ယခုအချိန်တွင် အသက် ၉၂ နှစ် အရွယ်ရှိပြီဖြစ်သော မဟာသီယာ မိုဟာမက်သည် အငြိမ်းစားဘဝ၏ ပျော်ရွှင်ဖွယ် အချိန်များကို ဖြတ်သန်းနေသင့်သော အချိန်ဖြစ်သည်။ သို့သော် မလေးရှားနိုင်ငံ၏ သြဇာ အကြီးမားဆုံး နိုင်ငံရေး ရုပ်သေးကြိုးဆွဲဆရာကြီး တကျော့ပြန် ဝန်ကြီးချုပ် မဟာသီယာသည် နိုင်ငံရေးလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
ဝန်ကြီးချုပ်ရာထူးအတွက် ယခုတကြိမ် ပြန်လည်ယှဉ်ပြိုင်ရခြင်းကို သူစိတ်မပါကြောင်းနှင့် သူသည် အသက်အကြီးဆုံး နိုင်ငံရေးသမား ဖြစ်နေကြောင်းလည်း သူက ပြောခဲ့သည်။
“လုံးဝမျှော်လင့်မထားခဲ့ဘူး” ဟု မဟာသီယာက အုပ်ချုပ်ရေးမြို့တော် ပူထရာဂျာရားရှိ သူ၏ လေဝင်လေထွက် ကောင်းသော ရုံးခန်းတွင် တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။
“အငြိမ်းစားယူပြီး အေးအေးချမ်းချမ်းနေဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ပြည်သူတွေက ကျနော့်ကို တောင်းဆိုပြီး တခုခုလုပ်ပါလို့ ဝိုင်းပြောနေကြတယ်။ နောက်ဆုံးကျတော့ ပါတီထောင်လိုက်ရတယ်။ တိုက်ရိုက်ကို ပါဝင်ပတ်သက်နေရတယ်။ ကျနော့်မှာ ရွေးစရာမရှိဘူး” ဟု သူက ဆိုသည်။
မဟာသီယာသည် မလေးရှားနိုင်ငံကို ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အမည်ဆိုးဖြင့် ကျော်ကြားလှသော သံမဏိလက်သီးနှင့် အုပ်ချုပ်ခဲ့ပြီး ယခုအခါတွင်မူ သူ့ကိုယ်သူ သူရဲကောင်းဖြစ်စေမည့် လောကကို စိတ်ကုန်နေသည့် ပညာရှင်လေသံမျိုး ဖမ်းနေသည်။
“ဒီရွေးကောက်ပွဲက ကိုယ်ရေးကိုယ်တာ သက်သက်ပါပဲ။ သူ ကျနော့်ကို သစ္စာဖောက်တယ်လို့ ခံစားရတယ်။ ကျနော် သည်းမခံနိုင်ဘူး။ နာဂျစ်ဟာ ကိုယ်ရေးကိုယ်တာနဲ့ နိုင်ငံရေးကို မခွဲခြားတတ်သူပဲ” ဟု ပြောရင်း သူသည် နှစ်ပေါင်းများစွာ ကျော်ကြားသူဖြစ်သော်လည်း အစိုးရအတွင်းမှ မည်သူမျှ သူနှင့် တွေ့ခွင့်မရအောင် နာဂျစ်က မည်သို့လုပ်ဆောင်ခဲ့သည်ကို နာကျည်းစွာ သူပြန်ပြောပြသည်။
“ဒီလူက ငွေတွေခိုးတယ်။ ရာဂဏန်းမဟုတ်ဘူး။ ထောင်ဂဏန်းမဟုတ်ဘူး။ ဘီလျံနဲ့ချီ ခိုးတယ်” ဟု မဟာသီယာက နာဂျစ်ကို ရည်ညွှန်းပြောဆိုသည်။
