အမျိုးသားနေ့နဲ့ အမျိုးသားရေး ပြဿနာများဟာ တခုနဲ့တခု ခေါင်းနဲ့ပန်းလို အပြန်အလှန် ပတ်သက် ဆက်နွယ်မှု ရှိနေ တယ် ဆိုတာ သမိုင်းက သက်သေခံနေတယ်။
အမျိုးသားရေး ပြဿနာများကို ပြောတိုင်း အမျိုးသားစည်းလုံး ညီညွတ်ရေး ပြဿနာ ထိပ်ဆုံးက ပါလာတာတွေ့ရတယ်။ မပါလို့လည်း မဖြစ်ဘူး။
ဘာကြောင့်လဲဆိုတော့ အမျိုးသားရေး ပြဿနာအားလုံးဟာ အမျိုးသားစည်းလုံး ညီညွတ်ရေးပေါ်မှာ အခြေတည်နေလို့ပဲ။ အမျိုးသား စည်းလုံးညီညွတ်ရေး ပျက်တဲ့အခါ ကျန်နေတဲ့ အမျိုးသားစီးပွားရေး၊ အမျိုးသားပညာရေး၊ ကျန်းမာရေး စတဲ့ လုပ်ငန်းအားလုံးဟာ လုပ်သလောက် တိုးတက်မှု မရှိလို့ဘဲ။
အမျိုးသားစည်းလုံး ညီညွတ်ရေး ပြိုကွဲတာဟာ နိုင်ငံရေး ပြဿနာပဲ။ နိုင်ငံရေးအယူအဆ မတူညီတာက စတာပဲ။ သူ့အယူ အဆ မှန်တယ်၊ ငါ့ အယူအဆမှန်တယ်၊ အငြင်းပွားရာက နိုင်ငံရေးကွဲလွဲမှု ဖြစ်ပြီး စိတ်ဝမ်းတွေကွဲ ပါတီတွေကွဲ။
နိုင်ငံရေးကွဲပြားမှု အငြင်းပွားတာကို နိုင်ငံရေးအရ မကုစားဘဲ စစ်ရေးနဲ့ ဖြေရှင်းတော့ ပြည်တွင်းစစ် ဖြစ်တာပဲ။ ပြည်တွင်း စစ် ဖြစ်တော့ စစ်ပွဲဖြစ်တဲ့ ဒေသတွေကလူတွေ တိရစ္ဆာန်တွေ သေကြေ ဒဏ်ရာအနာတရဖြစ် အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံးကြရတယ်။
စစ်ပွဲတွေနဲ့ ဝေးတဲ့ အရပ်ဒေသက အခွန်ထမ်း ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ အကျိုးပြု လုပ်ငန်းတွေ အတွက် အသုံးပြရမယ့် အစား ပြည်သူတွေကို ပြန်သတ်မယ့် သေနတ်ဖိုး၊ ကျည်ဆန်ဖိုးတွေ မှာ အသုံးချနေ ကြတယ်။
အမျိုးသားစီးပွားရေးဟာပြည်တွင်းစစ် မဖြစ်ခင်နဲ့ ပြည်တွင်း အစဦးပိုင်းလောက်မှာ အာရှမှာ အချမ်းသာဆုံးလို့ မပြောနိုင် ပေမယ့် တော်တော်ချမ်းသာတဲ့ နိုင်ငံလို့ ပြောနိုင်တယ်။ မဆလခေတ် ပြည်တွင်းစစ် နှစ် ၃၀ လောက်မှာကမ္ဘာမှာဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) အဖြစ် ကျဆင်းသွားခဲ့တယ်။
ဒါဟာအမျိုးသားစီးပွားရေးကျဆင်းသွားလို့ ဖြစ်ရတာပဲ။ နိုင်ငံရေးအရလည်းစည်းလုံးညီညွတ်မှု ပြိုကွဲပြီးတစစီ ဖြစ်သွားခဲ့ရတာပဲ။
ဒီအဖြစ်တွေကို ကြိုတင်မြင်လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ဆရာတော် သံဃာတော်များ၊ မျိုးချစ် ပြည်ချစ် ပုဂိုလ် ကြီးများကပြည်တွင်းရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရာရကြောင်း ပြည်သူ့နည်း လူထုနည်း ဆောင်ရွက် ခဲ့ကြ တယ်။
ဒါပေမယ့် အချည်းအနှီးပဲ။
ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ် ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဆန္ဒ မပြည့်ရှာခဲ့ဘူး။ ဆရာကြီးသာသေသွားရောကနေ့အထိ ပြည်တွင်းစစ် ရပ်စဲရေးပြည်တွင်း ငြိမ်းချမ်းရေးကရောင်ခြည် ပြပြလေးတောင် မမြင်ရသေးဘူး။
ဆရာကြီးသေသွားပေမယ့် ဆရာကြီးရဲ့ တပည့် တပန်းတွေ၊ မျိုးချစ်စိတ် ရှိတဲ့ ခေါင်းဆောင်တွေ၊ ပြည်သူတွေ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းကိုဆက်လက် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး စကားပြောတဲ့ သူ ရန်သူန် အဖြစ် သတ်မှတ်၊ ဖမ်းဆီးထောင်ချခဲ့တာ သွားလေသူ အစိုးရတိုင်းရဲ့ အကျင့်စရိုက်နဲ့ လက်သုံး လက်နက်ပဲ။
အခု နိုင်ငံတော် အတိုင်ပင်ခံကအမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ၂၁ ရာစုပင်လုံ ညီလာခံဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိုးပမ်းနေတာတွေ့ရတယ်။ကနေ့အထိတော့ ငြိမ်းချမ်းရေးအရောင် ပြပြကလေးတောင် မတွေ့ရသေးဘူး။
တနေရာက ငြိမ်သွားလိုက်၊ တနေရာကထထောင်လိုက်၊ လူမျိုးရေး ဖြစ်လိုက်၊ ဘာသာရေး ဖြစ်လိုက်၊ စီးပွားရေးကြောင့် ဖြစ်လိုက်၊ နယ်မြေလုရာက ဖြစ်လိုက် အမျိုးမျိုးအဖုံဖုံနည်းမျိုးစုံနဲ့ ဖြစ်နေကြတယ်။
အဓိကခံနေရတာကကျေးလက်နေ ပြည်သူတွေ၊ အခွန်ထမ်း ပြည်သူတွေ၊ ဆင်းရဲသားနင်းပြားတွေ၊ လက်လုပ် လက်စား တွေ၊ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ။
သူတို့တွေဟာ ပြည်တွင်းစစ်ရဲ့ဒဏ်ကိုတိုက်ရိုက် ခံစားနေရသူတွေ ရှိသလို၊ သွယ်ဝိုက်ပြီးခံနေရသူတွေ ရှိတယ်။ တိုက်ရိုက် ခံရသူတွေရော သွယ်ဝိုက်ခံနေရသူတွေပါ စစ်ဒဏ်ပိပြီး တနေ့တခြား ဆင်းရဲတွင်းနက်လာတယ်။ အတိဒုက္ခ ရောက်လာ တယ်။
စစ်ကိုဖန်တီးတဲ့သူ၊ စစ်ကိုရေရှည်စွဲတဲ့သူ၊ စစ်ကိုကျယ်ပြန့် တိုးပွားအောင် လုပ်တဲ့သူတွေက တနေ့နခြား ကျိကျိတက် ချမ်းသာလာတယ်။ သူတို့ဟာစစ်နဲ့ အကျိုးစီးပွား ဖြစ်ထွန်းလာကြတယ်။ဒီတော့ လောဘရမက်ကြောင့် စစ်ကိုရေရှည် ထပ်စွဲချင် ကြတယ်။
ဒါကြောင့် နိုင်ငံတော် အတိုင်ပင်ခံရဲ့ ကြိုးပမ်းအားထုတ်မှုဟာအကျိုးသက်ရောက်မှု ဘယ်လောက် ရှိမလဲဆိုတာ စောင့် ကြည့် ရလိမ့်မယ်။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ သြဇာအာဏာဘယ်လောက် စူးရှ ထက်မြက်မလဲဆိုတဲ့ အဖြေလည်း တခါ တည်း တွေ့ရမှာ ဖြစ်တယ်။
