Canon အခု မော်ဒယ် PowerShot G9 X Mark II ရဲ့ သဘောကျစရာ အကောင်းဆုံး တချက်ကတော့ အရွယ်နဲ့ မလိုက်အောင် ပုံကောင်းတွေကို မြန်မြန် ရိုက်ကူးနိုင်မှု ဖြစ်ပါတယ်။ DIGIC 7 Processor ကို သုံးထားပြီး ဒီစနစ်က ကင်မရာကို တစက္ကန့်မှာ ပုံရိပ် ၇ ပုံထိအောင် တဆက်တည်း ရိုက်ကူးနိုင်စေပါတယ်။ ISO ကိုလည်း အမြင့်အနေအထားနဲ့ ရိုက်ကူးနိုင်သလို Bluetooth နဲ့လည်း ချိတ်ဆက်နိုင်သလို Wi-Fi လည်း ရပါတယ်။ ဈေးနှုန်းလည်း သင့်ပါတယ်။ ကုမ္ပဏီကတော့ အပျော်တမ်း ရိုက်ကူးရေး သမားတွေ အတွက်ရော သယ်ဆောင်ရလွယ်ကူတဲ့ ကင်မရာ သေးသေး လိုချင်သူတွေ အတွက်ပါ အဆင်ပြေအောင် ထုတ်လုပ်လာတာပါ။ Sony RX100 အတွက်တော့ အကောင်းဆုံး ပြိုင်ဖက် မော်ဒယ် တခု ဈေးကွက်ဝင်လာခြင်းပါ။
၂၀၁၅ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ ရှေ့ထွက် G9 X ရဲ့ နောက်ဆက်တွဲ အဖြစ် G9 X Mark II အနေနဲ့ Canon က ထုတ်လုပ် လာတာပါ။ Sony RX100 V မော်ဒယ်ထက် ဈေးနှုန်းက တဝက်လောက် ထိအောင် ချိုသာလို့ သဘောကျစရာ ပါ။ ကိုယ်ထည်ပိုင်း ကတော့ ရှေ့ထွက် G9 X နဲ့ ဆင်တူပါပဲ။ သတ္တုကိုယ်ထည်နဲ့ ရာဘာသားတွေ ဖုံးအုပ်ဖန်တီးထား ပါတယ်။ အနေတော် အရွယ်အစား တန်းဝင် ကင်မရာပါ။ အိတ်ဆောင် အဖြစ် သုံးဖို့ အကောင်းဆုံး ဖြစ်ပြီး အလေးချိန် ၂၀၆ ဂရမ်ပဲ ရှိပါတယ်။ ၃ လက်မ အရွယ်ရှိတဲ့ Touch စနစ်နဲ့ သုံးနိုင်မယ့် ပြသမျက်နှာပြင် စနစ် ပါရှိပါတယ်။ ဒီစနစ်မှာ ပြသ အစက်ပေါင်း ၁ ဒသမ ၀၄ သန်းနဲ့ ဖွဲ့စည်းထား ဖန်တီးထားတာပါ။ EVF တော့ မပါပါဘူး။ ဘက်ထရီစား သက်သာချင် ရင် Eco နဲ့ ထားပြီး ရိုက်နိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။
ပြသ မျက်နှာပြင်စနစ်က အလင်းဖြာနှုန်း မဆိုးပါဘူး။ Zoom ခလုတ်လည်း ထည့်ထားပါတယ်။ Video ရိုက်ကူးဖို့ ခလုတ်လည်း သီးသန့် ထည့်ထားပေးတာ တွေ့ရပါတယ်။ Q Set ခလုတ်လေး ထည့်ထားတာ တွေ့ရပြီး သူက Drive Mode တွေ White Balnce တွေကို အလွယ်တကူ ဝင်နိုင်အောင်၊ ပြောင်းလဲ အသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ ခလုတ်ပါ။ Menu ခလုတ်ကတော့ Setting ကို ဝင်ဖို့ပါ။ Xenon မီးစနစ်ပါရှိပါတယ်။