နာဂျစ်အပေါ် သူ၏ တိုက်ခိုက်မှုများသည် ယခင်က သူ၏လုပ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ နာဂျစ်ကို ဝန်ကြီးချုပ်အဖြစ် မဟာသီယာကိုယ်တိုင် စင်တင်ပေးခဲ့ပြီး သူ၏ တပည့်ရင်းဖြစ်သည်ဟု ပြောခဲ့ဖူးသည်။ သို့သော် သူတို့နှစ်ဦးအကြား သစ္စာခံမှုသည် ၂၀၁၅ ခုနှစ်တွင် ရန်ညှိုးရန်စများဖြစ်လာသည်။ ထိုစဉ်က နာဂျစ်သည် သူကိုယ်တိုင် ထူထောင်ထားသော 1MDB ရန်ပုံငွေမှ ဒေါ်လာ ၂.၆ ဘီလျံ ပျောက်ဆုံးမှုတွင် ပတ်သက်သည်ဟု စွပ်စွဲခံရသည်။ ထိုငွေများကို ကမ္ဘာတဝန်းလုံးတွင် အလွဲသုံးစား ပြုလုပ်ကြသည်။ ထိုရန်ပုံငွေမှ ဒေါ်လာ ၆၈၁ သန်းမှာ နာဂျစ်၏ ဘဏ်စာရင်းသို့ တိုက်ရိုက်လွှဲပြောင်းပေးခဲ့သည်ဟု ဆိုကြသည်။
နာဂျစ်က ထိုစွပ်စွဲချက်များကို ငြင်းဆိုပြီး သူ့ကိုယ်သူ အမှားအယွင်းမှ ကင်းအောင် စီစဉ်နိုင်ခဲ့သည်။ မလေးရှား အစိုးရ၏ စုံစမ်းစစ်ဆေးမှုများသည် အတုအယောင်သာ ဖြစ်ပြီး မည်သူတဦးတယောက်ကိုမျှ ဖမ်းဆီးခဲ့ခြင်း မရှိပေ။ ထိုအရှုပ်တော်ပုံဖြစ်လာသောအခါ သူ လူရွေးမှားသွားကြောင်း သိလိုက်ရသည်ဟု မဟာသီယာက ပြောသည်။
“ကျနော်က နာဂျစ်ကို ဘာကြောင့် ဖယ်ရှားချင်ရတာလဲ။ တကမ္ဘာလုံးက သိနေတယ် ဆိုတာကို ကျနော် တွေးမိခဲ့သင့်တယ်” ဟု မဟာသီယာက မယုံကြည်နိုင်ဖွယ် ပြောသည်။
“ဒီလူက ငွေတွေခိုးတယ်။ ရာဂဏန်းမဟုတ်ဘူး၊ ထောင်ဂဏန်းမဟုတ်ဘူး။ ဘီလျံနဲ့ချီခိုးတယ်။ ဒီအချက်ကို မလေးရှားနဲ့ အမေရိကန်နိုင်ငံက စုံစမ်းစစ်ဆေးမှုတွေက သက်သေပြနေတယ်” ဟု သူက ပြောသည်။
သူ၏ နူးညံ့သောအသံသည် ဒေါသသံ ပါလာသည်။
“နာဂျစ်က မလေးရှားကို ကမ္ဘာ့ အကျင့်ပျက်ခြအစားဆုံး ၁၀ နိုင်ငံမှာ ပါအောင် လုပ်ပေးခဲ့တယ်။ ကျနော်တို့မှာ အထောက်အထား ရှိတယ်။ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် ဥပဒေအရ ဖုံးကွယ်ထားတဲ့ အထောက်အထားတွေ ရှိနေတယ်။ ဒီအကြောင်းကို လူတွေ ထုတ်မပြောအောင် ပိတ်ပင်ထားတယ်။ သူက ဒီငွေတွေနဲ့ လူတွေကို ဝယ်ဖို့ ကြိုးစားနေတာ။ ငွေဆိုတာ ဘုရင်ပဲလို့ သူကိုယ်တိုင် ကျနော့်ကို ပြောဖူးတယ်။ ငွေရှိရင် အရာရာ လုပ်လို့ရတယ်လို့ သူပြောဖူးတယ်” ဟုလည်း မဟာသီယာ ပြောသည်။
နာဂျစ် မကျူးလွန်နိုင်သော ရာဇဝတ်မှု မရှိကြောင်းလည်း မဟာသီယာက ပြောသည်။ လွန်ခဲ့သော အပတ်က နာဂျစ်၏ အစိုးရသည် လန်ကာဝီသို့သွားမည့် သူ၏ လေယာဉ်ခရီးစဉ်ကို အပြောင်းအလဲလုပ်ပြီး အမတ်လောင်းအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိအောင် ပြုလုပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ကြောင်း သူက ပြောသည်။ ထိုသို့ မှတ်ပုံတင်နိုင်ခြင်း မရှိလျှင် မဟာသီယာသည် ယခုကဲ့သို့ အတိုက်အခံ အင်အားစု ခေါင်းဆောင်ဖြစ်လာမည် မဟုတ်ပေ။