စစ်ရဲစဲရေး ငြိမ်းချမ်းရေးကိစ္စကြီးဆိုတာအင်မတန် ကြီးကျယ် မွန်မြတ်တဲ့ ကိစ္စကြီး ဖြစ်တယ်။ ဒီကိစ္စကြီးလုပ်ဆောင်တဲ့ အခါမှာ ကာယကံရှင်တွေရဲ့ ဆန္ဒနဲ့ ပါဝင်လာမှုက အရေးကြီးဆုံး ဖြစ်တယ်။ ပြည်သူလူထုရဲ့ ပါဝင်လာမှုကို မဏ္ဍိုင်ထား အားပြုရလိမ့်မယ်။ ဒီလိုလုပ်တဲ့အခါမှာ မေတ္တာရပ်ခံတာ တခုတည်းနဲ့ မလုံလောက်ဘူး။ နိုင်ငံတော် ဆိုတဲ့ အရှိန်အဝါ သြဇာ အာဏာပါ အသုံးပြုရမယ်။
ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင် နိုင်ငံတော် အတိုင်ပင်ခံရဲ့ ကြိုးပမ်းအားထုတ်မှုဟာ သဲထဲရေသွန် ဖြစ်သွားနိုင်တယ်။ ဒီလို အချည်းအနှီး ဖြစ်သွားမှာကိုတော့ မလိုလားဘူး။ လုပ်နိုင်သလောက် အကျိုးသက်ရောက်မှု တစုံတရာတော့ ရှိစေချင်တယ်။
ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ သဘောထားကတော့ စစ်ပွဲတွေ ရပ်ဆိုင်းစေ့ချင်တယ်။ ငြိမ်းချမ်းရေးအမြန်ရစေချင်တယ်။
ဒါကြောင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နှစ်ပတ်လည် ပွဲတပွဲမှာစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရာရကြောင်းဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံကိုစာရေးသူကိုယ်တိုင် တိုက်တွန်းခဲ့ဖူးပါတယ်။
ငြိမ်းချမ်းရေးမရှိဘဲ ပြန်လည် ထူထောင်ရေးလုပ်လို့ မရဘူး။ ပြန်လည် ထူထောင်ရေးမလုပ်နိုင်ရင် ပြည်သူတွေ ဆင်းရဲတွင်း က လွတ်ကင်းနိုင်မှာမဟုတ်ဘူး။ ဖွံ့ဖြိုးမှု အနည်းဆုံး နွံတွင်းကလွတ်ကင်းအောင် ရုန်းထွက်နိုင်မှာမဟုတ် ဘူး။
နောက်ပြောချင်တာကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာပါပဲ။ နားလည်သလောက် ပြောရရင် အမျိုးသား ရင်ကြား စေ့ရေး ဆိုတာ စကားလုံးအရာမှာသာ ခြားနားတာပါ။ အနှစ်သာရကတော့ ညီညွတ်ရေးပါပဲ။ ညီညွတ်ရေးဆိုတာ အချုပ် ကတော့ အမျိုးသား စည်းလုံးညီညွတ်ရေးပါပဲ။
ဒီတော့ အမျိုးသားရင်ကြားစေ့ရေးပဲခေါ်ခေါ် အမျိုးသား စည်းလုံးညီညွတ်ရေးပဲခေါ်ခေါ် ညီညွတ်ရေးဟာအဓိကပါပဲ။ ညီညွတ်ရေးမရှိလို့၊ မညီညွတ်လို့ ပြဿနာတွေ ပေါ်နေတာ။ ပြီးတော့ခိုင်မာတဲ့ ညီညွတ်ရေးဆိုတာဟာလည်းအိပ်နေလို့ ရတာမဟုတ်ဘူး။ တိုက်ပွဲထဲကရတဲ့ ညီညွတ်ရေးမှ တကယ့် ညီညွတ်ရေးပါ။
အမျိုးသား ရင်ကြားစေ့ရေးဆိုရာမှာလည်း အာဏာရှိသူ လက်နက် ရှိသူ ငွေကြေးကုံလုံသူတွေနဲ့ချည်း ရင်ကြားစေ့လို့ မရဘူး။ အဲဒါ ဆိုရင် အပေါ်ယံရွှေမှုံကြဲ အထဲကနောက်ချေးခံတဲ့ ရင်ကြားစေ့ရေးမျိုးပဲ ဖြစ်သွားမယ်။ ပြည်သူလူထုနဲ့ ရင်ကြားစေ့နိုင်မှ စစ်မှန်တဲ့ ရင်ကြားစေ့ရေး ဖြစ်မှာ။