ကင်မရာရဲ့ အပေါ်ဘက်မှာ မီးအဖွင့်၊ အပိတ်တွေက အစ အခြား ပုံမှန် ချိန်ညှိ ခလုတ်တွေ အားလုံး ထည့်သွင်း ဖန်တီး ထားပါတယ်။ ညာဘက်မှာတော့ micro-USB ပေါက် တွေ့ရပါတယ်။ အားသွင်းဖို့နဲ့ ကွန်ပျူတာနဲ့ ချိတ်ဖို့ အတွက်ပါ။ Power Bank နဲ့လည်း အားသွင်းနိုင်ပါတယ်။ micro-HDMI ပေါက်လည်း ပါပါတယ်။ TV လို စနစ်နဲ့ ချိတ်ဆက် ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ အောက်ဘက်မှာ Tripot လို ထောက်မှာ တပ်ဆင် ရိုက်ကူးဖို့ အထိုင်လည်း ပါရှိပါတယ်။ NFC စနစ်လည်း တွေ့ရတယ်။ ဘက်ထရီနဲ့ Memory ကတ်ပေါက်တွေ တွဲလျက် ထည့်ထားတာ တွေ့ရပါတယ်။
ရှေ့ထွက် မော်ဒယ်ရဲ့ စွမ်းဆောင်ရည်၊ အသုံးပြုနိုင်မှု စနစ်တွေနဲ့ သိပ်မကွာပါဘူး။ ထူးခြားချက် ဆိုလို့ အထက်မှာ ပြောခဲ့တဲ့ Processor စနစ်သစ် ထည့်လာလို့ ပုံရိပ်တွေကို တစက္ကန့်မှာ ၆ ပုံကနေ ၈ ပုံထိအောင် ရိုက်ကူးနိုင်လာပါတယ်။ Startup အတွက်လည်း အချိန် ၁ ဒသမ ၁ စက္ကန့်နဲ့ အသင့် ဖြစ်လာစေပါတယ်။ ၁ လက်မ အရွယ်ရှိတဲ့ 20.1 MP ရှိတဲ့ ကင်မရာ Lens ထည့်ထားပါတယ်။ Focal Length ကို ၂၈ မီလီကနေ ၈၄ မီလီထိအောင် ချိန်နိုင်ပါတယ်။
ISO ကို ၁၂၅ ကနေ ၁၂၈၀၀ အတွင်း ထားရိုက်နိုင်ပါတယ်။ Shutter Speed က စက္ကန့် ၃၀ ကနေ ၁/၂၀၀၀ အတွင်း ရှိပါတယ်။ Autofocus ရပါတယ်။ Videoတွေကို 1080p နှုန်းနဲ့ တစက္ကန့်မှာ ပုံရိပ် ၆၀ နှုန်း ရိုက်ကူးနိုင်ပါတယ်။ 4K ရုပ်ထွက်နဲ့တော့ မရပါဘူး။ Cloud နဲ့လည်း Wi-Fi က တဆင့် ချိတ်သုံးနိုင်ပါတယ်။ Canon iMage Gateway စနစ် ပါလာပြီး သူက Mail အဝင်တွေ စစ်နိုင်ပါတယ်။ Twitter, Facebook, YouTube, Google Drive နဲ့ အခြား Mailတွေ သုံးနိုင်ပါတယ်။
ဘက်ထရီ သက်တမ်းက အကောင်းဆုံး မဟုတ်ပဲ ပုံမှန် စွမ်းရည်လောက်ပဲ တွေ့ရပါတယ်။ Focus စွမ်းရည် အားနည်းချင် ပါတယ်။ ရှေ့ထွက် မော်ဒယ်နဲ့ စာရင် သိသာတဲ့ ဖန်တီးမြှင့်တင်မှုတော့ လုပ်ထားတာ မတွေ့ရပါဘူး။ ရမှတ်အနေနဲ့ ပေးရမယ် ဆိုရင် ဒီဇိုင်းက ၅ မှတ်မှာ ၄ မှတ်ခွဲ၊ ပုံထွက်က ၃ မှတ်ခွဲ၊ Video ရိုက်ကူးနိုင်မှုက ၄မှတ်၊ စွမ်းဆောင်ရည် ၃ မှတ်ခွဲ၊ ဈေးနှုန်းသင့်တင့်မှု ကတော့ ၃ မှတ်ခွဲနဲ့ ကင်မရာ တလုံးလုံး ရမှတ် အနေနဲ့ ၃ မှတ်ခွဲ ပေးချင်ပါတယ်။
Ref: www.m.gadgets.ndtv.com