နှစ်ဖက်စလုံးတွင် မုန်းတီးမှုနှင့် အပုပ်ချမှုများ ရှိနေသည်။ နာဂျစ်က အထက်ပါ စွပ်စွဲချက်များကို ငြင်းဆိုသကဲ့သို့ နာဂျစ်၏ မဟာမိတ်အဖွဲ့ဖြစ်သော Barisan Nasional မှ ပြောရေးဆိုခွင့်ရှိသူတဦးက မဟာသီယာ၏ ၂၂ နှစ်အကြာ အာဏာရှင်စနစ်သည် အခွန်တိမ်းရှောင်မှုများ၊ ပြောင်ကျသော လိမ်လည်မှုများနှင့် ငွေကြေးဆုံးရှုံးသည့် လိမ်လည်ပြောဆိုမှုများ၏ ခေတ်ဖြစ်သည်ဟု ပြောခဲ့သည်။
မဟာသီယာ၏ အစိုးရသည်လည်း အရှုပ်တော်ပုံများကို ရင်ဆိုင်ခဲ့ရသည်။ ဝန်ကြီးချုပ်၏ မဟာမိတ်များကို ဒေါ်လာသန်းချီသည့် အစိုးရ ကန်ထရိုက်များ ချထားပေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု မှားယွင်းမှုများ မဟာသီယာ တာဝန်ယူချိန်တွင် ဖြစ်ပေါ်ခဲ့သည်။ ဝေါစထရိဂျာနယ်မှ ဘာရီဝိန်းရေးသားသည့် မဟာသီယာအကြောင်းစာအုပ်တွင် သူ ဝန်ကြီးချုပ်တာဝန်ယူစဉ်အတွင် ရင်းဂစ် ၁၀၀ ဘီလျှံ ပျောက်ဆုံးခဲ့သည်ဟု ဖေါ်ပြထားသည်။
“ကျနော် ဝန်ကြီးချုပ်တာဝန်ယူစဉ်က အကျင့်ပျက်ခြစားမှုတွေရှိပေမယ့် အခုလောက် အတိုင်းအတာအထိ မဟုတ်ဘူး” ဟု မဟာသီယာက ပြောသည်။
နာဂျစ်ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ပြီးနောက် မဟာသီယာသည် သူ၏ နိုင်ငံရေးပါတီကို လွန်ခဲ့သောနှစ်က ဖွဲ့ပြီးနောက် ဘက်ပြောင်းခဲ့သည်။ မဟာသီယာသည် UMNO ပါတီဝင် ဖြစ်ခဲ့ဖူးသည်။ ယခုမူ အတိုက်အခံများ၏ မဟာမိတ်အဖွဲ့တွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ယူပြီး တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာသည်။
နာဂျစ်ကို သူ တင်ပေးလိုက်သလို ပြန်ဖြုတ်ချနိုင်မည်ဟု အခိုင်အမာ ယုံကြည်သည်။ ရွေးကောက်ပွဲ မနိုင်ဘူးသော အတိုက်အခံများသည် သူ၏ ဦးဆောင်မှုအောက်တွင် ပိုမိုညီညွတ်ကြသည်။ မဟာသီယာသည် ရွေးကောက်ပွဲတွင် အရေးပါသည့် ထည့်သွင်းစဉ်းစားရမည့်သူ ဖြစ်လာသည်။
“ကျနော့်ကို အာဏာရှင်လို့ ပြောတဲ့သူတွေ၊ လူတွေကို ထောင်ချတယ်လို့ ပြောတဲ့သူတွေက အခု ကျနော် ခေါင်းဆောင်ပါလို့ ဝိုင်းပြောနေကြတယ်။ အတိုက်အခံတွေက ကျနော့်ကို လက်ခံမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကျနော်တို့တတွေ အားလုံးက နာဂျစ်ကို ဆန့်ကျင်ကြတယ်။ ကျနော်တို့မှာ ရှိတဲ့ ကွဲလွဲမှုတွေထက် နာဂျစ်က ပိုအရေးကြီးတယ်လို့ သတ်မှတ်လိုက်ကြတယ်။ ဒါကြောင့် သူတို့က ကျနော်နဲ့အတူ ရပ်တည်ပြီး ကျနော်ကလည်း သူတို့နဲ့အတူ ရပ်တည်တယ်” ဟု မဟာသီယာက ရယ်မောရင်း ပြောသည်။
သို့သော် နိုင်ငံရေးပြဇာတ်သည် ထိုနေရာတွင်အဆုံးမသတ်သေးပါ။ အတိုက်အခံများနှင့် မဟာသီယာအကြား သဘောတူညီချက်မှာ ရွေးကောက်ပွဲနိုင်ပြီး မကြာမီ မဟာသီယာက အန်ဝါအီဘရာဟင်ကို အာဏာလွှဲပေးရေး ဖြစ်သည်။
