝတ်မှုအဖြစ် ထောင်ဒဏ်မသတ်မှတ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ သူ၏ ကွန်ရက်သည် မူးယစ်ဆေးစွဲသူများကို ကုသရေး ဦးတည်သည့် မူဝါဒဖြင့် စီစဉ်ဆောင်ရွက်ရန် CCDAC ကို အကြံပေးနေသည့် အဖွဲ့အစည်းများထဲတွင် တခုအပါအဝင်ဖြစ်သည်။
ကွန်ရက်က မူးယစ်ဆေးသုံးမှုကို ရာဇဝတ်မှုကဲ့သို့ ထောင်ဒဏ်ချမှတ်ပြီး အရေးမယူရန် ပြောဆိုတိုက်တွန်းသည့်အခါ မူးယစ်ဆေးသုံးမှုကို အားပေးအားမြှောက်ပြုသည့် အဖွဲ့အစည်းတခုအဖြစ် ထင်မြင်ခံရတတ်ကြောင်း ကိုကျော်သူက ပြောပြသည်။ သို့သော်လည်း မူးယစ်ဆေးစွဲမှုကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ခြင်း (decriminalizing) နှင့် မူးယစ်ဆေးကို တရားဝင်ဖြစ်စေခြင်း (legalizing) မှာ ကွဲပြားကြောင်း ကိုကျော်သူက ရှင်းပြသည်။
“Decriminalize ဆိုတာက Legalize လုပ်တာ မဟုတ်ဘူး။ မူးယစ်ဆေးဝါးကို ရောင်းဝယ်ဖောက်ကားတဲ့သူကို ပြစ်ဒဏ်ပေး၊ ဆေးဝါးကုသမှု လိုတဲ့သူကို ဆေးဝါးကုသမှုပေး… ရှိနေတဲ့ ပြစ်ဒဏ်တွေဟာ အရမ်းကို လူနဲ့ ပြစ်ဒဏ်နဲ့ မမျှတဲ့အခါကျတော့ သူတို့ရဲ့ ဘဝတွေဟာ သေသွားတယ်” ဟု ကိုကျော်သူက ပြောသည်။
မူးယစ်ဆေးသုံးသူများကို ထောင်ဒဏ်ချမှတ်မည့်အစား ထောင်ထဲတွင် ထိုသူအတွက် ကုန်ကျမည့်ထောင်စရိတ်ကို ထောင်မချဘဲ ဆေးဝါးကုသမည့်စရိတ်အတွက် ပြောင်းလဲသုံးနိုင်မည်ဆိုပါက ထောင်များတွင် အကျဉ်းသားများ ရှိသင့်သည်ထက် ပြည့်လျှံမည်မဟုတ်တော့ဟု သူက ဆက်လက်ရှင်းပြသည်။
လူမှုနယ်ပယ်၏ ရှောင်ဖယ်မှုများ
မူးယစ်ဆေးသုံးစွဲသူများသည် အဖမ်းခံရမည်ကို ကြောက်သဖြင့် ဆေးဝါးကုသမှု မရှာဖွေဘဲ လျှို့ဝှက်နေရသည့်အပြင် သူတို့၏ လူမှုနယ်ပယ်က ရှောင်ဖယ်မှုများကြောင့်လည်း မှန်ကန်သော ကုသမှု ရရှိရေးအတွက် အတားအဆီး ဖြစ်နေသည်ဟု ကိုကျော်သူက ပြောသည်။
“လူတွေက ဆေးသုံးတဲ့ သူတွေဆို ဓါးပြတွေထက်တောင် ကြောက်ကြသေးတယ်” ဟု သူကဆိုသည်။
Burnet Institute ၏ အဆိုအရ ရန်ကုန်မြို့တွင် မူးယစ်ဆေးသုံးခြင်းကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် ပြင်းပြင်းထန်ထန် သတ်မှတ်ထားခြင်းကြောင့် မူးယစ်ဆေးစွဲသူများသည် ကျန်းမားရေးစောင့်ရှောက်မှုနှင့် အကူအညီများ ရှာဖွေရာတွင် အခက်အခဲတွေ့ကြသည်ဟု သိရသည်။