အမှန်အတိုင်းသေသေချာချာလေ့လာပြီးရင်ကြားစေ့ရေးလုပ်မယ် ဆိုရင် ဖက်ဆစ် တော်လှန်ရေးပြီးစ ပြည်တွင်းစစ် မစခင် က နိုင်ငံရေးသဘောထားကွဲခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီအပါအဝင် နိုင်ငံရေးပါတီအဖွဲ့အစည်းများ လူမျိုးစု အဖွဲ့ အစည်း များ၊ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ရင်ကြားစေ့ရမှာပါ။
လက်ရှိ ဖြစ်နေတဲ့ ရင်ကြားစေ့ရေးကအစိုးရလက်အောက်ခံလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တဲ့ တပ်မတော်နဲ့ အစိုးရ၊ အစိုးရနဲ့ လက်နက်ကိုင် အင်အားစု၊ လက်နက်ကိုင် အင်အားစုနဲ့ တပ်မတော်တို့ရဲ့ ရင်ကြားစေ့ရေးပဲ ဖြစ်နေတယ်။
အထူးသဖြင့် အစိုးရနဲ့ တပ်မတော်ကြားသာ ရင်ကြားစေ့ရေးပဲ ဖြစ်နေတယ်လို့ ပြည်သူတွေထဲက လေ့လာသူတွေ ပြောဆိုနေသံတွေ ကြားရတယ်။ ဟုတ်သင့်သလောက် ဟုတ်မယ်လို့ ယူဆရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာဏာရအဖွဲ့ အစည်းနဲ့ တပ်မတော် အထက်လွှာဟာနဂိုကတည်းကသဟဇာတမဖြစ်ခဲ့ဘူးကိုး။
ဒါကိုအခုမှ တပ်ထိပ်ပိုင်းအလွှာနဲ့ သဟဇာတ ဖြစ်အောင် လိုက်ပြီးဖြေလျှော့နေရတော့ ပြည်သူလူထုရဲ့ သုံးသပ်ချက် ဟာမှန်နေတယ် ဆိုတာတွေ့ရတယ်။
တကယ့် ရင်ကြားစေ့ရေးဆိုတာကတရားဝင် အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူမျိုးစုအဖွဲ့အစည်းတွေဟာ ပြည်သူတွေ အပေါ် အခြေခံတဲ့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားပေါ်မဏ္ဍိုင်ပြုတဲ့ရင်ကြားစေ့ရေးမျိုးသာ ဖြစ်သင့်ပါတယ်။
ဒါမှ တကယ့် အမျိုးသားစည်းလုံးညီညွတ်ရေးကိုတည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။
ပြီးခဲ့တဲ့ အတိတ် သမိုင်းကို ပြန်ပြောင်းစောင်းငဲ့ကြည့်လိုက်တဲ့ အခါ အမျိုးသားနေ့ ရယ်လို့ ဖြစ်ပေါ်လာတာဟာရန်ကုန် ယူနီဗာစီတီကောလိပ်နဲ့ ယုဒသန် ကောလိပ် ကျောင်းသားတွေ ရန်ကုန် တက္ကသိုလ် ဥပဒေကိုသပိတ်မှောက်ရာက ဖြစ် လာတာလို့ ဆိုရမှာပဲ။
ကောလိပ်ကျောင်း ၂ ကျောင်းသပိတ်မှောက်တာက၁၉၂၀ သြဂုတ် ၂၈ ရက်နေ့မှာပညာမင်းကြီးမတ်ဟန်းတား က ရန်ကုန် တက္ကသိုလ် ဥပဒေကို တင်သွင်းပြီး ဥပဒေကောင်စီ အတည်ပြုခဲ့တယ်။ စက်တင်ဘာ ၂၆ ရက်မှာ ဘုရင်ခံက သဘောတူပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ ဘုရင်ခံချုပ်က သဘောတူခဲ့တယ်။