အန်ဝါအီဘရာဟင်သည်လည်း မဟာသီယာ၏ တပည့်ဟောင်းတဦးပင်ဖြစ်ပြီး သူ၏သြဇာ လွန်စွာ ကြီးမားလာသော ၁၉၉၉ ခုနှစ်တွင် ဟန့်တားခံခဲ့ရသူဖြစ်သည်။ မဟာသီယာသည် အန်ဝါကို လိင်တူ ဆက်ဆံမှုဖြင့် ထောင်ချခဲ့သည်။ သူသည် နိုင်ငံရေးကိုသာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အန်ဝါ၏ နိုင်ငံရေးဘ၀ ပြန်လည် ခေါင်းထောင်လာသောအခါ မဟာသီယာက လူ့အခွင့်အရေး ညီလာခံတခုတွင် “ဂေး ဝန်ကြီးချုပ်ခန့်မယ်လို့ စဉ်းစားကြည့်လိုက်။ ဘယ်သူမှ မလုံခြုံတော့ဘူး” ဟု ပြောခဲ့သည်။
သို့သော် အချိန်တို့က ပြောင်းလဲနေကြသည်။ အန်ဝါသည် လိင်တူဆက်ဆံမှုအတွက် ဒုတိယအကြိမ် ထောင် နန်းစံနေရပြီး ဇွန်လတွင် ပြန်လည်လွတ်မြောက်မည် ဖြစ်သည်။ ထောင်တွင်းမှ အန်ဝါ သဘော တူထားသော အစီအစဉ်အရ မဟာသီယာသည် အန်ဝါကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံ၏ ၈ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်ခွင့်ပေးရမည်ဖြစ်သည်။ မဟာသီယာကို ယုံလျှင် ထိုသို့ လုပ်ဆောင်ရမည်ဖြစ်သည်။
“ဒါ အနစ်နာခံတာ မဟုတ်ဘူး။ ဒါဟာ ကျနော်လုပ်ဖို့ လိုတဲ့ကိစ္စပဲ” ဟု မဟာသီယာက ပြောသည်။ အန်ဝါသည် ဂေးဖြစ်သည်ဟု မဟာသီယာ ယုံကြည်နေသေးလားဟု မေးသောအခါ “ရဲက ဒီလိုပဲပြောတယ်” ဟု မေးခွန်းကို ရှောင်ရှားသွားသည်။
“ကျနော်က သူ့ကို စစ်ဆေးနေတာ မဟုတ်ဘူး။ ဒါပေမယ့် ရဲကို ကျနော်ယုံတယ်။ သူတို့ရဲ့ အထောက်အထားကို ကျနော်လက်ခံတယ်” ဟု သူက ပြောခဲ့သည်။
ဂေးဖြစ်သောကြောင့် အန်ဝါ ထောင်ချခံသင့်သလားဟု မေးသောအခါ မဟာသီယာက ပိုမို ပွင့်လင်းစွာပြောသည်။
“ကျနော်က မွတ်စလင်တယောက်ပါ။ ဒါမျိုး ကျနော်တို့ လက်မခံဘူး။ ခင်ဗျား လစ်ဘရယ်ဆိုရင် လိင်တူ လက်ထပ်တာကို လက်ခံနိုင်တယ်။ ဒါက ခင်ဗျားကိစ္စ။ ကျနော်တို့က ဘာသာရေးအယူသည်းသူတွေ” ဟု သူက ဆိုသည်။
မဟာသီယာသည် အန်ဝါထံအာဏာလွှဲပြောင်းမပေးမီ နှစ်နှစ်အထိ အများဆုံး တာဝန်ဆောင်မည်ဟု အတိုက်အခံ မဟာမိတ်များက ဖော်ပြသည်။ သို့သော် မဟာသီယာက ထိုအချိန်ဇယားသည် ပိုမို ပြုလွယ်ပြင်လွယ်သည်ဟု မြင်သည်။
“ကျနော် အန်ဝါကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးဖို့ အချိန်မဆွဲထားဘူး။ ဒါပေမယ့် ကျနော့်မှာ လုပ်စရာတွေရှိနေလို့ ကျနော် အာဏာရတဲ့ အချိန် ၂ နှစ်၊ ၃ နှစ်လိုတယ်။ ကျနော့်အတွေ့အကြုံက အထောက်အကူပြုမှာပါ” ဟု သူက ပြောသည်။
