မဟာဂီတ သီချင်းတပုဒ်ဖြစ်တဲ့ ကုန်းဘောင်ခေတ်က “ချစ်သမျှကို … ပတ်ပျိုး” ကို ဘယ်သူရေးသလဲ ဆိုတာ ကျနော့်ကို အတော် စိတ်ဝင်စားစေပါတယ်။ ဒီကိစ္စကို ဆရာ အဆူဆူက အကြိမ်ကြိမ် ဆွေးနွေးဖူးပြီးသား ဖြစ်မှာပါ။ တချို့ စာအုပ်၊ မှတ်တမ်းတွေမှာ အနောက်နန်းမတော် မမြလေးလို့ ဖော်ပြကြပေမယ့်၊ တချို့ မှတ်တမ်းတွေမှာတော့ ပဲ့နင်းဦးနေဦးလို့ ဝိဝါဒ ကွဲပြားစွာ ဖော်ပြထားတာကို ဖတ်ရှုရ ပြန်ပါတယ်။
ဒီသီချင်းဟာ မိန်းကလေးက သူ ချစ်သမျှ အကြောင်းကို ဖွင့်ဟ ထားတဲ့ပုံစံနဲ့ ရေးသား ထားတာတော့ သေချာပါတယ်။
“တခါသော် အနောက်နန်းမမြလေးအား ရွှေဘိုမင်းတရားကြီး အမျက်တော်ရှိသောကြောင့် ကျည်းတိုက်တွင် ချထားလေသည့်အခါ ‘ချစ်သမျှကို’ ပတ်ပျိုးကို ရေးသား တင်ဆက်စေသည်တွင်မှ အမျက်တော် ပြေပျောက်၍ အကျဉ်းမှ လွှတ်တော်မူဖူးသည်…” ဟု ၁၉၆၂ – ခုနှစ် စာပေဗိမ္မာန် စာပဒေသာ ပထမဆုရ … ‘စာဆိုတော်များအထ္ထုပ္ပတ္တိ’ စာအုပ်တွင် မဟာဝိဇ္ဇာ ရွှေတံဆိပ် ဆုရ မောင်သုတ (ဗိုလ်မှူးကြီး ဘသောင်း) က ရေးထားကို ဖတ်ရှုရပါတယ်….။ ခေတ် အဆက်ဆက်က မြန်မာ့ စာဆိုကျော် ၁၆၈ ဦး အကြောင်း ဖော်ပြထားတဲ့ အဲဒီစာအုပ်မှာ ပဲ့နင်းဦးနေဦး အကြောင်းတော့ သီးခြား မပါဝင်ပါဘူး။
၁၉၇၁ ခုနှစ်ထုတ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဂီတသမိုင်း ပြုစုရေး ဌာနခွဲက ဆရာကြီးဦးဂုဏ်ဘဏ်နဲ့ ဦးအောင်သိန်း (နန်းညွန့်ဆွေ) တို့ ရေးသား ပြုစုတဲ့ “မြန်မာသီချင်းကြီး တဆယ့်ငါးပုဒ် အဖွင့်” မှာလည်း “ချစ်သမျှကို အစချီ သစ္စာတိုင် ပတ်ပျိုးသီချင်းကို သာယာဝတီမင်း၏ အနောက်နန်း မိဘုရား မမြကလေး ရေးသား ဖွဲ့ဆိုသည် ဟု ဖော်ပြပြီး ယင်းအဆိုကို သာယာဝတီမင်း၏ သားတော် ပုဂံမင်း လက်ထက်တွင် စာတော်ဖတ် အဖြစ် ထမ်းရွက်ရသော အပျိုတော်ခင်သဲက ပြောပြသည်ကို သူ၏မြေးဖြစ်သူ ဆရာတင့်က ရေးမှတ်ထား၍ ဖော်ပြရေးသားခဲ့သည်ဟု မြန်မာစာ ညွန့်ပေါင်းကျမ်း ဒုတိယတွဲတွင် အရေးပိုင်မင်း ဦးကျော်ထွန်းက ရေးသားခဲ့သည်။ ထို့ကြောင့်ပင် ထိုအဆိုကိုပင် အခိုင်အမာဟု ယူဆရ ပေတော့မည်။ ပဲ့နင်း ဦးနေဦးရေးသည်၊ ကွမ်းရေတော်ခေါင်း ရေးသည်ဟု အချို့စာအုပ်များတွင် ကွဲလွဲ ဖော်ပြချက်များ တွေ့ရသော်လည်း ခင်သဲ၏အဆိုကဲ့သို့ ခိုင်မာသည် မဟုတ်သဖြင့် ပယ်ရပေတော့မည်…” လို့ ဖော်ပြခဲ့တာလည်း ရှိပါတယ်။