ဒါကြောင့် ရန်ကုန်တက္ကသိုလ် ဥပဒေကို ပြည်သူလူထု တရပ်လုံး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ မှ အစ ဆွမ်းလောင်း အဖွဲ့ အထိ ကန့်ကွက်ခဲ့တယ်။ သတင်းစာတွေ၊ ကျောင်းသားတွေ၊ ပညာရှင်တွေက အစ ကန့်ကွက်နေတဲ့ ကြားက ၁၉၂၀ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဥပဒေ အတည်ပြုခဲ့တယ်။
ရန်ကုန် ယူနီဗာစီတီ ကောလိပ်၊ ယုဒသန် ကောလိပ် ၂ ကျောင်းပေါင်း ကျောင်းသား ခေါင်းဆောင် ၁၁ ဦး တိုင်ပင်ပြီး ရန်ကုန် တက္ကသိုလ် ဥပဒေကို သပိတ်မှောက်ကြရန် ဆုံးဖြတ်ခဲ့တာပါ။ ဒီဇင်ဘာ ၅ ရက်မှာ တက္ကသိုလ် ဥပဒေကို ၂ ကျောင်း ပေါင်း ကျောင်းသားတွေ သပိတ်မှောက်ခဲ့ကြတယ်။
တကယ်တမ်း ပြောရင် တက္ကသိုလ် ဥပဒေကို သပိတ်မှောက်တာထက် ကောလိပ် ၂ ကျောင်းက သပိတ်မှောက် ကျောင်းသားကြီးတွေ ရဲ့ တောင်းဆိုချက်က ပိုအရေးပါတယ်လို့ ဆိုနိုင်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သပိတ်မှောက်တာဟာ ရန်ကု်န တက္ကသိုလ် ဥပဒေကို ကန့်ကွက်တာသာ ဖြစ်ပြီး သပိတ်မှောက် ပြီးတဲ့နောက် ၁၉၂၀ ခုနှစ် ဇန်နဝါရီ ၅ ရက် ဗဟန်းကျောင်းတိုက် ဝင်းထဲမှာ ကျင်းပတဲ့ ပထမအကြိမ် သပိတ်မှောက် ကျောင်းသားများ ကွန်ဖရင့်မှာ တောင်းဆိုချက် ၁၅ ချက် တောင်းခဲ့တယ်။
အဲဒီ တောင်းဆိုချက် ၁၅ ချက်ထဲမှာ အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ အရေးကြီး တောင်းဆိုချက်တွေကတော့ –
၁။ အစိုးရနဲ့ အစိုးရ အထောက်ပံ့ခံ ကျောင်းတွေက ကျောင်းသားများ လုံးဝ သပိတ်မှောက်ရန်။
၂။ ဥရောပနဲ့ အင်္ဂလိပ် မြန်မာ ၂ ဘာသာသင် ကျောင်း ဥပဒေများ လုံးဝ ဖျက်ပစ်ရန်။
၃။ စာသင်ခန်းများ အတွင်း မည်သည့် မြန်မာ ဖိနပ်မျိုး မဆို စီးခွင့်ပြုရန်။
၄။ ကျောင်း ပရဝဏ်အတွင်း မည်သည့် သတင်းစာမျိုးမဆို ဖတ်ကြရန် တို့ ဖြစ်ပါတယ်။
အစိုးရနဲ့ အစိုးရ အထောက်အပံ့ခံ ကျောင်းတွေဟာ အစိုးရက သင်ခိုင်းတဲ့အတိုင်း ပင်ပန်း ဆင်းရဲစွာ သင်ရတယ်။ လုံးဝ လွတ်လပ်ခွင့် မရှိဘူး။
ဥရောပ နဲ့ အင်္ဂလိပ် မြန်မာ ၂ ဘာသာ ကျောင်းတွေရဲ့ ဥပဒေတွေဟာ အခွင့်ထူးခံ ဥပဒေဖြစ်ပြီး လူမျိုး အသားအရောင် ခွဲခြား ဆက်ဆံတဲ့ ဥပဒေဖြစ်တယ်။ စာသင်ခန်းအတွင်း ရှုးဖိနပ်မှ လွဲပြီး တခြားဖိနပ် စီးခွင့်မပြုလို့ ကန့်သတ်ထားပါတယ်။ ကျောင်းပရဝဏ်အတွင်း သူရိယ၊ မြန်မာ့အလင်း စတဲ့ တိုးတက်တဲ့ မြန်မာ သတင်းစာတွေကို မဖတ်ရလို့ တားမြစ်ထား တယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ ရန်ကုန် တက္ကသိုလ် ဥပဒေနဲ့ ပတ်သက် ယှက်နွယ်တဲ့ အချက်တွေ မဟုတ်ဘူး။ ဒီအချက်တွေဟာ နယ်ချဲ့ အစိုးရက ပညာရေးမှာ ခွဲခြား ဆက်ဆံတာ၊ လူမျိုးရေး ခွဲခြားဆက်ဆံတာ၊ အသားအရောင် ခွဲခြားတာ၊ ဗမာ ကျောင်းသားတွေကို နှိမ်ချ ဆက်ဆံတာ ဖြစ်လို့ ကွန်ဖရင့်က တောင်းဆိုတာ ဖြစ်တယ်။ ဒါဟာ အမျိုးသား ရေး ကိစ္စ ဖြစ်တယ်။
