စာရင်းတွေအရတော့ ဒီနေ့ခေတ် ကမ္ဘာမှာ ဘီလျှံနာပေါင်း ၁၅၄၂ ဦးထိအောင် ရှိနေပါတယ်။ နိုင်ငံအလိုက် ပျံ့နှံ့နေထိုင်နေကြတဲ့ ဒီ သူဌေးတွေ ဘယ်နိုင်ငံမှာ အများဆုံး ရှိနေပါသလဲ။ အရင်ဆုံးစာရင်းကို မပြောခင် ကျနော်တို့ အာရှတိုက်မှာရှိတဲ့ ဘီလျှံနာဦးရေဟာ နောက် ၄ နှစ် အကြာမှာ အမေရိကန်မှာရှိတဲ့ သူဌေး ဦးရေထက် ကျော်လွန်သွားဖို့ ရှိနေပြီ ဆိုတာပါပဲ။ ဒါဆိုရင်တော့ အာရှမှာလည်း ဘီလျှံနာတွေ မနည်းရှိနေပြီပေါ့နော်။
အခုချိန်ထိအောင်တော့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံအဖြစ် အမေရိကန်က ရှိနေသလို သူဌေး အများဆုံးနေတဲ့နိုင်ငံကလည်း အမေရိကန် ဖြစ်နေပါတယ်။ ဆွစ်ဇာလန် အခြေစိုက် ဘဏ်လုပ်ငန်းတခု ဖြစ်တဲ့ UBS ကနေ လေ့လာချက်အရ ယခု စာရင်းကို သိလာရတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေအလိုက် ဘီလျှံနာ စာရင်းကိုလည်း သိလာရပါတယ်။
စာရင်းအရ အာရှရဲ့အင်အားကြီး တရုတ်နဲ့ အိန္ဒိယတွေက အလျင်အမြန် စီးပွားရေး တိုးတက်လာသလို သူဌေးတွေ အများအပြား ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း အသစ် တိုးလာတဲ့ ဘီလျှံနာ ဦးရေ အားလုံးရဲ့ လေးချိုး သုံးချိုးက အိန္ဒိယနဲ့ တရုတ်က ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တနှစ် အတွင်းမှာတင် တရုတ်က ဘီလျှံနာ ၆၇ ဦးနဲ့ အိန္ဒိယနိုင်ငံက ၁၆ ဦး တိုးလာပါတယ်။ ဒါကြောင့်လည်း UBS က နောက် ၄ နှစ် အကြာမှာ အာရှရဲ့ ဘီလျှံနာ ဦးရေဟာ အမေရိကန်မှာရှိတဲ့ ဦးရေထက် ကျော်လွန်သွား လိမ့်မယ် လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
အခုတော့ အမေရိကန်ဟာ ကမ္ဘာမှာ ဘီလျှံနာ အများဆုံး ရှိနေတဲ့နိုင်ငံအဖြစ် ရပ်တည်နေပြီး ဘီလျှံနာပေါင်း ၅၆၃ ဦးထိအောင် ရှိနေသလို သူတို့ အားလုံးရဲ့ စုစုပေါင်း ချမ်းသာမှုက ဒေါ်လာ ဘီလျှံ ၂.၈ ထရီလျှံ ထိအောင် ရှိနေပြီး အရင်နှစ် ၂၀၁၆ ခုနှစ်အတွင်းက ပိုင်ဆိုင်မှု စုစုပေါင်း ၂.၄ ထရီလီယံရှိရာကနေ အခုလို တိုးတက်ချမ်းသာလာတာလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ဘီလျှံနာ အများဆုံး ရှိနေတဲ့ နိုင်ငံတွေကို ပြောရရင် ကမ္ဘာမှာ အဆင့် ၁၄ ဆင့်မြောက် ဘီလျှံနာ အများဆုံး ရှိတဲ့နိုင်ငံ အဖြစ် အာဆီယံနိုင်ငံတွင်းက စင်ကာပူနိုင်ငံဖြစ်ကာ ဦးရေ ၂၁ ဦးထိအောင် ရှိပြီး အဆိုပါ သူတွေထဲက ကျော်ကြားသူအဖြစ် United Overseas Bank ရဲ့ ဥက္ကဋ္ဌဖြစ်သူ Wee Cho Yaw ရှိနေပြီး သူက အမေရိကန်ဒေါ်လာ ၈ ဘီလျှံလောက် ချမ်းသာနေတာလည်း ဖြစ်ပါတယ်။
အဆင့် ၁၃ မှာတော့ စပိန်ရှိပါတယ်။ စပိန်မှာ ဘီလျှံနာ ၂၅ ဦး ရှိတယ်။ Indiotex ဖက်ရှင်ကုမ္ပဏီကို တည်ထောင်သူ Amancio Ortega က ပိုင်ဆိုင်မှု ဘီလျှံ ၇၇.၈ ဘီလျှံလောက်ထိအောင် ချမ်းသာပြီး ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ ထိပ်ပိုင်းက ရပ်တည်နေနိုင်သူလည်း ဖြစ်ပါတယ်။