တချို့ဆရာများက သာယာဝတီမင်း အမျက်တော်ရှချိန် ပဲ့နင်းဦးနေဦး ရေးသားတဲ့ ပတ်ပျိုး သီချင်းကို ဘုရင့်ရှေ့တော်မှောက်မှာ မမြလေးက ကိုယ်တိုင်သီဆို ဆက်သွင်းခဲ့ လေသလားလို့ တွေးတောယူဆ ပြောဆိုကြပါတယ်။ ဒီအဆိုက အတော် ထူးဆန်း ပါတယ်။ မမြလေး သီချင်းအဆိုကောင်း၊ အသံကောင်းတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပေမယ့်၊ အကျဉ်းကျခံနေရသူက ဘယ်လို ရှေ့တော်မှောက် လာရောက် သီဆို ဆက်သွင်းမလဲ။ ဖြစ်နိုင်ချေ အတော်နည်းသလို ယုတ္တိလည်း မတန်ပါ။
၁၉၇၂ ခုနှစ်ထုတ် ရွှေဖြူးသစ္စာလွင် ရေးတဲ့ “တေးဂီတ၏မျက်နှာစာ” စာအုပ်မှာလည်း မမြလေးရဲ့ အဖြစ်အပျက် အချိန်အခါ နည်းနည်းကွဲလွဲတာက လွဲပြီး “ချစ်သမျှကို” ကို မမြလေးရေးတယ်လို့ပဲ ဖော်ပြထား ပြန်ပါတယ်။
ဒါပေမယ့် အလင်္ကာကျော်စွာ ဂီတမိခင်ကြီး ဒေါ်စောမြအေးကြည်ကတော့ ချစ်သမျှကို အစချီ ပတ်ပျိုးကလေးကို ရွှေဘိုမင်း လက်ထက် မင်းဘူးမြို့ ပဲ့နင်းဦးနေဦးက ရေးတယ်ရယ်လို့ စာပေ ဗိမ္မာန်ထုတ် သူ့ရဲ့ “ဂီတနှင့် အက” စာအုပ်မှာ ဖော်ပြထားပြန်ပါတယ်။
ဒီးဒုတ်ဦးဘချို စီစဉ်တည်းဖြတ် ထုတ်ဝေတဲ့ ဂီတဝိသောဒနီ ကျမ်းမှာတော့ ချစ်သမျှကို ပတ်ပျိုးကို ရွှေဘိုမင်းလက်ထက် ပဲ့နင်းဦးနေဦး ရေးတယ်လို့ မှတ်တမ်းပြုထားတာကို အရင်းပြုလို့ မဟာဂီတ သုတေသီ ဆရာမကြီး ဒေါ်ရွှေကူနန်းနွဲ့နွဲ့ ကတော့ ဦးနေဦးရေးတာကို လက်ခံတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချစ်သမျှကို ပတ်ပျိုး အပိုဒ် ၁၃ မှာ ပါတဲ့ “ရုံးညာပိုင်၊ အုံးပြိုင် သဉ္ဇာကြွေ့မှာ လှလေ …” ဆိုတဲ့ စာသားဟာ အဲဒီခေတ် အဲဒီအခါက အမျိုးသမီးတယောက် နုတ်ထွက် မပြောဝံ့ လောက်အောင် ရဲတင်းတဲ့ အသုံး