မန္တလေး သပိတ်မှောက် ကျောင်းသားတို့က စီတန်း လှည့်လည် ဆန္ဒပြရာမှာ တိုင်ကြတဲ့ ကြွေးကြော်သံတွေထဲက ပညာရေး တောင်းဆိုချက်တွေ အပြင် အမျိုးသားရေး တောင်းဆိုချက်တွေကို တင်ပြလိုက်ပါတယ်။
အဲဒါတွေကတော့ –
အမျိုးသားတို့ ကြီးပွားရန် နည်းလမ်းမှန်စွာ လုပ်တဲ့ ကျောင်းသား။
ပြည်သူအကျိုးမို့ နွှဲကြပါ ကျောင်းသားတွေမှာ ချွေးတလုံးလုံး။
ဆင်းရဲသားသမီး မနေရန် အခြေမဟန် တည်တဲ့ ကျောင်းကြီး။
ပညာဝန်ကြီး သဘောလာ အလုပ်လုပ်တာ သေခါနီးမှ။
ပညာပိုင်းက လုပ်လိုက်တာ တို့တတွေမှာ နွားဖြစ်တာပဲ။
အများအတွက် အနာခံ တယောက်မကျန် ညီတဲ့ ကျောင်းသား။
ကျောင်းသားအပေါင်း မခံနိုင် အကြံပိုင်စွာ သပိတ်မှောက်ရ။
တိုင်းပြည်ကောင်းအောင် အကျိုးဆောင် ရာဇဝင် ပြောင်တဲ့ ရွှေကျောင်းသားများ။
ပညာကောင်းကောင်း ပေးမှသာ ညီညီညာညာ ကျောင်းတက်ကြစို့။
ဆိုတာတွေပဲ ဖြစ်ပါတယ်။
အဲဒီ မန္တလေး ကျောင်းသား သပိတ်ရဲ့ ကြွေးကြော်သံတွေထဲမှာ ပညာရေး တောင်းဆိုချက်တွေထက် အမျိုးသားရေး တောင်းဆိုချက်တွေ ကဲနေတယ် ဆိုတာ တွေ့ရပါတယ်။
ကျောင်းသားတွေဟာ စပြီး သပိတ်မှောက်တာက တက္ကသိုလ် ဥပဒေကို ကန့်ကွက်တာပဲ။ တောင်းဆိုချက်တွေက အမျိုးသား ပညာရေး တောင်းဆိုချက်တွေ၊ အမျိုးသားရေး တောင်းဆိုချက်တွေ ဖြစ်လာတယ် ဆိုတာ တွေ့ရတယ်။
ဒါကြောင့် ကျောင်းသား သပိတ်ဟာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ တမျိုးသားလုံး ပါဝင်တဲ့ တနိုင်ငံလုံး ပါဝင်တဲ့ သပိတ်ကြီး ဖြစ်လာတယ်။ တတိုင်းတပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ဆိုသလို ကျေးရွာ ဇနပုတ်ကအစ မူလတန်း ကျောင်းတွေက အစ ပါဝင်တဲ့ အမျိုးသား သပိတ်ကြီး ဖြစ်တယ်။
အဲဒီအမျိုးသား ပညာရေး တောင်းဆိုချက်တွေ၊ အမျိုးသားရေး တောင်းဆိုချက်တွေက တဆင့် အမျိုးသား ပညာရေး လမ်း ကို ခင်းနိုင်ခဲ့တယ်။ အမျိုးသား ပညာရေး ကောင်စီကို ဖွဲ့လိုက်နိုင်တယ်။ အမျိုးသားကျောင်းတွေနဲ့ အမျိုးသား ကောလိပ် တို့ကို တည်ထောင်နိုင်ခဲ့တယ်။
တပြည်လုံးမှာ မှိုပေါက် သလို ပေါ်ပေါက်လာတဲ့ အမျိုးသား ကျောင်းတွေဟာ ကျောင်းသား လူငယ်တွေကို မျိုးချစ် စိတ်၊ နိုင်ငံ ချစ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်တွေကို ပြုစု ပျိုးထောင်ပြီး ရှင်သန် ကြီးထွားအောင် ရေလောင်း ပေါင်းသင် လုပ်ပေးခဲ့ကြတာပါ။
