ပြည်တွင်းမှာ Yamaha, Honda, Kawasaki လို အမှတ်တံဆိပ်တွေပဲ လူကြိုက်များ ဈေးကွက် နေရာရတဲ့ အနေအထားမှာ KTM အနေနဲ့ကတော့ မျက်နှာသစ်ဖြစ်နေလို့ နည်းနည်းတော့ အချိန်ပေးကြိုးစားရမယ့် အနေအထားပါ။
အရင်ဆုံး ကျနော်က အမှတ်တံဆိပ်အသစ် KTM အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ သြစတီးယားနိုင်ငံ၊ မာတီဟိုဖန်မှာ အခြေစိုက်ထားတဲ့ မော်တော်ဆိုင်ကယ်ထုတ် ကုမ္ပဏီ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ လမ်းကြမ်းမောင်း ဆိုင်ကယ်ထုတ်လုပ်မှုမှာ နာမည်ကြီးတာဖြစ်ပြီး 2-Stroke အနေနဲ့ရော 4-Stoke ပါ ထုတ်လုပ်တာ တွေ့ရပါတယ်။
တန်ကြေးနည်းမော်ဒယ်တွေအပြင် တန်ကြေးကြီး မော်ဒယ်တွေထိအောင်ပါ ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီအတွက် တော့ ရွေးချယ်နိုင်စရာအများအပြားနဲ့ သဘောကျစရာပါ။ အခုလည်း တန်ကြေးမြင့် မော်ဒယ်အဖြစ် မိတ်ဆက်လာတဲ့ Duke 690 အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
620 ကနေ 640, 690 ဆိုပြီး မော်ဒယ်အစဉ်လိုက် ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကနေ စတင် ထုတ်လုပ် ခဲ့တာ ဖြစ်ပြီး မျိုးဆက်ပြောင်းလဲထုတ်လုပ်မှု ပုံစံအနေနဲ့ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်ထိအောင် တကြိမ်၊ ၁၉၉၈ ခုနှစ် က နေ ၂၀၀၇ ခုနှစ်ထိအောင် တကြိမ်၊ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိအောင် တကြိမ်၊ ၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်ထိ အောင် တကြိမ် မျိုးဆက်ပြောင်းလဲထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။
Supermoto လို့လည်း ခေါ်ကြသလို Naked အဖြစ်လည်း သတ်မှတ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် ကိုယ်ထည် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ အခုလို စွမ်းဆောင်ရည်မြင့် မော်ဒယ်အများစုမှာ အင်ဂျင်က ထိုးပြွန်စနစ် ၂ လုံး၊ ၄ လုံး စသဖြင့် ထုတ်လုပ်တတ်ပေမယ့် အခု Duke 690 မှာတော့ ထိုးပြွန်တခုတည်းနဲ့ အင်ဂျင်စနစ်ကို ထည့်သွင်း ဖန်တီးထားတာတွေ့နိုင်ပါတယ်။
အင်ဂျင်စနစ်က ဝ.၇ လီတာသုံး အင်ဂျင်စနစ်ဖြစ်ပြီး Hijet အင်ဂျင်ထက် အရွယ် အနည်းငယ် ပိုပြီး ကြီးပါသေးတယ်။ လျှပ် စစ်မော်တာကနေ အင်ဂျင်ကို ခလုတ်နဲ့ စက်နှိုးနိုင်ပါတယ်၊ Plug ကို ပုံမှန်ထိုးပြွန်တခု၊ Plug တလုံး ပုံစံမထိုင်ဘဲ အခု Plug နှစ်လုံးထည့်ထားပါတယ်။ ဒီစနစ်ရဲ့ အားသာချက်က မီးတောက်စနစ် ပိုမိုတိကျကောင်းမွန်စေပြီး မြန်နှုန်းမြင့် မောင်းနှင်နိုင် စေပါတယ်။
ဂီယာချက် ၆ ချက်ကို Manual ပုံစံနဲ့သွားပြီး ကလပ်စနစ်က သွက်လက်ပေါ့ပါးတာ တွေ့ရပါတယ်။ ဘီးအရွယ်က ၁၇ လက်မ ဖြစ်ပြီး Spoke ဘီးတွေပါ၊ ခွေကတော့ အလူမီနီယမ်ဖြစ်ပါတယ်။ သံချေးမတက်ပေမယ့် အကြမ်းခံနိုင်မှုကိုတော့ စိတ်ကြိုက် မဖြစ်မိပါဘူး။
အင်ဂျင်က ရုန်းအား ၅၅ ပေါင်-ပေရှိပြီး မြင်းကောင်ရေ ၇၃ ကောင်အား ထွက်ရှိမှာပါ။ ဆီ တဂါလံကို မိုင် ၅၀ ဝန်း ကျင်မောင်းနှင်နိုင်မှာ ဖြစ်ပြီး တပ်ဆင် ဆီတိုင်ကီက ၁၃.၅ ဂါလံ ဝင်ဆံ့မှာ ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှုအနေနဲ့ တနာရီမိုင် ၁၁၀ (ကီလိုမီတာ ၁၈၀) ဝန်းကျင် ရနိုင်မှာပါ။
တနာရီမိုင် ၆၂(ကီလိုတစ်ရာနှုန်း) အတွက်က အချိန် ၄ စက္ကန့် စွန်းစွန်းလေးပဲ ယူမှာပါ။ အဆိုပါ မြန်နှုန်းကနေ အရှိန်လျှော့ ချ ရပ်တန့်ဖို့အတွက်ကိုတော့ အကွာအဝေးမီတာ ၄၀ ယူပါတယ်။
ပြည်တွင်းဈေးကွက်မှာတော့ ၂၀၁၅ ခုနှစ်ထုတ် Duke 690 ကို ရောင်စုံအနေအထားနဲ့ ရနိုင်ပြီး ဈေးနှုန်းက ၁၅၅ သိန်းဝန်း ကျင် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါက လမ်းကြမ်းမောင်း၊ စွမ်းဆောင်ရည်မြင့် မော်ဒယ် Duke 690 အတွက် အလှစီးအနေနဲ့ရော လမ်းကြောင်းအနေအထားကြောင့်ပါ တကယ်တမ်း အံဝင်စီးနင်းနိုင်တဲ့ တောင်ကြီး၊ လားရှိုး၊ ပဲခူးနဲ့ မန်းဈေးကွက်တွေမှာ လူကြိုက်များတာ ဖြစ်ပါတယ်။