Burnet Institute သည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် ပြင်ဦးလွင်တို့တွင် ဘိန်းဖြူအကြောထဲထိုးသူများအတွက် အန္တရာယ်လျှော့ချပေးရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုစခန်းများ (Drop-in centers) ဖွင့်လှစ်ထားပြီး တခါသုံး ဆေးထိုးအပ်များ ဖြန့်ဝေပေးခြင်းနှင့် အခြားသော ကျန်းမာရေးဝန်ဆောင်မှုများပေးလျှက်ရှိသည်။ ဆေးထိုးအပ်များ ဖြန့်ဝေပေးခြင်းက မူးယစ်ဆေးထိုးသူများကြား ဆေးထိုးအပ်ကို ဝေမျှသုံးစွဲပြီး ရောဂါကူးစက်နိုင်သည့် အန္တရာယ် နည်းပါးသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
“အခု မူးယစ်ဆေးက တော်တော်ကို sensitive ဖြစ်တဲ့အရာဆိုတော့ (ရန်ကုန်မှာ) လုပ်ရခက်တယ်။ သူတို့ရပ်ကွက်ထဲ မူးယစ်ဆေးသုံးတဲ့သူတွေ လာပြီးတော့ သူတို့ကို အန္တရာယ်ပြုမှာ ကြောက်ကြတယ်။ တော်ရုံတန်ရုံ အိမ် (နေရာ) ရှာရခက်တယ်” ဟု ဒေါက်တာစိုးမိုးအောင်က ပြောသည်။
နောက်ပိုင်းတွင် Burnet သည် Drop-in center များအစား သွေးစစ်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ မက်သဒုံးကုထုံးညွှန်းပေးခြင်း စသည့် ဆေးခန်းဝန်ဆောင်မှု (clinical service) မျိုးများသာ ပြုလုပ်ပေးပြီး ဆေးထိုးအပ်များ ဖြန့်ဝေပေးခြင်းကိုမူ ပတ်ဝန်းကျင်က မနှစ်သက်သည့်အတွက် လျှော့ချခဲ့ရသည်။ မြန်မာနိုင်ငံ ကျန်မြို့များရှိ Drop-in center များတွင်မူ ဆေးထိုးအပ် ဝန်ဆောင်မှုကို ဆက်လက်ထားရှိထားကြောင်း သိရသည်။
သို့သော်လည်း Drop-in centers များသည် မူးယစ်ဆေးအကြောထဲထိုးသူများအတွက် ဆေးထိုးပြီးပြီးချင်း နားခိုရန် နေရာတခုအဖြစ် အသုံးချနိုင်သည့်အတွက် ပိုမိုထိရောက်သော စောင့်ရှောက်မှုပေးနိုင်ကြောင်း ဒေါက်တာစိုးမိုးအောင်က ဆိုသည်။
မူးယစ်ဆေးသုံးစွဲခြင်းအပေါ် လူမှုပတ်ဝန်းကျင်၏ အထင်အမြင်သေးမှုက ဆေးစွဲနေသူများသာမက၊ ဆေးပြတ်ပြီးသူများ နှင့် မူးယစ်ဆေးသုံးမှုကြောင့် ထောင်ကျဖူးသူများ အပေါ်တွင်ပါ များစွာရှိနေကြောင်း သိရသည်။
မူးယစ်ဆေးသုံးစွဲသူများကွန်ရက်ကို စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူ တဦးဖြစ်သည့် ကိုဝင်းမင်းသည် တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ၁၉၉၄ ခုနှစ်က ထောင် ၄ နှစ်ကျခဲ့သူဖြစ်သည်။ ထောင်မှ လွတ်လာပြီးနောက် ဆွေမျိူးရင်းချာ မိသားစုဝင်များ၏ ခွဲခြားဆက်ဆံမှုကိုပါ ရင်ဆိုင်ခဲ့ရကြောင်း ဧရာဝတီကို ပြောပြသည်။
“ပြန်လွတ်လာပြီးတော့ ကျနော် နဂိုနေတဲ့ နေရာကနေတောင် ပြောင်းရတယ်” ဟု ကိုဝင်းမင်း ကပြောသည်။
