နေပြည်တော် ဟိုတယ်ဇုန် ၁ အတွင်း နှစ်စဉ်ဆောက်လုပ်လေ့ရှိသည့် သင်္ကြန်ရေကစား မဏ္ဍပ်ကြီးများ ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် ဆောက်လုပ်ရန်အတွက် နေပြည်တော်၊ စည်ပင်သာယာရေး ကော်မတီသို့ လက်ရှိအချိန်အထိ လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက “ ပုံမှန်အားဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေးကေ်ာမတီ မြေနေရာတွေဖြစ်တဲ့အတွက် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်ကို ကော်မတီကို တင်ရတယ်။ လက်ရှိအချိန်ထိတော့ အခုလိုမျိုးတင်တာ မရှိသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် လာရောက်လျှောက်ထားပါက နေုပြည်တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီမှုရှိလျှင် ဆောက်လုပ်ခွင့် ချပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်သည်။
ယခင်အစိုးရသက်တမ်း ၅ နှစ်တာကာလတွင် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်၌ သင်္ကြန်ပွဲတော် စည်ကားမှု ရှိစေရေးအတွက် ဟိုတယ်ဇုန်အတွင်း မဏ္ဍပ်ကြီးများ ဆောက်လုပ်ရန် ညွှန်ကြားခဲ့မှုကြောင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီတချို့ ပူးပေါင်းပြီး သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခဲ့ရသည်ဟု ဟိုတယ်လုပ်ငန်းရှင်တချို့က ပြောသည်။
ထိုသို့မဏ္ဍပ်ဆောက်လုပ်ရာတွင် အနည်းဆုံး သိန်းတထောင်ဝန်းကျင် ကုန်ကျပြီး အမြတ်အစွန်း ပြန်လည်မရရှိသည့်အတွက် အစိုးရအဖွဲ့ ညွှန်ကြားလာမှု မရှိပါက သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မည် မဟုတ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။
အလားတူ နေပြည်တော် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးသန်းထွဋ်က “ မနှစ်ကလည်း ကျနော်တို့ သင်္ကြန်မဏ္ဍပ် မထိုးဘူး။ သည်နှစ်လည်း မဏ္ဍပ်အကြီးကြီးတွေ ဆောင်ရွက်ဖို့မရှိသေးဘူး”ဟု ပြောသည်။
နေပြည်တော် သင်္ကြန်မဏ္ဍပ်များတွင် အစည်ကားဆုံးဖြစ်သည့် ရွေသံလွင် ကုမ္ပဏီ၏ Sky Net ရေကစားမဏ္ဍပ်သည်လည်း လက်ရှိအချိန်ထိ ဆောက်လုပ်ရန် ညွှန်ကြားမှု မရှိသေးကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူတဦးက ပြောသည်။
“ အရင်နှစ်တွေက သည်အချိန်ဆိုရင် ကျနော်တို့မဏ္ဍပ်ဆောက်နေပြီ။ သည်နှစ်တော့ ကုမ္ပဏီ အထက်လူကြီးကလည်း အခုအချိန်အထိ ဆောက်မယ်၊မဆောက်ဘူး ညွှန်ကြားတာမျိုး မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
သင်္ကြန်မဏ္ဍပ်ကြီးများ ဆောက်လုပ်ခြင်း မရှိသေးသည့်အပေါ် ပျဉ်းမနား ဒေသခံတဦးဖြစ်သည့် ဦးခင်မောင်ဇော်က “အရင်ကတော့ ရေအရင်းမြစ်များတော့ သင်္ကြန်ကို အဲဒီလို ဆင်နွှဲခဲ့ကြတာ ကောင်းပါတယ်။ အခုက ရေအရင်းမြစ်တွေ ရှားပါးလာတော့ ဖြုန်းတာမျိုးမဖြစ်တော့ ကြိုဆိုပါတယ်” ဟု ပြောသည်။
နှစ်စဉ်နှစ်တိုင်း ဆောက်လုပ်လေ့ရှိသည့် နေပြည်တော် မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ကို ဒေသခံပြည်သူများ ဝင်ရောက် ရေကစားနိုင်စေရန် မြို့တော်ခန်းမ၏ အပြင်ဘက် မုဒ်ဝဂိတ်အနီး ပျဉ်းမနား-တောင်ညို လမ်းမကြီးဘေးတွင် ဆောက်လုပ်မည်ဖြစ်ကြောင် ဦးမင်းသူက ပြောသည်။