အနာဂတ် မျိုးဆက်သစ် မျိုးချစ်ခေါင်းဆောင် လောင်းများကို မွေးထုတ် ပေးနိုင်ခဲ့တယ်။
ဗိုလ်ချုပ် အောင်ဆန်း၊ သခင် သန်းထွန်း၊ ဗိုလ် လကျ်ာ၊ သခင် ဗဟိန်း၊ ကိုဘဆွေ တို့လို ခေါင်းဆောင်တွေ မွေးထုတ် ပေးနိုင်ခဲ့တယ်။ ဒါကြောင့် လွတ်လပ်ရေး ကြိုးပမ်းရာမှာ ပေါ်ထွက်လာခဲ့တဲ့ ခေါင်းဆောင်တွေဟာ အမျိုးသားနေ့ အမျိုးသား ကျောင်းတွေရဲ့ ကျေးဇူးလို့ ဆိုရင် မမှားပေဘူးပေါ့။
အမျိုးသားကျောင်းတွေက ကျောင်းသားတွေက အမျိုးသားရေး စိတ်ဓာတ် ကိန်းဝပ်လာအောင် ဆောင်ကျဉ်းပေးလို့ တတိုင်းပြည်လုံး နိုးကြား တက်ကြွလာခဲ့တယ်။
ဆရာစံ လယ်သမား သူပုန်တို့၊ တို့ဗမာ အစည်းအရုံး၊ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၊ တတိယ ကျောင်းသား သပိတ် နဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စတာတွေ အစီအရီ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့တယ်။
အဲဒီနောက် နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ် တော်လှန်ရေး၊ လွတ်လပ်ရေး အထိ သယ်ပိုး ထမ်းဆောင် လာတာဟာ ၁၉၂၀ ကျောင်းသား သပိတ်ကြီးက နိဒါန်းပျိုး ထမ်းပိုး ခေါက်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ၁၉၂၀ ပြည့်နှစ် အမျိုးသား စည်းလုံး ညီညွတ်ရေးရဲ့ ရလဒ်ပါပဲ။
ဗမာပြည်မှာ အမျိုးသား စည်းလုံး ညီညွတ်ရေး ရခဲ့တာ၁၉၁၉ ခုနှစ် ဖေ၊ ပု၊ ရှိန် ကိုယ်စားလှယ် အဖွဲ့ အင်္ဂလန် သွားပြီး အုပ်ချုပ်ရေး တောင်းစဉ်က တကြိမ်၊ ၁၉၂၀ ကျောင်းသား သပိတ်မှာ တကြိမ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ တကြိမ်၊ ဖက်ဆစ်ကို တော်လှန်စဉ်က တကြိမ် စုစုပေါင်း ၄ ကြိမ် စည်းလုံး ညီညွတ်ခဲ့ပါတယ်။
အဲဒီလို စည်းလုံးညီညွတ်မှု ရခဲ့တာ အားလုံးဟာ တိုက်ပွဲထဲမှာ တိုက်ရင်း ခိုက်ရင်း ရခဲ့တာ ဖြစ်တယ်။ လွယ်လွယ် ကူကူ ရခဲ့တာ မဟုတ်ဘူး။ အခက်အခဲ အကြပ်အတည်း မျိုးစုံကို ကျော်ဖြတ်ပြီးမှ ရခဲ့တဲ့ ညီညွတ်ရေး ဖြစ်တယ်။
ရခဲ့တဲ့ ညီညွတ်ရေး တိုင်းဟာ ရလဒ်ကျောင်းတွေ ရခဲ့တာ ရှိသလို ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာတွေလည်း ရှိတယ်။
ဖေ၊ ပု၊ ရှိန် တို့ အုပ်ချုပ်ရေး တိုးတောင်းစဉ်က ရခဲ့တဲ့ ညီညွတ်ရေးဟာ ၁၉၂၃ ဒိုင်အာခီ အုပ်ချုပ်ရေး ရတဲ့အခါ ဂျီစီဘီအေ ကြီး ဗျမ်းဗျမ်း ကွဲသွားခဲ့တယ်။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ ညီညွတ်ခဲ့တဲ့ အင်အားကို အသေအချာ အသုံးမချနိုင်ခဲ့တဲ့ အတွက် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ပြိုပျက် ခဲ့ရတယ်။