သူထောင်ကထွက်လာပြီးသည့်တိုင် ပတ်ဝန်းကျင်က နှစ်ပေါင်းများစွာ ဆေးသမားအဖြစ် ဆက်လက် သတ်မှတ်ထားသည့်အတွက် အလုပ်အကိုင် ရှာဖွေရာတွင်လည်း အခက်အခဲ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ယခုအခါ သူသည် Burnet Institute အတွက် မူးယစ်ဆေးသုံးစွဲသူများကို နှစ်သိမ့်ဆွေးနွေးပေးသည့် peer counselor အဖြစ်လုပ်ဆောင်လျှက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းက ဆေးစွဲနေသူများနှင့် Burnet Institute ၏ ကျန်းမာရေးစောင့်ရှောက်မှု တာဝန်ရှိသူများကြားတွင် အရေးပါသော ဆက်ဆံရေးတရပ်ဖြစ်သည်။
ရာဇဝတ်သား မဟုတ်၊ လူနာများသာ ဖြစ်ကြသည်
Burnet Institute ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သည့် ဒေါက်တာဖုန်းမြင့်ဝင်းက ဆေးဝါးကုသမှုခံယူနေသည့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်လာနိုင်ရေးတွင် လူမှုဝန်းကျင်၏ ပြန်လည်လက်ခံမှုက များစွာအရေးပါကြောင်း ပြောပြသည်။
“မူးယစ်ဆေးသုံးနေတဲ့သူတွေဟာ မိသားစုမှာ အိမ်ထောင်ဦးစီးလည်း ဖြစ်နိုင်တယ်။ သားသမီးလည်း ဖြစ်နိုင်တယ်။ သူသည် မူးယစ်ဆေးပြတ်ပြီးသွားရင် မိသားစုအတွက် ပြန်ပြီးတော့ အထောက်အကူ ဖြစ်နိုင်တယ်” ဟု ဒေါက်တာဖုန်းမြင့်ဝင်းက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကျန်းမာရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်အရ လူတဦးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လူမှုရေးပိုင်းဆိုင်ရာ တခုခု ပျက်စီးယိုယွင်းပါက ကျန်းမာရေးချို့ယွင်းခြင်းအဖြစ် မှတ်ယူရန် မူဝါဒချမှတ်ထားပြီး မူးယစ်ဆေးစွဲသူတဦး၏ ဖြစ်စဉ်မှာ အထက်ပါ အချက် ၃ ချက်လုံး ပျက်စီးသွားသည့်အတွက် ကျန်းမာရေး ထိခိုက်သွားသူတဦးအဖြစ် ကျိန်းသေ သတ်မှတ်ရမည်ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
ဒေါက်တာစိုးမိုးအောင်ကလည်း လူအများစုသည် မူးယစ်ဆေးစွဲခြင်းကို ရာဇဝတ်မှုတခုအဖြစ်သာ မြင်နေကြကြောင်း၊ မူးယစ်ဆေးကို မကောင်းသောအရာတခုအဖြစ် သတ်မှတ်ထားပြီး မူးယစ်ဆေးစွဲနေသူများကိုမူ ကုစားနိုင်ရန် အထောက်အကူနှင့် နားလည်မှုပေးနိုင်ရန် ခက်ခဲလျှက်ရှိသည်ဟု ဆိုသည်။
“သူသည် cronic disease (နာတာရှည်ရောဂါ) ပဲ။ များသောအားဖြင့်က ရောဂါလို့ မထင်ကြဘူး။ နာတာရှည်ရောဂါဆိုတော့ ဆေးစွဲသူတွေကို ကုသမှု ကောင်းကောင်းလိုတဲ့ လူနာတွေလို သဘောထားသင့်တယ်” ဟု ဒေါက်တာစိုးမိုးအောင်က တိုက်တွန်းလိုက်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tin Htet Paing ၏ Treating Burma’s Drug Problem ကို ဘာသာပြန်ဆိုသည်)