ဖြစ်နေတာကြောင့် အမျိုးသားစာဆို ရေးသောစာသာ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။ ဒီလိုဆိုရင် အဲဒီအမျိုးသား စာဆိုရေးသားတဲ့ ဒီလို စကား အသုံး မျိုးကို သီဆိုဆက်သွင်းသူ အမျိုးသမီး အဆိုတော်ကရော သီဆိုရဲပါ့မလား စဉ်းစားစရာ တခု ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒီးဒုတ်ဦးဘချို ကိုယ်တိုင် ရေးတဲ့ ဆောင်းပါးတပုဒ် မှာတော့ ချစ်သမျှကို ပတ်ပျိုးကို မမြလေး ရေးတာပါလို့ ပြန်လည်တင်ပြထားတာ ရှိပါတယ်။
ဂီတသုတေသီ ပုသိမ်ဒေါ်တင်တင် ကတော့ … ချစ်သမျှကို … ကို မမြကလေး ရေးတယ်လို့ သူ့ရဲ့ ၁၉၆၈ ခုနှစ်ထုတ် “ဂီတ သုတေသနစာတမ်း” ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါအပြင် သူကိုယ်တိုင် သီဆို ရှင်းလင်းထားတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ သူ့ ရှင်းလင်းချက် မှာလည်း ဒီမှတ်တမ်းတွေကို အနောက်နန်းမတော် မမြကလေး လက်ထက်တော်ကနေ သမီးတော် အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင် လက်ထက်တော်တိုင်အောင် အမှုတော်ထမ်းခဲ့တဲ့ အပျိုတော်ကြီး “အမေစာ” က နယ်ချို တိုက်သူကြီးဦးအောင်မင်းရဲ့သမီး ဒေါ်မြစိန်နဲ့ ဓနုဖြူမှာ အတူ နေခဲ့ကြပြီး ဒေါ်မြစိန်ကိုယ်တိုင် ပြန်ပြောပြလို့သိရတာပါ လို့လည်း ရှင်းလင်း တင်ပြထားပါတယ်။
ဒီလောက်ဆိုရင် စာဖတ်သူလည်း ခေါင်းမူးနေလောက်ပါပြီ။ ချစ်သမျှကို သစ္စာတိုင် ပတ်ပျိုးကလေး ဘယ်သူရေးသလဲ။ ကျနော်ကတော့ ဆရာကြီး စစ်ကိုင်းလှရွှေ ပြောတာကို ကိုးကား ချင်ပါတယ်။ မဟာဂီတ သီချင်းတပုဒ်ဖြစ်တဲ့ ထူးမခြားနား သီချင်းခံ့ဟာ (ဒီနေရာမှာလည်း သီချင်းခံနဲ့ သီချင်းခံ့ အသုံးအနှုံးကို ဝိဝါဒကွဲလွဲတာ ရှိပါတယ်။ ကျနော်ကတော့ သီချင်းခံ့လို့သုံးပါမယ်) ဦးလွန်းပြေ ရေးသလိုလို မြဝတီမင်းကြီးဦးစပဲ ရေးသလိုလိုနဲ့ ဂီတပညာရှင်တွေ သာမက ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့လို စာပေ သုတေသီတွေပါ မဆုံးဖြတ်နိုင် ဖြစ်နေတာ ဒီနေ့ အထိပါ။