အာဏာရပြီးပါက သူ ပထမဆုံးလုပ်မည့်အလုပ်မှာ ခိုးယူခံ ငွေများ ပြန်လည်ရရှိရေးဖြစ်သည်ဟု မဟာသီယာ ပြောသည်။ ထိုငွေများသည် အမေရိကန်ပြည်ထောင်စု၊ စင်ကာပူနှင့် ဆွစ်ဇာလန်နိုင်ငံများတွင် ရှိနေကြသည်။ 1MDB အရှုပ်တော်ပုံတွင် စွပ်စွဲခံရသူ မည်သူကိုမဆို ထောင်ချမည်ဟု ဆိုသည်။ သူသည် နာဂျစ်ကို တရားစွဲဆို စစ်ဆေးခြင်းအား ဆန့်ကျင်ခြင်း မရှိပေ။
“သူ ဥပဒေကို ချိုးဖောက်ပြီး ငွေတွေခိုးခဲ့တာ အထောက်အထားပြနိုင်ရင် သူ တရားရင်ဆိုင်ဖို့ ကျနော်တို့ လုပ်ရမှာပဲ။ သူ့မှာ အပြစ်ရှိရင် လုပ်သင့်တာကို လုပ်ရမှာပဲ” ဟု သူက ပြောသည်။
နာဂျစ်၏ လက်အောက်တွင် ပြိုကျသွားသော တရားဥပဒေ စိုးမိုးမှုကို ပြန်လည်ထိန်းသိမ်းမည်ဟုလည်း မဟာသီယာက ပြောသည်။ မဟာသီယာ ကိုယ်တိုင်သည်မူ တရားဥပဒေစိုးမိုးရေးကို လေးစားသူမဟုတ်ပေ။
၁၉၈၈ ခုနှစ်က အစိုးရကို ဆန့်ကျင်သည့် စီရင်ချက်တခုကြောင့် တရားသူကြီးချုပ်နှင့် အခြားဝါရင့် တရားသူကြီးများကို ဖြုတ်ချခဲ့သည်။ နိုင်ငံရေး အတိုက်အခံများကို ထောင်ချသည်။ လူထု ကန့်ကွက်ပွဲများကို ပိတ်ပင်သည်။ ဝေဖန်မှုများကို ဖိနှိပ်သော ဥပဒေများဖြင့် အင်အားချိနဲ့သွားအောင် လုပ်ခဲ့သည်။
သို့သော် မဟာသီယာသည် သူ့ကို အာဏာရှင်ဟု ပြောသည်ကို မနှစ်ခြိုက်ပေ။
“ကျနော်က ရာထူးကနေ ကျနော့်ဖာသာ နုတ်ထွက်တယ်။ ကျနော်တာဝန်ယူရတုန်းက တိုင်းပြည် ချမ်းသာ ခဲ့ဖူးတယ်။ အခု ကျနော် နိုင်ငံကိုလှည့်ပတ်သွားရင် ကျနော့်ကို ဘယ်သူမှ တားပြီး ခေါင်းကိုရိုက်မှာမဟုတ်ဘူး။ ကျနော့်ရဲ့ လူထုအစည်းအဝေးကို သူတို့တွေ ထောင်နဲ့ချီလာကြတယ်။ ထောက်ခံကြောင်း အော်ဟစ်ကြတယ်။ ကျနော်သာ အာဏာရှင်ဆိုရင် ဒါမျိုးတွေ ဖြစ်လာမလား” ဟု ပြောသည်။
သူသည် အသက်အရွယ် ကြီးရင့်သောကြောင့် ပျော့ပြောင်းလာခြင်း ဖြစ်နိုင်ပါသလား။ မည်သို့ဆိုစေ သူသည် နှလုံးအဆို့ရှင် နှစ်ကြိမ် ခွဲစိတ်ကုသခံထားရသည်။ မကြာသေးမီက အဆုတ်ကြောင့် ဆေးရုံတက်ရသည် (ရွေးကောက်ပွဲ မဝင်မီ သေဆုံးပါက ပြည်သူလူထုက အပြစ်တင်မည်ကို ထိုစဉ်က အာဏာရ တပ်ပေါင်းစုက စိုးရိမ်နေရသည်)။
သူ၏ အဖြေမှာ မာကြောလှသည်။ “ကျနော်က မှတ်ဉာဏ်မကောင်းတော့တဲ့ အဖိုးကြီးနဲ့ တူနေလား” ဟု သူပြုံးပြီးမေးသည်။ “ကျနော်တော့ မထင်ပါဘူး” ဟု သူ့ဖာသာ ဖြေသည်။
( The Guardian ပါ Hannah Ellis-Petersen ၏ ‘This election is personal’: Mahathir Mohamad, 92, vows to stop ‘corrupt’ protege ကို ဘာသာပြန်သည်)