ဖက်ဆစ်ဂျပန် တော်လှန်းရေး ကာလအတွင်း ရရှိခဲ့တဲ့ ညီညွတ်ရေးဟာ ဖက်ဆစ် ဂျပန်ကို တော်လှန် အောင်မြင်ရုံသာ မက လွတ်လပ်ရေး လမ်းစကိုပါ ညွှန်ပြပေးခဲ့တယ်။
၁၉၄၆ – ၄၈ လွတ်လပ်ရေး တောင်းဆို တိုက်ပွဲဝင်စဉ်က ဖက်ဆစ်တော်လှန်ရေး အတွင်း ရခဲ့တဲ့ စည်းလုံး ညီညွတ်မှု ပြိုကွဲ ခဲ့ရတယ်။ အဆိုးတက အဆိုးဆုံးက ပြည်တွင်းစစ်မီး စတင် လောင်ကြွမ်း ခဲ့တာပဲ။
၁၉၂၀ ပြည့်နှစ် ပထမ ကျောင်းသား သပိတ်ဟာ အမျိုးသား ပညာရေး စနစ် နဲ့ အမျိုးသား ပညာရေး ကျောင်းတွေ တည်ထောင် ပေးနိုင်တဲ့ အပြင် ကျောင်းသားတွေကို အမျိုးသားရေး စိတ်ဓာတ် အခိုင်အမာ ချပေးခဲ့နိုင်လို့ မျိုးချစ် ခေါင်းဆောင် အများအပြား ပေါ်ထွက်လာခဲ့ပြီး လွတ်လပ်ရေးကို အရ ယူပေးနိုင်တဲ့ အထိ တက်လှမ်း နိုင်ခဲ့တယ်။
ဒါကြောင်း ပထမ ကျောင်းသား သပိတ် ဖြစ်ခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့ ရယ်လို့ ဂုဏ်ပြု တဲ့ အနေနဲ့ နှစ်စဉ် နှစ်တိုင်း ကျင်းပခဲ့တာ နှစ်ပေါင်း ၁၀၀ တိုင်ပါတော့မယ်။
အဲဒါဟာ ၁၉၂၀ သပိတ်ကြောင့် အမျိုးသားနေ့၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသား ညီညွတ်ရေးတွေ ပေးစွမ်း နိုင်ခဲ့ တယ်။ အဲဒီ အမျိုးသားရေး စိတ်ဓာတ်ကြောင့် လွတ်လပ်ရေး ရသည်အထိ ဦးတည် တိုက်ပွဲ ဝင်နိုင်ခဲ့တဲ့ ရှည်လျားတဲ့ သမိုင်း ကြောင်းကို ဖြစ်ပေါ် တည်ရှိစေခဲ့တယ်။
ဒီကနေ့ ကျရောက်တဲ့ အမျိုးသားနေ့ကို ရည်စူး ဦးတည်ပြီး ကိုယ်ကျိုးစီးပွားတွေ၊ အာဃာတတွေ၊ မာန်မာနတွေ ခဝါချပြီး ရပိုင်ခွင့်တွေ ရပ်ဆိုင်း ခံထားရတဲ့ အလုပ်သမားတွေ၊ လယ်သိမ်း ယာသိမ်း ခံထားရတဲ့ လယ်သမားတွေ၊ သမဂ္ဂ ဖျက်သိမ်း ခံနေရတဲ့ ကျောင်းသားတွေ အပါအဝင် ပြည်သူလူထု တရပ်လုံးနဲ့ပါ အမျိုးသား ရင်ကြား စေ့နိုင်ကြပါစေလို့….။ ။
စာရေးသူ လှကွန့်သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသော စာနယ်ဇင်း မီဒီယာများတွင် သမိုင်း ဆိုင်ရာများ နှင့် နိုင်ငံရေး ဆိုင်ရာ စာပေများကို ရေးသားနေသူလည်း ဖြစ်ပါသည်။
နိုဝင်ဘာလ ၁၃ ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) တွင် ကျရောက်သည့် ၉၇ နှစ် မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ဤဆောင်းပါးကို ဖော်ပြပါသည်။