ချစ်သမျှကို ဟာလည်း ဒီလိုပါပဲ။
ယနေ့ခေတ် မြန်မာ့မဟာဂီတ စန္ဒယား ပညာရှင် ဆရာကြီး ဒေါက်တာ ဦးရည်နွယ်ကတော့ ဒီကိစ္စဟာ စာပေသုတေသီတွေရဲ့ အလုပ်ဖြစ်ပေမယ့် သူ့အနေနဲ့ ပြောရမယ် ဆိုရင် ပဲ့နင်းဦးနေဦး ထက် နန်းမတော် မမြလေး ဖြစ်ဖို့များတယ်လို့ ထင်ကြောင်း ပြောဖူးပါတယ်။
ဒီအကြောင်းကို တစိုက်မတ်မတ် သိချင်နေခဲ့တဲ့ ကျနော်ဟာ ဆရာ ဦးသန်းအေး (ပတ္တလား လုလင်ငယ်သွေး မောင်သန်းအေး) က တဆင့် မဟာဂီတကို တောက်လျှောက် လေ့လာ လိုက်စား ခဲ့တဲ့ ယခင်ယဉ်ကျေးမှု ဝန်ကြီးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဆရာလေး ဦးခင်မောင်တင်ကို မေးမြန်းမိတော့ ဆရာဦးခင်မောင်တင်က မမြလေးရေးတာပါလို့ ပြောပြီး ပိုတိကျ ခိုင်မာအောင် ဆရာဦးမြင့်ကြည်ရဲ့ စာအုပ်ကိုရှာဖတ်ပါလို့ ပြောပါတယ်။
ဦးမြင့်ကြည်ဟာ မြန်မာစာနဲ့ မြန်မာ့ဂီတကို လေ့လာသုတေသနပြုနေသူ ဖြစ်ရုံမက၊ မြန်မာ နိုင်ငံတော် အစိုးရ မြန်မာစာအဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ ဆရာဦးမြင့်ကြည်၊ ၁၉၆ဝ ပြည့်နှစ် မဟာဝိဇ္ဇာဘွဲ့အတွက် ရန်ကုန်တက္ကသိုလ်ကို တင်သွင်းတဲ့ “မြန်မာတေးဂီတ အနုစာပေသမိုင်း” (ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အဆုံး) စာတမ်းကို ထုတ်ဝေထားတဲ့ စာအုပ်မှာတော့ ချစ်သမျှကို ပတ်ပျိုးကို အနောက်နန်းမတော် မမြလေး ရေးတယ်လို့ ဆုံးဖြတ် တင်ပြထားတာ တွေ့ရပါတယ်။
ကျနော့် အနေနဲ့တော့ ပညာရှင် အဆူဆူရဲ့ မှတ်တမ်းများနဲ့ သုံးသပ် ဆုံးဖြတ်ချက်များကို ထောက်ဆရမယ် ဆိုရင် နောက်ဆုံး သုံးသပ်ဆုံးဖြတ်ခဲ့တဲ့ သြဇာတိက္ကိမ ကြီးမားသော မြန်မာ့ဂီတ သုတေသီ ဆရာကြီးများ ဖြစ်တဲ့ ဦးဂုဏ်ဘဏ်နဲ့ နန်းညွန့်ဆွေတို့ ဆုံးဖြတ်ချက်နဲ့ သက်ရှိထင်ရှား ဆရာကြီး ဦးမြင့်ကြည်နဲ့ ဦးရည်နွယ်တို့ရဲ့ တင်ပြပြောဆိုချက်တွေကို ချက်ကျလက်ကျ စောဒက မတက်နိုင် သေးရင် ချစ်သမျှကို ပတ်ပျိုးကို “နန်းမတော်မမြလေး” ရေးတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အွန်လိုင်း မီဒီယာ၊ ရုပ်မြင်သံကြားနဲ့ ဂီတမှတ်တမ်းမှတ်ရာတွေမှာ ချစ်သမျှကိုနဲ့ ပတ်သက်ပြီး ရေးသူနေရာမှာ ဖော်ပြချက်တွေဟာ ပညာရှင်များရဲ့ သုံးသပ် ဆုံးဖြတ်ချက်များနဲ့ ကိုက်ညီအောင် ရေးထိုး မှတ်တမ်းတင်သင့် ပါကြောင်းနဲ့ သို့မဟုတ်ရင် နောင်လာနောက်သားများ အမှတ်လွဲမှား၊ ဝေဝေးဝါးဝါး ဖြစ်နိုင်ကြောင်း တင်ပြရပါတယ်ခင်ဗျာ။
“ချစ်သမျှကို” (သစ္စာတိုင်ပတ်ပျိုး)
၁။ ချစ်သမျှကို မြင့်မိုရ် ရွှေတောင်လုံး သာပလေး။ လေးဆူဒီပါ သီတာ ရေမြေ ဆုံးစေတော့ လေး….။
၂။ အို … ဘယ်မမုန်းပါတော့နိုင်၊ ကပ်လုံးဆုံးတိုင်တိုင်။
၃။ ရုံးညာပိုင်၊ အုံးပြိုင် သဉ္ဇာကြွေ့မှာ လှ လေ …၊ ကြိုးမည့်နောင်တာ၊ ရိုးပြာ မြေဝယ်မြေ့စေ တော့လေး။
၄။ မှန်သရွေ့ကိုလ၊ ဖန်စေ့ငယ်ရေရေ၊ ကိုးဂုဏ်ရှင့် ဂူတော်မွေ။
၅။ တူမသွေ၊ ပါစေမယ်နှင့်သား။
၆။ လှစ်ကျူ မြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား။
၇။ မခြားသိစေကြောင်း၊ ပန်ထွာသည့် ခဝပ်ညောင်း။
၈။ တူပြိုင် ဂူလိုဏ် စကားသစ္စာ တိုင်။
၉။ သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်၊ ဆုထူးငယ် ပန်ရွယ်သွန်း။
၁၀။ ချစ်လို့ရယ် မကုန်၊ ဝသုန် ဤ မြေ၊ သိကြားစေ သက်သေညွှန်း။
၁၁။ ပျံ့မွှန်းမွှေးလှိုင် ကြူ လေတည့်မှ၊ သုံးလူ့ ထွတ်မှန်ကူ။
၁၂။ မတူလေပြိုင် နှုန်းကင်း၊ ခြောက်ဖြာစုံ ရောင်ဖြိုးလင်း။
သဖြန်။ ။ ချစ်ချင်းငယ်ပြိုင်၊ မြစ်မင်းပိုင်အဏ္ဏဝါက၊ ပြန်မသာကဲ။
ယွင်းစေဝသုန်၊ ငွေ ဝန်းသော်တာ ယုန်သို့၊ ကမ္ဘာကုန် ကျယ်သရွေ့ ငယ်မှာ၊ ဘယ်မေ့လိမ့်လဲ။ ။
“သီချင်း စာသား အဓိပ္ပာယ်”
၁။ မောင်တော့်အပေါ်တွင် မယ်ကချစ်သမျှ နှိုင်းယှဉ်ပြောဆို ရပါလျှင် မြင့်မိုရ်တောင်ကြီးတမျှ ရှိပါလိမ့်မည်၊ ဘုးရားလေးဆူ ပွင့်တော်မူခဲ့ပြီးသော ဘဒ္ဒကမ္ဘာ၏ အရှေ့ အနောက် တောင်မြောက် ကျွန်းကြီးလေးကျွန်းရှိ ရေမြေများ ပျက်စီးဆုံးရှုံး သွားပါစေတော့ .. .ချစ်မြဲချစ်နေဦးမှာပါ။
၂။ ကပ်ကမ္ဘာ တခုလုံး အဆုံးတိုင် မောင်တော့်အပေါ် ဘယ်တော့မှ မမုန်းနိုင်ပါ …။