အဆင့် ၁၂ မှာတော့ တူရကီက ဘီလျှံနာ ၂၉ ဦးနဲ့ ရှိနေပါတယ်။ သူ့အထက် အဆင့် ၁၁ မှာတော့ အာရှရဲ့ အင်အားကြီး ဂျပန်က ဘီလျှံနာ ၃၃ ဦးနဲ့ အာရှမှာအကြီးဆုံး အထည်လုပ်ငန်းဖြစ်တဲ့ Fast Retailing ရဲ့ ရှယ်ယာရှင် Tadashi Yanai က ပိုင်ဆိုင်မှု ၁၇ ဘီလျှံနဲ့ ကျော်ကြားပါတယ်။
အဆင့် ၁၀ မှာတော့ ဆွစ်ဇာလန်က ဦးရေ ၃၅ ဦးထိအောင် ရှိနေပါတယ်။ ပြင်သစ်မှာက ဘီလျှံနာ ၃၉ ဦး ထိအောင် ရှိပြီး အဆင့် ၉ ချိတ်ပါတယ်၊ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်သူ LVMH Hennessy Louis Vuitton ရဲ့ ဥက္ကဌ Bernard Arnullt က ပိုင်ဆိုင်မှု ၅၆.၂ ဘီလျှံထိအောင် ရှိပြီး လူသိများပါတယ်။
အဆင့် ၈ မှာက အီတလီရှိပါတယ်၊ နိုင်ငံသား ဘီလျှံနာ ၄၂ ဦးထိအောင် ရှိနေတာပါ။ သကြားလုံး ကုမ္ပဏီ လုပ်ငန်းစု Ferrero Group ကို ပိုင်ဆိုင်သူ Giovanni Ferrero က ပိုင်ဆိုင်မှု ၂၃.၃ ဘီလျှံနဲ့ လူသိများပါတယ်။
အဆင့် ၇ နေရာကိုတော့ အင်္ဂလန်က ရယူထားနိုင်ပြီး ဘီလျှံနာ ၅၅ ဦးထိအောင် ရှိနေပါတယ်။ အဆင့် ၆ နေရာမှာတော့ အာရှရဲ့ လက်ဗီးဂက်စ် အဖြစ် လူသိများတဲ့ ဟောင်ကောင်ကရှိနေပြီး ဘီလျှံနာ ၆၉ ဦးထိအောင် ရှိနေတာ ဖြစ်ပါတယ်။ CK Hutchison Holdings နဲ့ Cheung Kong Property Holdings လို လုပ်ငန်းကြီး တွေကို လုပ်ကိုင်နေသူ Li Ka Shing က ပိုင်ဆိုင်မှု ဘီလျှံ ၃၄ ထိအောင် ရှိပြီး အာရှရဲ့ အချမ်းသာဆုံး သူတွေထဲက တဦး ဖြစ်လာပါတယ်။
အဆင့် ၅ မှာက ရုရှရှိပါတယ်။ ဘီလျှံနာ ၉၆ ဦးထိအောင် ရှိနေတာပါ။ သံမဏိ ကုမ္ပဏီကြီး Severstal ရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ Alexey Mordashov က ပိုင်ဆိုင်မှု ၁၉.၁ ဘီလျှံနဲ့ ရုရှရဲ့ အချမ်းသာဆုံး သူတွေထဲက တဦးပါ။ အဆင့် ၄ မှာတော့ အထက်မှာ ပြောခဲ့သလို အာရှရဲ့ တိုးတက်မှု အမြန်ဆုံး နိုင်ငံတွေထဲက တခု ဖြစ်တဲ့ အိန္ဒိယ ရှိပါတယ်။ ဘီလျှံနာ ၁၀၀ ဦး အထိ ရှိတာပါ။ Reliance Industries Limited ရဲ့ဥက္ကဋ္ဌ ဖြစ်သူ Mukesh Ambani က ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျှံ ၄၀ ရှိပြီး အိန္ဒိယရဲ့ အချမ်းသာဆုံး သူတွေထဲက တဦးဖြစ်ပါတယ်။
အဆင့် ၃ မှာတော့ ဥရောပရဲ့ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာတဲ့ ဂျာမနီက ဘီလျှံနာ ၁၁၇ ဦးထိအောင် ရှိပြီး BMW ရဲ့လုပ်ငန်းပိုင်ဆိုင်မှုတွေကို ရရှိထားတဲ့ Susanne Klatten က ပိုင်ဆိုင်မှု ၂၂.၇ ဘီလျှံနဲ့ အမျိုးသမီး ဘီလျှံနာအဖြစ် လူသိများပါတယ်။ အဆင့် ၂ မှာတော့ အာရှ နဂါး တရုတ်ရှိနေပြီး ဘီလျှံနာ ၃၁၈ ဦးထိအောင် ရှိနေတာပါ။ Dalian Wanda Group ကို တည်ထောင်လုပ်ကိုင်နေသူ Wang Jianlin က ပိုင်ဆိုင်မှု ၂၈.၂ ဘီလျှံနဲ့အတူ လူသိများပါတယ်။
ကမ္ဘာမှာ ဘီလျှံနာ အများဆုံးရှိရာနိုင်ငံ နေရာမှာတော့ အမေရိကန်နိုင်ငံရှိနေပြီး စုစုပေါင်း ၅၆၃ ဦးထိအောင် ရှိနေတာပါ။ Berkshire Hathaway ရဲ့ ဥက္ကဋ္ဌဖြစ်သူ Warren Buffett ကတော့ ပိုင်ဆိုင်မှု ၈၁.၆ ဘီလျှံထိအောင် ရှိပြီး ဘီလ်ဂိတ်နဲ့ အပြိုင် လူသိများပါတယ်။
Ref: www.businessinsider.com