၃။ ပိုးဖဲကတ္တီပါ တို့ဖြင့် လှလှပပ မွမ်းမံ ခြယ်သထားသော သဉ္ဇာလီ ထားရာ အခန်းဆောင် (အိပ်ခန်းဆောင်) တွင် အတူ အိပ်စက်ရာ ညာလက်ရုံးကို ပိုင်သော (လက်ျာဖက်က ထား၍ စံစားရသော မိဖုရား အဖြစ်သို့ ရောက်ရပါစေ့မယ်လို့ ဆိုခဲ့ကြောင်းနှင့် အရိုးမြေကျ ဆွေးမြေ့သည် အထိ ပါရမီဖြည့်ရန် ကြိုးစားပါ့မယ် …။
၄။ သစ္စာစကားတွေ မှန်ကန်ကြောင်း ရွှေဂူကြီး ဘုရား ရှေ့တော်မှာ အဖန်ဖန် အထပ်ထပ် မြွက်ဆို ပြောကြားပါ့မယ်…။
၅။ မောင်နဲ့အတူ နိဗ္ဗာန်ကို အပါခေါ်ဆောင်ပါစေမယ် …။
၆။ မောင်တော်ဟာ မယ့်ကိုချစ်တဲ့အကြောင်း ဝမ်းထဲ သိုဝှက်မထားဘဲ၊ ဘုရားရှင်ထံပါးမှာ တိုင်တည် ဖွင့်ဆိုခဲ့ပါတယ်…။
၇။ ကွဲကွဲပြားပြား၊ ခြားခြားနားနား သိအောင် မခြွင်းမချန် မြတ်စွာဘုရားအား ရိုသေစွာ ဝတ်ပြု ခစား ပြောဆိုခဲ့ပါတယ် …။
၈။ မယ်နဲ့ မောင်တို့ဟာ ရွှေဂူကြီးဘုရားမှာ သစ္စာစကားအခိုင်အမာ ဆိုခဲ့ကြပါတယ် …။
၉။ သံသရာ တဖက်ကမ်း နိဗ္ဗာန် နန်းကို အတူူတူူ ကူးခတ်သွားဖို့ ဆုထူးပန်ရေစက်သွန်းခဲ့ ကြပါတယ်။
၁၀။ မယ်နဲ့မောင်တို့ ချစ်သည့် မေတ္တာသည် ဘယ်သောအခါမှ မကုန်ခမ်းနိုင်ကြောင်း မဟာပထဝီ မြေကြီးကို သက်သေပြု ကျိန်ဆိုဝံ့ပါတယ် …။
၁၁။ (သစ္စာပြုနေသော) မြတ်စွာဘုရား၏ သစ္စာလေးပါးတရားသည် မွှေးပျံ့ သင်းကြူ နေပါတယ်…။
၁၂။ ရောင်ခြည်တော်ခြောက်သွယ် ဖြာဖြာ လင်းပြီး မည့်သည့် အရာနဲ့မှ နှိုင်းယှဉ်စရာ မရှိ …။
“သဖြန်”
မောင်နဲ့ မယ်တို့ရဲ့ ချစ်ခြင်းပြိုင် ကြီးမားပုံက သမုဒ္ဒရာ ကြီးနဲ့ ထပ်တူ ထပ်မျှပါပဲ။ သမုဒ္ဒရာက မယ်နဲ့မောင်တို့ရဲ့ ချစ်ခြင်းထက် ပိုမို လွန်ကဲ တယ်လို့ မရှိပါ။ ဝသုန္ဒြေ ဤကမ္ဘာမြေကြီး ပျက်ယွင်း သွားသည့်တိုင် ငွေလမင်းရဲ့ အတွင်းမှာရှိတဲ့ ယုန်ရုပ်ကလေး တည်ရှိနေသလို ဘယ်သော အခါမှ မေ့နိုင်မယ် မဟုတ်ပါ။ မယ်နဲ့မောင်တို့ သစ္စာဟာလည်း တကမ္ဘာပတ်လုံး ခိုင်မြဲ တည်ရှိ နေပါမယ်။
(စာရေးသူသည် ရန်ကုန်အခြေစိုက် ဂီတမိတ် သင်တန်းကျောင်း၏ မန်နေဂျာနှင့် အဆိုရှင်တဦး ဖြစ်သည်။)